ဘယ်အငြိုးနဲ့ ပြိုတာလေလဲ မိုးရဲ့

ဘယ်အငြိုးနဲ့ ပြိုတာလေလဲ မိုးရဲ့
Published 9 August 2018

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် သြဂုတ် ၂ ရက် ညနေပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-နေမျိုးဝင်း)

(၁)

သိပ္ပံပညာသမား တစ်ယောက်အဖို့ ယခုကဲ့သို့ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေခြင်းမှာ သဘာ၀ ရာသီဥတုဆိုင်ရာ လေဖိအားနည်းရပ်ဝန်းမှတစ်ဆင့် ဖြစ်ပေါ်လာသော မုန်တိုင်းများကြောင့် ဖြစ်သည်ဟု ဆိုသည်။ သို့သော် စာရေးသူ အပါအဝင် ကဗျာစာပေ အနုပညာသမား အများစုအဖို့မူ ယင်းသို့ မိုးသည်းထန်စွာ ရွာသွန်းမှုမှာ အငြိုးအတေး တစ်ခုခုကြောင့် ဖြစ်သည်ဟု ခံယူကာ ယင်းအချက်ကိုပင် ကဗျာအဖြစ် တင်စားရေးဖွဲ့တတ်ကြသည်။ အထူးသဖြင့် သြဂုတ် ၂ ရက်က တစ်နေကုန် ရွာခဲ့သောမိုးကြောင့် ရန်ကုန်ရှိ သမိုင်း၊ ကြို့ကုန်း၊ အင်းစိန်အရပ်ဒေသတို့တွင် ရေကြီးရေလျှံကာ လမ်းပေါ်၌ ယာဉ်အသွားအလာ ပိတ်ဆို့နှောင့်နှေးစေခဲ့သည်။

ထိုမျှသာမက စာရေးသူ၏ မိတ်ဆွေအချို့ နေထိုင်သော ရွှေပြည်သာ၊ အင်းစိန်နှင့် ကြို့ကုန်းအရှေ့ရပ်ကွက်တွင် နေအိမ်အတွင်းသို့ ရေများ နှစ်ပေခန့်အမြင့်အထိပင် ဝင်ရောက်သည် ဆိုသည်။ ရန်ကုန်မြို့ကြီးတွင် ယင်းသို့ မိုးများ ရေလွှမ်းသည့် ဖြစ်စဉ်မျိုးကို မကြုံတွေ့ရသည်မှာ ဆယ်စုနှစ်များပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သြဂုတ် ၂ ရက်၏ အဖြစ်အပျက်သည်ပင် စာရေးသူအား ကုန်လွန်ခဲ့သော ဆယ်စုနှစ်များ၏ နေ့တစ်နေ့ဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။ ထိုစဉ်ကာလက ယခုကဲ့သို့ပင် ရွှေမြို့တော်ကြီး ရန်ကုန်တွင် အဆက်မပြတ် မိုးရေသွန်ချလျက် ရှိနေခဲ့သော ဖြစ်စဉ်အရ ငယ်ရွယ်သေးသူ ဖြစ်သည့် စာရေးသူက ရင်ထဲမှ ကဗျာတစ်ပုဒ် ပွင့်အန်ထွက်လာခဲ့သည်။ “ရန်ကုန်မိုးနဲ့ အငြိုးပြိုင်” ကဗျာတွင် ကောင်းကင်မှ လျှပ်ခက်လျှပ်နွယ်တို့ အပြိုင်လင်းလက်နေသည့်ကြား ကြောက်မက်ဖွယ် ကောင်းသည့် တဝုန်းဝုန်း တဒိုင်းဒိုင်း အသံများဖြင့် မိုးရေဒလဟော သွန်ချပုံကို ရေးဖွဲ့ထားသည်။ မိုးသားတိမ်တိုက် မှောင်မှောင်မည်းမည်းအား ထွင်းဖောက်၍ ရိုက်မောင်းမြည်ဟည်းလိုက်သော မိုးကြိုးသံနှင့် တစ်ပါတည်း ဝင်းခနဲလက်ကာ မြေကြီးနှင့် ဆက်လိုက်သော လျှပ်စီး စသည်တို့ကို နိမိတ်ပုံ အမျိုးမျိုးသုံး၍ ဖွဲ့ဆိုထားသည်။ ယင်းမှ ဖြစ်ပေါ်လာသော ရူပါရုံ၊ သဒ္ဒါရုံများ ထွေးယှက်နေခြင်းသည် ထိုမိုးဦးလေဦး၏ ထင်ရှားသည့် လက္ခဏာများပင် ဖြစ်သည်။

