ကလေးဘဝကတည်းက ခင်မင်လာခဲ့ရတဲ့ ‘ထွန်းချို’ ဆိုတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ဟာ ဆေးကျောင်းတက်ပြီးလို့ ဆရာဝန်ဖြစ်လာတဲ့အခါ တပ်ထဲမှာ နှစ်နှစ်စစ်မှုထမ်းဖို့ တာဝန်ကျသွားပါတယ်။ သူပြန်ပြောပြတဲ့ သူ့ရဲ့အဖြစ်အပျက်တွေက စိတ်ဝင်စားစရာကောင်းလွန်းလို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
“ငါပထမတော့ နှစ်နှစ်တည်းပဲဆိုပေမယ့် တော်တော်စိတ်ညစ်သွားတာပေါ့ကွာ။ ဒါပေမဲ့ ရှေ့တန်းရောက်သွားတဲ့အခါမှာတော့ နေတာထိုင်တာ အသက်အန္တရာယ်ရှိတာကအစ ကျန်တဲ့လူတွေရဲ့ အခြေအနေတွေက ငါ့ထက်ပိုဆိုးနေတာကို တွေ့လိုက်ရလို့ နောက်တန်းပြန်ဖို့ကိစ္စကို သူတို့ရှေ့မှာ ငါပြောတောင် မပြောရဲတော့ဘူး။ အဲဒီလိုနဲ့ နောက်တန်းမပြန်ရဘဲ နယ်စပ်မှာ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်တော့တာပဲကွ။ ငါတို့က တိုက်ပွဲဖြစ်တဲ့နေရာရဲ့ နောက်ဘက် သုံးမိုင်လောက်ဝေးတဲ့နေရာမှာ လူနာတွေနဲ့အတူ အခြေပြုနေရတယ်။ လူနာတွေက တဖြည်းဖြည်းနဲ့ များလာလိုက်တာ။ လေးငါးရက်လောက်ကြာတော့ ၁၀၀ ကျော်လောက်ဖြစ်လာတယ်။ လူလေးယောက်ပဲပါတဲ့ ငါ့ရဲ့ဆေးတပ်ဖွဲ့လေးလည်း တစ်ဖွဲ့လုံးမနားကြရပါဘူး။ ခေါင်းကိုဒဏ်ရာမရတဲ့ လူနာမှန်သမျှကို ငါက ‘မော်ဖင်း’ Morphine လိုက်ထိုးပေးရတယ်။ မော်ဖင်းပုလင်းနည်းလာတော့ မိုးရေပုလင်းကို လည်ပင်းကဖြတ်၊ မော်ဖင်းဆေးပြားတစ်ပြားထည့်၊ ပုလင်းကို ရဲဘော်က သစ်ရွက်နဲ့ခါးမှာပတ်ပြီး အောက်ကနေ ဖယောင်းတိုင်မီးနဲ့ အပူပေးလိုက်တဲ့အခါ ခဏကြာတော့ မော်ဖင်းဆေးပြား အရည်ပျော်သွားတယ်။ နောက်ဆေးနည်းနည်းအေးသွားပြီဆိုတာနဲ့ ငါလည်းဆရင့်နဲ့စုပ်ပြီး လူနာတွေကို လိုက်ထိုးပေးရတော့တာပဲ။ တစ်ခါမှာတော့ ရန်သူ့မိုင်းနင်းမိလို့ ခြေချင်းဝတ်အထက်ကနေ ပြတ်ထွက်သွားတဲ့ ရဲဘော်လူနာတစ်ယောက် ငါ့ဆီရောက်လာတယ်။ ငါမှတ်မိနေသေးတယ်၊ သူ့နာမည်က ‘ဘိုစိန်’ တဲ့။ အဲဒါ သူ့ကို ငါတို့က လိုအပ်တဲ့ကုသမှုတွေလုပ်ပေးပြီး ဒဏ်ရာကို ပတ်တီးစည်းပေးနေတဲ့အချိန်မှာ ရန်သူကို ဘိုစိန် ဆဲလိုက်ဆိုလိုက်တာများကွာ မိုးကိုမွှန်နေတာပဲ။ အဲဒီအချိန်မှာ ငါ့တပည့်တစ်ယောက်က ခုနကပြောတဲ့ မိုးရေနဲ့မော်ဖင်းဆေးပြားကို အပူပေးပြီး ယူလာတယ်။ ငါလည်းခါတိုင်းလိုပဲ ဘိုစိန့်ကိုထိုးပေးလိုက်တာပေါ့။ အဲဒီ ငါးမိနစ်မပြည့်ခင်မှာပဲ ဘိုစိန်ငြိမ်သွားတော့တာပဲကွ။ နောက် ငါ့တဲထဲပြန်ရောက်လို့ ၁၅ မိနစ်လောက်ကြာတော့ ရဲဘော်တစ်ယောက်က ငါ့ကိုလာခေါ်တယ်။ ဘိုစိန်က ငါ့ကိုတွေ့ချင်လို့ ခဏလိုက်လာခဲ့ပေးပါတဲ့။ ဒါနဲ့ ငါလည်းသွားရတာပေါ့။ ဟိုရောက်တော့ ဘိုစိန်က မှိန်းနေတယ်။ သူကစပြီး “ဗိုလ်ကြီး ဒီကနေ နောက်ဆုံး ကျွန်တော်မင်္ဂလာဒုံစစ်ဆေးရုံကြီးကို ရောက်သွားမှာ မဟုတ်လား” လို့မေးတယ်။ ငါကလည်း “အေးရောက်မှာပေါ့ကွ” လို့ဖြေလိုက်တဲ့အခါ။ ဘိုစိန်က “ဒါဆို အဲဒီမင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ မင်းသမီးတွေ၊ အဆိုတော်တွေ ကျွန်တော်တို့ကိုလာကြည့်ပြီး ကျွန်တော်တို့ကြိုက်တဲ့သီချင်းတွေကို ဆိုပြတယ်ဆိုတာရော ဟုတ်လားဗျ” လို့ဆက်မေးတယ်ကွ။ အဲဒီတုန်းက တကယ်လည်း သူပြောသလို သီချင်းလာဆိုပေးနေကြတာလည်း အမှန်ပဲကွ။ ဒါ့ကြောင့် ငါက “ဟ ဟုတ်တယ်လေကွာ။ ဆိုင်းတော့ ဘယ်ပါပါ့မလဲ။ စစ်သည်လူနာတွေ တောင်းတဲ့သီချင်းကို အဆိုတော်တွေက အလွတ်ဆိုပြကြတာပေါ့ကွ” လို့ပြောလိုက်တော့ ဘိုစိန်လည်း သဘောကျသွားတယ်။ ငါလည်း ဘိုစိန့်အပေါ်မှာ မော်ဖင်းရဲ့ အစွမ်းပြနေပြီဆိုတာကို သိသွားပြီး မင်းလည်းပဲ အခုကတည်းက ဆိုခိုင်းချင်တဲ့သီချင်းကို ရွေးထားပေါ့ကွာလို့ ပြောပြီးပြန်လာခဲ့တယ်။ ငါဘိုစိန့်ဆီကပြန်လာပြီးမှ ငါ့မှာ မော်ဖင်းဆေးပုလင်းနဲ့ ဆေးပြားဘယ်လောက်ကျန်သေးသလဲဆိုတာ သိရအောင် အပြေးအလွှား ပြန်စစ်ကြည့်မိတယ်။ ဆေးပြားတော်တော်များများ ကျန်နေသေးပေမယ့် ဆေးပုလင်းကတော့ ၁၀ လုံးလောက်ပဲ ကျန်တော့တယ်ဆိုတာကို တွေ့ရတယ်ကွ။ ငါလည်း မဖြစ်ချေတော့ဘူးဆိုပြီး အဲဒီဆေးပုလင်းတွေထဲက နှစ်ပုလင်းကိုထုတ်၊ ပတ်တီးနဲ့သေချာအုပ်၊ သားရေကွင်းနဲ့စည်းပြီး ငါ့ခါးပတ်မှာချိတ်ထားတဲ့ ပေါ့ချက်အိတ်ထဲမှာ သေသေချာချာ ထည့်ထားလိုက်ရတော့တာပဲကွ၊ ဒီနှစ်ပုလင်းကိုတော့ ငါဘယ်သူ့ကိုမှ ထိုးမပေးတော့ဘူး သူငယ်ချင်း” လို့ ထွန်းချိုက ကိုယ့်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။
