ကျွန်တော် ကြံခင်း လုပ်ခဲ့ဖူးသည်။ ဘောလုံးကွင်းကဲ့သို့ ပြန့်ပြူးသော မြေညီညီတွင် မဟုတ်။ မညီမညာ တောင်စောင်းပေါ်၌ ဖြစ်၏။ စီးပွားကျနေသော မိဘများသည် ညီညာ ပြန့်ပြူး၍ မြေဆီမြေလွှာ ကောင်းမွန်ပြီး အရန်သင့် စိုက်ပျိုးနိုင်သည့် ယာမြေကို ဝယ်ယူ မလုပ်ကိုင်နိုင်ကြပါ။ သစ်ပင်မျိုးစုံ ပေါက်ရောက်နေသော တောင်ကုန်းငယ်တစ်ခု၏ တစ်စိတ်တစ်ဒေသကိုသာ မြေလွတ်မြေရိုင်း လျှောက်လွှာတင်၍ လုပ်ကိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ကျွန်တော့်အသက် ၁၈ နှစ်။ အကြောင်းကိစ္စတစ်ခုကြောင့် ကျောင်းနားထားရချိန်လည်း ဖြစ်သည်။ မြို့ထဲရွာထဲ၌သာ ကျင်လည်ခဲ့ဖူးသူဖြစ်၍ တောတောင် ဓလေ့စရိုက်များနှင့် မရင်းနှီး။ တောင်သူလုပ်ငန်းခွင်ကို ပို၍ပင် နားမလည်။
သစ်ပင်လည်း မခုတ်တတ်ပါ။ နွားလည်း မကိုင်တတ်ပါ။ အဖေ့အကြောင်း ဖြတ်၍ ပြောရဦးမည်။ အဖေ့မိဘများသည် ကျေးလက်၌ နေခဲ့ကြသူများ ဖြစ်သည်။ အဖေသည်လည်း လူပျိုပေါက်အရွယ်ရောက်မှ မြို့ပေါ် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အဖေက တောတောင်ဓလေ့စရိုက်များအပြင် လယ်/ယာလုပ်ငန်းခွင် ဗဟုသုတများကို မစိမ်းလှ။
ဆောင်းဦးပေါက်စ နံနက်ခင်းတစ်ခု၌ အဖေနှင့် ကျွန်တော် သစ်ပင်များ အုပ်ဆိုင်းနေသော ထိုတောင်ကုန်းလေးပေါ်တက်၍ အမှတ်အသားများ ပြုလုပ်ကြသည်။ အဖေက “တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး” ဟူ၍ ခြေအလှမ်း မှတ်၍သွားလျှင် ကျွန်တော်က နောက်က လိုက်ရသည်။ အဖေ ညွှန်ပြသော သစ်ပင်ကြီးများကို ဓားထစ်ပြီး အမှတ်အသား လုပ်ရသည်။
သစ်ပင် အတော်များများကို ဓားထစ်ပြီးချိန်၌ အဖေက ခြေလှမ်းများကို စိတ်တွက် တွက်၍ အကျယ်အဝန်းကို ခန့်မှန်းသည်။ သူ့စိတ်ထဲ မသေမချာဖြစ်နေသောအခါ ကျွန်တော့်ကိုလည်း ပြန်လည်၍ မေးမြန်းတတ်ပါသည်။ ထိုအခါ မှတ်မိသလောက် ပြန်ဖြေပေးရသည်။
ထိုသစ်တောအုပ်ကို အဖေနှင့် ကျွန်တော် ခုတ်လှဲရမည်ဟု အစက ထင်မှတ်ခဲ့သေးသည်။ လူငယ်ပီပီ ခွန်အားကို မနှမြောမိ။ “သစ်ပင်ခုတ်တာ ကျွမ်းကျင်မှု လိုတယ် သားရဲ့။ အခန့်မသင့်ရင် သေတတ်တယ်” ဟု အဖေ က ပြောပါသည်။ ကျွန်တော့်မှာ ခွန်အားသာ ရှိပါ၏။
နောက်တစ်ရက် ကျွန်တော်တို့ သားအဖ ထိုတောအုပ်လေးသို့ လာခဲ့ကြရာ အသင့်စောင့်ဆိုင်းနေသော ခပ်တောင့်တောင့် လူကြီးတစ်ယောက်ကို တွေ့ရသည်။