ကဗျာဆရာတို့ တွေ့ထိခံစား၊ တွေးတော ဆင်ခြင်မိသည့် ဝမ်းသာဝမ်းနည်းမှု၊ သနားကြင်နာမှု၊ အားနာမှု၊ အားမရမှုတို့အနက် ရင်တွင်းဝေဒနာ ခံစားရမှုတစ်ရပ်ကို ဤကဗျာတွင် ရေးဖွဲ့ထားသည်။ လူငယ်တို့ဘာ၀ ချစ်ဦးသူနှင့်အတူ သစ်ပင်၏ ပင်ခြေရင်း၌ ထွင်းခုတ်ခဲ့သည့် နှစ်ဦးသား၏ အသည်းပုံသဏ္ဌာန်အား အငြိုးထားပြီး လျှပ်စီး ပစ်ခတ်သောကြောင့် ပျက်စီးသွားသည်။ ယင်းအချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ချစ်သူ၏ တင်းမာခက်ထန်သော မျက်နှာပုံရိပ်ကို ဖျတ်ခနဲ မြင်ယောင်သည်။ ချစ်သူသည် ဘယ်အငြိုးရယ်ကြောင့် ငြူစူကာ အလိုမကျ ဖြစ်နေပါလိမ့်။ မိုးက မညှာမတာ နှိပ်စက်ကလူစဉ် ချစ်သူသည် ဘယ်အငြိုးရယ်ကြောင့် စိတ်တော်ကွက်ကာ အဝေးသို့ ရှောင်ပြေး ထွက်ခွာသွားပါလိမ့်။ သေချာသည်ကတော့ ရန်ကုန်မိုးသည် အငြိုးတကြီးရေကို ဒလဟောသွန်ချကာ မရပ်မနား နှိပ်စက်ကလူ ပြုသကဲ့သို့ ချစ်ရသူသည်လည်း ရန်ကုန်မိုးနှင့်အပြိုင် အငြိုးအတေးထားခြင်းကြောင့် ဝဋ်ကြွေးတုံ့တင် ဖြေမပြေသည့်ဘဝ၌ ကဗျာဆရာက အဝေးတစ်နေရာသို့ လွင့်ကာသွားရပေဦးမည်။

(၂)

ကာတွန်း တစ်ပုဒ်အကြောင်း ကြားဖြတ်ပြောရန် ရှိသေးသည်။ မိုးသည်းထန်သဖြင့် အိမ်ခေါင်မိုးအထိ မြုပ်လုမြုပ်ဆဲ ရေကြီးရေလျှံခြင်းကို သရုပ်ဖော်သည့် ကာတွန်းဖြစ်သည်။ အိမ်ခေါင်ပေါ်၌ ခွေးနှစ်ကောင်က မှိုင်တွေသည့် မျက်နှာထားများဖြင့် ရှိနေရာမှ မကျေချမ်းသော မျက်နှာပေးများဖြင့် အချင်းချင်း အပြန်အလှန် စကားပြောသည်။

ပထမခွေး ~ တောက်.. သစ်ပင်ခုတ်တဲ့ကောင်တွေ နောင်ဘ၀ ခွေးဖြစ်ပါစေဗျာ။

ဒုတိယခွေး ~ ဟေ့ကောင် စကားပြောရင် ကြည့်ပြော။ အဲဒီကောင်တွေ ငါတို့ဆီ ရောက်လာရင် မင်းတာဝန်နော်။

ရေကြီးရေလျှံ ဖြစ်ပေါ်ရခြင်းအကြောင်းမှာ အဓိကအားဖြင့် သစ်ပင်တောတောင်များအား တရားမဝင် ခုတ်ထွင် ခိုးထုတ်ခြင်းကြောင့် ဖြစ်သည်ဟု လူတိုင်းသိသည်။ အငြင်းပွားရမည့် ကိစ္စမဟုတ်မှန်းလည်း လူတိုင်း လက်ခံထားသည်။ သစ်ပင်များ ပြောင်သလင်းခါအောင် အဆမတန် ခုတ်ပစ်ခြင်း၏ အကျိုးဆက်အဖြစ် မြေဆီမြေလွှာ တိုက်စားကုန်ခန်းခြင်း၊ နုန်းပို့ချသဖြင့် မြစ်ချောင်းများ ပိုမိုတိမ်ကောလာခြင်း စသည်တို့ ဖြစ်ပေါ်လာစေသည်။