သူပြောပြလို့ မော်ဖင်းအကြောင်းကို တော်တော်လေး သိလိုက်ရပါတယ်။ အရင်တုန်းကတော့ ရုပ်ရှင်စစ်ကားတစ်ကားကိုကြည့်ရင်း ရန်သူ့မိုင်းကွင်းထဲမှာ သေလောက်အောင် ဒဏ်ရာရသွားတဲ့ ရဲဘော်တစ်ယောက်ကို တက်ဆွဲလို့လည်း မဖြစ်နိုင်တာကြောင့် ဆေးတပ်သားတစ်ယောက်က အသက်စွန့်တက်ပြီး မော်ဖင်းငါးလုံးလောက် တစ်ခါတည်း ထိုးပေးသွားခဲ့တာကို တွေ့ခဲ့ရဖူးတယ်။ သွေးရူးသွေးတန်းအော်နေတဲ့ ဒဏ်ရာရရဲဘော်ဟာလည်း ခဏလေးအတွင်းမှာပဲငြိမ်ပြီး ညင်ညင်သာသာနဲ့ အသက်ပျောက်သွားတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်တုန်းကတည်းက ဒီမော်ဖင်းဆိုတဲ့ဆေးကို တော်တော်သဘောကျသွားခဲ့လို့ ဒီဆေးကို ရှာဖွေတွေ့ရှိခဲ့တဲ့ သူအကြောင်းကိုလည်း လေ့လာခဲ့မိပါတယ်။ မော်ဖင်းကို ၁၈၁၇ ခုနှစ်က ဂျာမနီမှာ Serturner ‘ဆာတူယန်းနား’ ဆိုတဲ့ သိပ္ပံပညာရှင်က ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီဆေးက ဘိန်းကိုအခြေခံပြီး ထုတ်လုပ်ရတာ ဖြစ်ပါတယ်။ ဂရိအိပ်မက်နတ်ဘုရား ‘မောဖီးယပ်စ်’ Morpheus ရဲ့နာမည်ကိုယူပြီး ‘မော်ဖင်း’ လို့ အဲဒီသိပ္ပံပညာရှင်က အမည်ပေးခဲ့တာဖြစ်ပါတယ်။
မော်ဖင်းနဲ့အလားသဏ္ဌာန်တူတဲ့ ဆေးတချို့က လူသားတွေကို အကျိုးပြုနိုင်ကြပေမယ့် ဆက်စပ်ပြီးပေါ်လာတဲ့ မူးယစ်ဆေးတွေက လူသားတစ်ရပ်လုံးကို လူညွန့်တုံးသွားစေနိုင်လောက်တဲ့အထိ ဒုက္ခပေးနေကြလို့ပါပဲ။ ဒီလိုအတွေးတွေပေါ်လာတဲ့အချိန်မှာ မှောင်ခိုလုပ်ငန်းကို ကျားကုပ်ကျားခဲ လုပ်တတ်လေ့ရှိကြတဲ့ ဘိန်းဖြူမှောင်ခိုသမားတွေအကြောင်း အော်စကာဆု ငါးဆုရအောင် ရိုက်ကူးတင်ဆက်သွားတဲ့ The French Connection ဆိုတဲ့ဇာတ်ကားကိုလည်း ပြန်သတိရသွားမိပါတယ်။
ပြင်သစ်နိုင်ငံရဲ့ တောင်ဘက်ကမ်းခြေတစ်နေရာက ‘မာဆေးလ်’ Merseille (မတ်ဆိန်) ဆိုတဲ့မြို့မှာ ‘ချာနီယာ’ ဆိုတဲ့ မူးယစ်သူဌေးကြီးတစ်ဦးရှိပါတယ်။ သူဟာ တန်ကြေးအလွန်ကြီးမားတဲ့ ဘိန်းဖြူတွေကို အမေရိကန် ပြည်ထောင်စုကို ပို့ဖို့ကြံစည်နေပါတယ်။ အဲဒီလိုပို့ရာမှာ ပြင်သစ်ရုပ်မြင်သံကြား အကျော်အမော်မင်းသား ‘ဟင်နရီ’ ပိုင်တဲ့ ‘လင်ကွန်း’ ဆိုတဲ့ ဆလွန်းကားကြီးထဲမှာ ထည့်ဝှက်ပြီး