ကျွန်တော်နှင့် မြေပုံများ

ကျွန်တော်နှင့် မြေပုံများ
Published 8 August 2018

(က) ကျွန်တော်ငယ်စဉ်တုန်းက ပုံဆွဲဝါသနာပါခဲ့ဖူးပါတယ်။ ပုံတူဆွဲတဲ့နေရာမှာ ကျွန်တော်နဲ့ ဝါသနာတူချင်းဖြစ်တဲ့တိုင် ကျွန်တော့်ကို မီအောင်ဆွဲနိုင်တဲ့ သူငယ်ချင်းမရှိပါဘူး။ ပဉ္စမတန်းကနေ အထက်တန်းရောက်တဲ့ အထိ၊ ပထဝီဘာသာအချိန်ကျလို့ မြေပုံဆွဲကြရတော့မယ်ဆိုရင် ဆရာ၊ ဆရာမတွေက ကျွန်တော့်ကိုပဲ မြေပုံဆွဲခိုင်းတတ်ပါတယ်။ ကျောက်သင်ပုန်းကြီးမှာ စာအုပ်ကိုကြည့်ပြီး ကျွန်တော် ဆွဲထားတဲ့မြေပုံကိုမှ အတန်းထဲက ကျောင်းသားတွေက လိုက်ဆွဲကြရပါတယ်။

ဒီလိုငယ်စဉ်က မြေပုံတွေကို ဆွဲတဲ့အခါ ကျွန်တော့်စိတ်ထဲ ကမ္ဘာ့မြေပုံပဲဖြစ်ဖြစ်၊ မြန်မာ့မြေပုံပဲဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရင် ဘယ်လိုကွေ့ရကောက်ရမယ်၊ ဘယ်တိုက်ကြီးတွေက ဘယ်လိုပုံပန်းရှိတယ်၊ နောက်တော့ မြစ်ကြီးတွေ၊ တောင်တန်းတွေ၊ သဲကန္တာရတွေ၊ မြို့ကြီးတွေအထိ မှတ်မိနေခဲ့ပါတယ်။ အလွတ်ရနေခဲ့ပါတယ်။

မြေပုံတွေထဲမှာ ကျွန်တော် စိတ်အဝင်စားဆုံးကတော့ တွင်းထွက်ရတနာများတည်ရှိ၊ ထွက်ရှိတဲ့နေရာတွေကို ဆွဲရပြုရတဲ့အခါ တော်တော့်ကို စိတ်ဝင်စားပါတယ်။ ပျော်လည်းပျော်တယ်။ ငါ ကြီးလာရင် အဲဒီနေရာတွေကို သွားဖြစ်အောင် သွားကြည့်မယ်ပေါ့။ ဒါပေမဲ့လည်း မြေပုံတွေရဲ့ ဆွဲဆောင်မှုနောက်ကို ကျွန်တော် မလိုက်ဖြစ်ခဲ့ပါဘူး။ ဘယ်ရတနာတွင်းရှိတဲ့ နေရာကိုမှလည်း မသွားနိုင်ခဲ့ပါဘူး။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ကျွန်တော့်ဘဝက ရတနာတွင်းရှိတဲ့ ဒေသတွေဆီ သွားခွင့်မပြုခဲ့ပါဘူး။

ကြီးလာတော့ မြေပုံတွေထဲကတစ်ဆင့် သိရတဲ့ ရတနာတွင်းတွေဆီ ခြေဦးမလှည့်နိုင်ပေမယ့် ကျွန်တော့်အိမ်ကလေးထဲမှာ မြေပုံတွေဝယ်ပြီး ချိတ်ပါတယ်။ အလုပ်အားတဲ့အခါ အပန်းဖြေတဲ့အနေနဲ့ မြေပုံကားချပ်တွေကိုချပြီး ကြည့်တတ်ပါတယ်။ သားတွေ သမီးတွေ ရလာတော့လည်း မြေပုံကားချပ်တွေနဲ့ ကျွန်တော် မကင်းကွာခဲ့ပါဘူး။ ကိုယ်တင်မက သားသမီးတွေကိုပါ မြေပုံကားချပ်ဘေး သွားရပ်ခိုင်းပြီး မြေပုံထဲက သိသင့်သိထိုက်တယ်ထင်တဲ့ အရာတွေကို မှတ်သားစေပါတယ်။

တစ်ခါတလေ အလိုက်ကန်းဆိုး မသိတတ်လွန်းတဲ့ ကျွန်တော့်အကျင့်ကို ဇနီးဖြစ်သူက မြည်တွန်တောက်တီးပါတယ်။ “တော့် ဘာသာမြေပုံရောဂါ ထရင်ထပါ၊ သားသမီးတွေကိုတော့ တော်ရုံသင့်ရုံပဲ ခိုင်းပါ၊ ဒီလောက်ကြီး မနှိပ်စက်ပါနဲ့” လို့ဆိုမှပဲ ကိုယ့်အရှိန်ကို ကိုယ်ပြန်ပြီး ဘရိတ်အုပ်ရတော့တာပေါ့။