နိုင်ငံတစ်နိုင်ငံရှိ သယံဇာတ တစ်ခုဖြစ် သော သစ်တောကို ခိုးထုတ်ယူငင်၍ ဖြစ်စေ၊ တရားမဝင် နည်းလမ်းဖြင့် ဖြစ်စေ၊ လုပ်ပိုင်ခွင့် အသုံးပြု၍ ဖြစ်စေ၊ ပြည်သူ အများပိုင်ဆိုင်သော သယံဇာတပစ္စည်း မှန်သမျှအား ယူငင်ခြင်းမှာ ခိုးယူခြင်းသာ ဖြစ်ရာ အလေအလွင့် မဖြစ်စေရန် ထိန်းသိမ်းကာကွယ်ရမည့် တာဝန် လူတိုင်းတွင် ရှိသည်။ သို့ဖြစ်၍လည်း ယင်းသို့သော ခိုးဆိုးလုယက်သူများ ခွေးတို့၏ လောကထဲသု့ိ ရောက်ရှိလာမည်ကိုပင် ခွေးတို့ က မလိုလားဘဲ စိုးရိမ်နေကြကြောင်းကို ကာတွန်းတွင် ထိထိမိမိ ဖော်ကျူးထားခြင်း ဖြစ်သည်။

(၃)

မိုးလည်း မိုးမို့၊ ဆောင်းလည်း ဆောင်းမို့၊ နွေလည်း နွေမို့ တစ်မျိုးတစ်ဘာသာစီ လူတို့အပေါ် ကောင်းကျိုးရော ဆိုးကျိုးပါ သက်ရောက ်မှု အတိုင်းအတာ တစ်ခုစီအထိတော့ ရှိသည်ချည်း။ ကမ္ဘာတစ်ဝန်းလုံးနီးပါး ဥတုရာသီတို့ ယခင်ကလို မဟုတ်၊ ပုံမှန် လည်ပတ်ခြင်း မရှိ။ ထူးကဲကာ အစွန်းရောက် ဖောက်ပြန်သမှု ပြုသည်။ မြန်မာနိုင်ငံတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ပြည်နယ်နှင့် တိုင်းများ၌ ရေကြီးရေလျှံကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမှအစ ပြည်သူများ ဒုက္ခအတိ ရောက်ကုန်ကြသည်။ မိုးကြီး၍ ရေလွှမ်းရေမြုပ်မှုကို မဆိုထားနှင့်၊ ယင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သော နွေအခါမျိုးတွင်မူ မိုးရွာရန် မပြောနှင့် မိုးခေါင်ရေရှား အရပ်ဒေသ အတော်များများတွင် သောက်ရေသုံးရေ ပြတ်လပ်မှုဒဏ်၊ အပူရှိန်မြင့်မားမှုဒဏ်ကို ခံစားရပြီး ကြာမြင့်သောအခါ သိပ္ပံနည်းပညာအရ “လူလုပ်မိုး” ကို ပြုလုပ် ဖန်တီးလာကြသည်။ အဆိုပါ နည်းပညာရပ်တွင် ဓာတု အစိုင်အခဲ တစ်ခုဖြစ်သည့် ဆီးလ်ဗားအိုင်အိုဒိုက် (Silver Iodide) ကို ဒုံးကျည်ပေါ် တင်ဆောင်၍ မိုးတိမ်တိုက် တစ်ခုအတွင်းသို့ ပစ်ခတ်ခြင်းဖြင့် မိုးကို ဖြစ်ပေါ် ရွာချစေသည်။ တစ်ခါတစ်ရံ ပိုတက်စီယမ်အိုင်အိုဒိုက် (Potassium Iodide) ကို အသုံးပြုသည်လည်း ရှိသည်။ ပရိုပိန်းအရည်ကိုလည်း သုံး၍ တိမ်တိုက်ထဲသို့ ပစ်ခတ်ခြင်းဖြင့် မိုးရွာချစေသည်။

တရုတ်နိုင်ငံ၌ အကြီးမားဆုံး ဖြစ်သည့် လူလုပ်မိုး စနစ်တစ်ရပ်အား ကျယ်ပြန့်စွာ အသုံးပြုနေကြသည် ဆိုသည်။ မိုးခေါင်ဒေသ အများအပြားအတွက် မိုးပိုမို ရရှိရန် စွမ်းဆောင်ကြသည်။ နယ်မြေတစ်ခုအတွက် မိုးရရန် စွမ်းဆောင်ပေးလိုက်ပါက ထိစပ်နယ်မြေမှ နယ်မြေသားများက မကျေနပ်ကြ၊ သူတို့၏ မိုးကို ခိုးယူသည်ဟု စွပ်စွဲသည်။ တစ်ခါတစ်ရံတော့လည်း လောဘသား၊ ကိုယ်ကျိုးဖက်သမားဖြစ်သော လူတို့၏ သဘောသည် နားလည်ရ လွယ်မယောင်နှင့် ခက်ခဲလှပါဘိ။ ရယ်ဖွယ်ပင် ကောင်းနေသေးတော့သည်။