ဟင်နရီမသိအောင် ပို့ဖို့စီမံထားပါတယ်။ နယူးယော့မှာတော့ စုံထောက် ‘ဖော့ဖိုင်’ Gene Hackman နဲ့ ‘ခလောက်ဒီ’ တို့ဟာ ဆေးသမားတွေကျက်စားတဲ့ ညကလပ်တစ်ခုကို သွားစုံစမ်းတဲ့အခါ ‘ဝိန်းစတော့’ ဆိုတဲ့ ရှေ့နေကြီးတစ်ယောက်ဟာ မူးယစ်မြေအောက်ကမ္ဘာက ဆရာတစ်ဆူဖြစ်နေတယ်ဆိုတာကို သိလိုက်ရပါတယ်။ နောက်တော့ ဟင်နရီရဲ့ လင်ကွန်းကားကြီးဟာ ကုန်တင်သင်္ဘောကြီးတစ်စင်းနဲ့ နယူးယော့ကို ရောက်လာပါတယ်။ နောက်ဆုံးမှာတော့ ဒီကားကြီးကို ဖော့ဖိုင်တို့ကရရှိလိုက်ပြီး ကားအတွင်းပိုင်းက ဘားတန်းတွေထဲမှာ ထည့်ဝှက်ထားတဲ့ ဘိန်းဖြူမှုန့်ထုပ်တွေကိုလည်း ရှာတွေ့သွားကြပါတယ်။ ဇာတ်သိမ်းပိုင်းမှာတော့ သေတဲ့လူဆိုးတွေကသေ၊ အဖမ်းခံရတဲ့ လူဆိုးတွေက အဖမ်းခံကြရပေမယ့် ဘိန်းဖြူမှောင်ခိုခေါင်းဆောင် ချာနီယာကိုတော့ အခုအချိန်ထိ ဖမ်းမမိသေးပါဘူးလို့ စာတန်းထိုးသွားပြီး ရုပ်ရှင်လည်း ပြီးသွားပါတယ်။
ထွန်းချိုဆက်ပြောပြတာက “မော်ဖင်းနှစ်လုံး သိမ်းထားရတာက ငါ့အတွက်သိမ်းထားရတာကွ။ ငါလည်းမိုင်းမနင်းဘူးလို့ မပြောနိုင်ဘူး။ မင်းသမီးတွေ သီချင်းဆိုပြတာကို နားထောင်ချင်လို့တော့ မဟုတ်ဘူးကွ၊ ဆေးရုံမရောက်ခင်ကြားထဲ ဝေဒနာခံစားရမှာကိုတော့ ငါလည်းကြောက်တယ်။ မင်းစဉ်းစားကြည့် ခြေထောက်ကြီး တစ်ဖက်လုံးပြတ်ပြီး လွင့်စဉ်ထွက်သွားတာလေ။ မနာဘယ်နေပါလိမ့်မလဲ” လို့ ကိုယ့်ကိုဆက်ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခုတော့ အဲဒီလိုအနာသက်သာတဲ့ ဆေးတွေပေါ်လာလို့ ဝမ်းမသာတစ်ဝက် သာတစ်ဝက် ဖြစ်နေရပါပြီ။ ကိုယ်တို့နိုင်ငံမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေလောက်တုန်းက မူးယစ်ဆေးဝါးတွေ အပေါများဆုံးဖြစ်ခဲ့တယ်လို့ ထင်နေခဲ့မိတာ။ အခုအဲဒီတုန်းကထက် ပိုဆိုးနေပြီဆိုတာကို သိလိုက်ရလို့ ရင်မောမိရပါတယ်။ ဒါ့ကြောင့် ကိုယ်တို့နိုင်ငံဟာ အဆိပ်ပန်းတွေနဲ့ဝေနေတဲ့ စခန်းကြီးတစ်ခု၊ ကိုယ်တို့လူငယ်တွေရဲ့ အနာဂတ်လမ်းခရီးဟာလည်း အဆိပ်ပန်းတွေ အစီအရီဖူးပွင့်နေကြတဲ့ လမ်းတစ်လမ်းဖြစ်နေပါပေါ့လားလို့ စိတ်မသက်မသာနဲ့ တွေးမိရပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အလွန်ကြီးမားတဲ့အန္တရာယ်ပါပဲ။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ပြည်သူလူထုမပါဘဲနဲ့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ထုတ်လုပ်တဲ့လူ လက်လီလက်ကား ဖြန့်ချိတဲ့သူတွေကို သိနေတဲ့သူတွေဟာ ပြည်သူတွေဖြစ်နေလို့ပါပဲ။