ဘဝအကျိုးပေးမကောင်းလို့ မိသားစုနှင့် ဝေးပြီးနိုင်ငံရပ်ခြားမှာ နေရပေမယ့် မြေပုံတွေနဲ့ ကျွန်တော်ကတော့ ဒီကနေ့အထိ နှစ်ပါးဂဟေဆက်ထားတုန်းပါပဲ။ ကျွန်တော် အလုပ်လုပ်တဲ့ စာကြည့်တိုက်ကလေးမှာ မြေပုံတွေ ချိတ်ထားခဲ့ပါတယ်။ ကျွန်တော့် မိသားစုလေးရှိနေတဲ့နေရာကအစ၊ အမေရိကန်စစ်တပ်တွေ ကသောင်းကနင်းဖြစ်နေတဲ့ အီရတ်နိုင်ငံ ‘ဘဂ္ဂဒက်မြို့’ အဆုံး ခဏခဏ လိုက်ကြည့်နေရတုန်းပါပဲ။

တစ်နေ့ကတော့ မြေပုံတွေအကြောင်း ရေးထားတဲ့ ကဗျာတစ်ပုဒ်ကို အမှတ်မထင် ကျွန်တော် ဖတ်ရပါတယ်။ ဒီကဗျာကိုဖတ်တော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖတ်ခဲ့ဖူးတဲ့ နောက်ထပ်ကဗျာတစ်ပုဒ်ကိုပါ ပြန်ပြီးသတိရလိုက်ပါတယ်။ အဲဒီကဗျာကလည်း မြေပုံတွေ အကြောင်းရေးထားတဲ့ ကဗျာပါပဲ။ အလိုလိုမှ မြေပုံရူးသွပ်သူ ကျွန်တော့်မှာ ကဗျာတွေထဲက မြေပုံတွေအကြောင်း ဖတ်ရတော့ စိတ်လှုပ်ရှားပြီး အဲဒီကဗျာနှစ်ပုဒ်စလုံးကို သေသေချာချာ ကူးမှတ်ထားလိုက်ပါတယ်။ ကဗျာတွေထဲက မြေပုံတွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်ပါတယ်။ အကြိမ်ကြိမ်ဖတ်ပြီး အထပ်ထပ်အခါ စဉ်းစားပါတယ်။

ကျွန်တော် တွေ့ထားတဲ့ ကဗျာတွေထဲက မြေပုံတွေဟာ ကျွန်တော် ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့ ရတနာမြေဒေသတွေကို ညွှန်ပြတဲ့မြေပုံတွေလိုပဲ၊ လမ်းပြမြေပုံတွေ ဖြစ်နေတာ တွေ့ရပါတယ်။ လူတွေကို သုခနဲ့ တွေ့စေမယ့်မြေပုံ ဒါမှမဟုတ် ဒုက္ခနဲ့ တွေ့စေမယ့်လမ်းပြမြေပုံ…။ ဒီသဘောပါပဲ။ တစ်သက်လုံးနှစ် (၅၀) လောက် မြေပုံတွေနဲ့ ယဉ်ပါးလာခဲ့တဲ့ ကျွန်တော်ဟာ ကဗျာထဲမှာ တွေ့ရတဲ့ ‘မြေပုံ’ တွေကို တွေ့ကာမှပဲ အတွေးတချို့ ကွန့်မြူးလင်းလက်လာပါတယ်။

ဒီမြေပုံအတိုင်းဆိုရင်
ကမ္ဘာမှာ
စစ်ပွဲနှစ်ပွဲပြီးသွားတယ်
ငါတို့ မပြီးသေးဘူး။
‘စစ်ဖြစ်တော့မှာလား’
သတင်းထောက်များမေးတော့
‘ဘယ်နိုင်ငံနဲ့လဲ’
ဂျော့ဂျ်ဒဗလျူဘုရှ် ဖြေတယ်။
ငါတို့ရဲ့ဟာသကလည်း ထို့အတူ
ဘယ်အရာနဲ့လဲ။
ဒီမြေပုံအတိုင်းဆိုရင်
အားလုံးသေကုန်တော့မှာပဲ။။
ဒါကတော့ မြန်မာကဗျာဆရာလေး
‘စိုင်းဝင်းမြင့်’ ရဲ့ကဗျာထဲက ‘မြေပုံ’ ပါပဲ။ သူကတော့ ရှင်းပါတယ်။ သူ့ကဗျာထဲမှာ ပါတဲ့
‘လမ်းပြ’ မြေပုံဟာလူတွေကို ‘ဒုက္ခ’ တွေဆီ လမ်းညွှန်တဲ့ မြေပုံဖြစ်ပါသတဲ့။
အမြွှာကောင်းကင်
မျက်လုံးတွေထဲမှာအမြွှာကောင်းကင်နှစ်ခု။
တစ်ခုက ကမ္ဘာမြေရဲ့အပေါ်မှာ။
ကြယ်တွေပြည့်နှက်
ဘုရားဖူးလမ်းညွှန်မြေပုံ။
သေချာတိကျတဲ့လမ်း။
နောက်တစ်ခုက မြေကြီးအောက်မှာ။
နက်မှောင်လေးလံတဲ့ကောင်းကင်
ရတနာတွေအပြည့်
ပျောက်ဆုံးနေတဲ့မြေပုံ
နောက်ဆုံးမျှော်လင့်မှု။