လူတွင်သာမဟုတ် လူတို့၏ မရပ်မနား စူးစမ်းရှာဖွေမှုများ၏ ရလဒ်သည် တစ်ခါတစ်ရံတွင် လူသားအား အကျိုးပြုသည့်အခါ ပြုလိုက်၊ အကျိုးမပြုနိုင်သည့် အခါမျိုးလည်း ရှိလိုက်နှင့် ဖြစ်နေတတ်သည်။ ယခုလည်း ကြည့်။ မုတ်သုံလေ ပုံမှန် အားကောင်းလျက် ရှိနေရာမှ ပိုမိုအားကောင်းလာကာ မြန်မာနိုင်ငံအတွင်း မွန်၊ ကရင်၊ ဧရာဝတီ၊ တနင်္သာရီ ဒေသတို့တွင် မိုးရွာသွန်းမှု ပိုများလာခြင်းကြောင့် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်လုရောက်ခင် ဖြစ်ပြီး တောင်ကျရေ ကျဆင်းမှုကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်သာမက ဘားအံမြို့နယ်တွင်လည်း ကယ်ဆယ်ရေးစခန်း အသီးသီး၌ ရေဘေးသင့်ပြည်သူ တစ်သောင်းကျော် ခိုလှုံနေရသည် ဆိုသည်။ အခြားအခြားသော ပြည်နယ်၊ တိုင်းရှိ မြို့နယ်အချို့တွင်လည်း ရေဘေးသင့်သည့် ပြည်သူများစွာအတွက် အကူအညီများ အလျင်အမြန် လိုအပ်နေသည်ဟု ဆိုသည်။

ပြောချင်သည်မှာ တရုတ်နိုင်ငံကဲ့သို့ သော နေရာအနှံ့အပြား၌ နွေအခါ မိုးခေါင်ရေရှားသည့် ဒေသများအတွက် မိုးတိမ်တိုက်ကို ဓာတုပစ္စည်းများဖြင့် ပစ်ခွင်း၍ မိုးရွာချစေနိုင်သော သိပ္ပံ၏ စွမ်းပကားကို ပေါ်ပေါ်ထင်ထင် အားပါးတရ မြင်တွေ့နေရသည့် ကာလတွင် လူတို့အား ဒုက္ခရောက်စေလောက်အောင် လွန်လွန်ကဲကဲ သွန်ချသောမိုး၊ မြို့ရွာအများ ရေကြီးရေလျှံစေသော မိုး၊ ထိုမိုးမျိုးကိုမူ သိပ္ပံနည်းပညာရပ်သည် အဘယ့်ကြောင့် သူ၏ စွမ်းပကားကို ထုတ်ဖော်ပြသ၍ တားဆီးခြင်း မပြုနိုင်ပါသနည်း။ ရေပြတ်လပ်သော နွေနေပူအောက်တွင်တော့ မိုးရေ ရရန် စွမ်းဆောင်ပေးနိုင်သည့် သိပ္ပံနည်းပညာ။ ယခုတော့ ဒုက္ခပင်လယ် ဝေစေသည့် မိုးကို ဘယ်သူတားဆီး ရပ်တန့်ပေးပါမည်နည်း။

၁၉၈၄ ခုနှစ် ဇူလိုင်လထုတ် ရှုမဝမဂ္ဂဇင်းတွင် ရေးခဲ့သော စာရေးသူ၏ “မိုးကို ဘယ်သူတားမည်နည်း” ကဗျာ၏ တစ်စိတ်တစ်ပိုင်းကို ဖော်ပြပါရစေ။

မြေပြင်ပပ်အက်၊ ရေသက် ရေငွေ့
မတွေ့ထိရှာ၊ ကြာတောင်းကြာလည်း
တိမ်လွှာ ဖောက်ထိုး၊ ကောင်းကင်မိုးဆီ
ဒုံးကျည်ခွင်းဖြတ်၊ ဓာတ်ပြုသဘော
လောကဓာတ် ပညာ၊ တုမနှိုင်းသာတည့်
ရွာပါလေပြီ ကိုရွှေမိုး။
မိုးရွာပါလေ
မခေါ်ချေဘဲ၊ သဲကြီးမဲကြီး
မိုးသီးမိုးပေါက်၊ သွန်းမှောက်ပွင့်အန်
ရေဆန်လွှမ်းငြိုး၊ တာရိုးကျိုးပျက်
ရက်များဆက်ကာ
သဘာဝတရား၊ မျက်နှာများ၍
ယွင်းမှားဖောက်ပြန်၊ အငြိုးရန်ကို
သိပ္ပံစွမ်းပကား၊ ဤတွင်တက”ဟု
ထက်ဖျားတိမ်ဆီ၊
ဒုံးကျည်ခွင်းဖြို၊ ပစ်လွှတ်သိုပြီး
မိုးကို ဘယ်သူတားမည်နည်း။

Most Read

Most Recent