ပထမဆုံးက ပင်ရင်းကိုဖြိုဖို့ ကြိုးစားရမှာပါ။ ပင်ရင်း ဘယ်နေရာမှာရှိတယ်ဆိုတာ စုံစမ်းဖို့ခက်မှာပဲလို့ ထင်စရာရှိပေမယ့် တကယ်က မခက်လှပါဘူး။ ပြေးမကြည့်ဘဲ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဒုတိယကပင်ရင်းကို ဖြိုရမှာဖြစ်ပြီး တတိယကတော့ ပင်ရင်းကို ဖြိုရမှဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ကတော့ ဆေးသုံးသူတွေရဲ့အရေးကို ကိုင်တွယ်ဖို့ပါပဲ။ ဆေးသုံးတဲ့လူတွေ့ရင် ဘယ်လိုပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ ဥပဒေတွေအပေါ် စိတ်ဝင်တစား ဝေဖန်ဆွေးနွေးကြတာတွေကို တွေ့ရလို့ ဝမ်းသာအားရဖြစ်မိတာ အမှန်ပါ။ ထောင်ချလိုက်လို့ ထောင်ကလွတ်လာတဲ့အခါ ဆေးပြတ်သွားမှာလားဆိုတာကိုလည်း စဉ်းစားကြစေချင်ပါတယ်။ ဒါပေမဲ့ ဒီလိုကျောင်းသားလေးတွေအပါအဝင် ဆေးစွဲနေသူတွေကို နိုင်ငံတကာမှာ ဘယ်လိုအရေးယူ အပြစ်ပေးနေကြတယ်ဆိုတာကို လေ့လာကြည့်လိုက်ရင် အဖြေကရှင်းသွားပါလိမ့်မယ်။ ဆေးသမားကို ထောင်ချတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ လက်ချိုးရေကြည့်လို့ရအောင် နည်းပါးလှပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ ဆေးစွဲနေသူတွေကို သာမန်ရောဂါအဖြစ်ပဲ သတ်မှတ်ပြီး ဘယ်နေရာ ဘယ်ဆေးခန်းမှာမဆို ကုသခွင့်ပေးထားကြပါတယ်။ ဆေးစွဲသူတွေအားလုံးဟာ သူတို့ဆေးစွဲနေတယ်ဆိုတာကို ဘယ်တော့မှ ဝန်မခံလိုကြတဲ့အပြင် လူသိလည်းမခံချင်ကြလို့ပါပဲ။ ဒီနေရာမှာ ဒီကိစ္စကို ဘယ်လိုဆုံးဖြတ်သင့်သလဲဆိုတာကို ပြည်သူအားလုံးက ဝိုင်းဝန်းစဉ်းစားသင့်တာမို့ ခုလိုစိတ်ဝင်တစား ငြင်းခုံဆွေးနွေးလာကြတာကိုပဲ အောင်မြင်မှုတစ်ရပ်လို့ မြင်မိပါတယ်။ ဒီလိုဆွေးနွေးရင်းနဲ့ အဖြေရှာသွားကြမှသာ ဒီစခန်း ဒီလမ်းမှာ ဒီပန်းတွေကို မတွေ့ရမှာဖြစ်ပြီး ဒီပန်းတွေ မြန်မြန်မတွေ့ရလေ ကောင်းလေပဲမဟုတ်လား။