ဒီကဗျာကတော့ ချက်ကဗျာဆရာ ‘ဝပ်လ်ဒ်မာရာ’ ရဲ့ကဗျာပါ။ ချက်နဲ့စလိုဗက် နှစ်နိုင်ငံ ကတ္တီပါလမ်းမခွဲခင်တုန်းက ပြီးတော့ ‘ကတ္တီပါတော်လှန်ရေး’ မအောင်မြင်ခင်တုန်းက ရေးတဲ့ကဗျာပါ။ ချက်နဲ့စလိုဗက် လူမျိုးတွေ မိဒွေးတော်တစ်ပါတီအာဏာရှင်စနစ်ရဲ့လက်အောက်က လွတ်မြောက်ဖို့ ဘယ်လိုမြေပုံမျိုးကို ရွေးကြမလဲဆိုတဲ့ သဘောရေးခဲ့တဲ့ကဗျာပါ။ စာပေစိစစ်ရေးရဲ့ မျက်စေ့ရှေ့မှောက်မှာ ခြေဖျားထောက်ပြီး လမ်းလျှောက်နိုင်အောင် ‘သင်္ကေတ’ အဖွဲ့ ကဗျာပါ။

ချက်နဲ့စလိုဗက်လူမျိုးတွေဟာ ဘယ်လိုလမ်းပြမြေပုံမျိုးကို ရွေးချယ်ခဲ့ကြသလဲ။

လူမျိုးတွေ မြေပုံအရွေးမှန်လို့ အာဏာရှင် လမ်းကြောင်းပေါ်က ဒီမိုကရေစီလမ်းကြောင်းပေါ် ချီတက်လာနိုင်ခဲ့ကြတယ်။

ကဗျာနှစ်ပုဒ်ထဲက ‘မြေပုံသုံးချပ်’ ကို ဖတ်ရတော့ နှစ်ပေါင်းများစွာ၊ တစ်ဘဝလုံး ယှဉ်ပြီးမြေပုံတွေနဲ့ ရူးသွပ်လာခဲ့တဲ့ ကျွန်တော်ဟာ အတွေးတချို့လင်းလက်ပြီး၊ အော်၊ ငါဟာဖြင့် မြေပုံတွေ မရေမတွက်နိုင်အောင် ထိုင်ကြည့်နေခဲ့ဖူးပေမယ့် ‘မြေပုံတွေရဲ့ တကယ့် သဘောသဘာဝ’ ကို မဆုပ်ကိုင်နိုင်ခဲ့ပါလားလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် မချင့်မရဲ ဖြစ်ရပါတယ်။

ကျွန်တော်ဟာ တစ်သက်လုံး မြေပုံတွေနဲ့ လက်ပွန်းတတီးနေလာခဲ့ပေမယ့် မြေပုံတွေရဲ့ အကွေးအရစ်၊ အမို့အမောက်၊ မြစ်နာမည်၊ တောင်နာမည်၊ မြို့နာမည်လောက်ကိုပဲကြည့်ပြီး နိုင်ငံတွေ ဘယ်လိုပေါ်ပေါက်လာရတယ်၊ မြစ်တွေ ဘာကြောင့် ကောသွားရတယ်၊ သဲကန္တာရတွေ ဘာကြောင့်ဖြစ်လာရတယ်ဆိုပြီး တွေးတဲ့အထိ ရောက်မလာနိုင်ခဲ့ပါဘူး။ လမ်းပြမြေပုံတွေရဲ့ အရေးပါမှုဟာ လူတွေရဲ့ဘဝနဲ့ ဘယ်လိုပတ်သက် ဆက်စပ်နေတယ်ဆိုတာ မသိခဲ့ပါဘူး။

တကယ်တော့ လမ်းပြမြေပုံတိုင်းဟာ နက်နဲတဲ့ အဓိပ္ပာယ်တွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ မြင်အောင် ကြည့်တတ်ကြရပါလိမ့်မယ်။ ‘လမ်းပြမြေပုံ’ အရွေးမမှားဖို့ အင်မတန်မှ အရေးကြီးပါတယ်။

ကိုးကား။
(၁) နားနားပြီးပြော (စိုင်းဝင်းမြင့်)
(၂) CHILD OF EUROPE
(၃) A NEW ANTHOLOGY OF EUROPEAN POETRY

Most Read

Most Recent