လွှဲလိုက်တိုင်း နွဲ့၍သွားသော ကြိမ်လက်ကိုင်ရိုးထိပ်တွင် ထက်မြနေသော သံအသွားတစ်ခု ပါသည်။ သစ်ပင်များကို အားအင် အသက်သာဆုံး နည်းလမ်းဖြင့် လဲကျစေရန် အသုံးပြုသည့် လက်သုံးပစ္စည်း တစ်ခုမှန်း သိခဲ့ရသည်။ သူ့ကို “ခွန်”ဟု ဝိသေသပြုထားမှန်း သိလာရသည်။ ကြိမ်ရိုးတွင် သူ့ချည်းတပ်၍ မရ။ ထုံ၍ မာသော အသားဖြင့် ပြုလုပ်ထားသည့် “ခွန်ဒူး” ဟုခေါ်သော အရာတွင် သူ့ကို စွပ်ရသည်။ ယခုနေအခါကဲ့သို့ လွှစက်များ အဝင်မများသေးချိန်ဖြစ်၍ သစ်ပင်လဲကျစေရန် ခွန်ကိုသာ ခွန်အားနှင့် ကျွမ်းကျင်မှု မျှတစွာရောယှက်၍ အသုံးပြုခဲ့ရသည်။
ခုတ်လှဲထား၍ ခြောက်သယောင်းနေသော သစ်ကိုင်းသစ်ခက် သစ်ရွက်များကို မီးတင်ရှို့သောနေ့ကို ကျွန်တော် မှတ်မိနေသေးသည်။ ထိုနေ့က စိတ်အား ထက်သန်မှုအပြည့်နှင့် အဖေ့ထက် ဦးစွာရောက်အောင် သစ်ပင်များ ခုတ်လှဲထားရာဆီ သွားမိသည်။ အသင့်ပါလာသော ယမ်းမီးခြစ်ကို ထုတ်လိုက်သည်။ မီးခြစ်ဆံ နှစ်ချောင်းပူးကို ကာဖတ်ပေါ်တင် ခြစ်ပြီး သစ်ရွက်ခြောက်များကြားထဲ ထိုးထည့်လိုက်သည်။ မီးတောက်များ တဟုန်းဟုန်း တောက်နေချိန်တွင် မောပန်းတကြီးနှင့် အဖေ ရောက်လာသည်။ အဖေ့ကို အဝေး၌ မြင်လိုက်ကတည်းက ကျွန်တော့်ကို တစ်ခုခုပြောရန် သို့မဟုတ် တားဆီးရန် အမူအရာဖြစ်ကြောင်း သိပါသည်။ တစ်စုံတစ်ရာကို အဖေ အော်ပြောနေမှန်းလည်း သိပါသည်။ တဂျွမ်းဂျွမ်း၊ တဗျင်းဗျင်း မြည်နေသော မီးတောက် မီးလျှံသံများကြောင့် ကျွန်တော့်နားထဲ ဝေေ၀ဝါးဝါးသာ ကြားနေရသည်။ အဖေက ကျွန်တော့်အနား ရောက်တော့ မီးခြစ်ဘူးကို လှမ်းယူကာ “သားက လေညာကြီးက ရှို့ပစ်လိုက်ပြီကိုး” ဟုဆိုကာ ခုတ်လှဲထားသော သစ်တောအုပ်ကို ကွေ့ပတ်ကာ အခြားတစ်ဘက်မှ မီးသွားရှို့သည်။ အဖေ့နေရာမှ မီးတောက်လေးများ စတောက်မည် ဆိုရုံရှိသေးသည် ကျွန်တော် ရှို့လိုက်သော မီးများ အဖေ့နေရာသို့ ရောက်လုပြီ။
မပိမရိ၊ မသေမသပ်နှင့် ဖြစ်သလို လောင်ကျွမ်းသွားသော မီးသည် အကိုင်းအသေးအမွှားများကိုသာ ပြာဖြစ်စေခဲ့ပြီး အကိုင်းကြီးကြီးများကိုမူ ထိုးထိုးထောင်ထောင်နှင့် အရုပ်ဆိုးစွာ ကျန်နေစေခဲ့သည်။
အဖေ့နေရာမှသာ စရှို့လျှင် လေဆန်ကို တအိအိနှင့် သွားမည် ဖြစ်သည့် မီးသည် အကုန်လုံးနီးပါးကို ပြောင်သွားစေနိုင်သည်။ မီးလောင်ပြီးသွားသောအခါ သားအဖနှစ်ယောက် ကျွန်းခွေရန် ပြင်ဆင်ကြရသည်။ ထိုအချိန်မှစ၍ “အစ မကောင်းလျှင် အနှောင်း မသေချာ” သည့် ကိစ္စရပ်များကို မြည်းစမ်းခွင့် ရခဲ့ပါသည်။ အဖေ ပြောသလို လေဆန်ကို တအိအိနှင့် လောင်ကျွမ်းစေရမည့် မီးကို ကျွန်တော်က စူးစမ်းဆင်ခြင်ခြင်း မရှိဘဲ “ပြီးလျှင် ပြီးရော” သဘောဆန်စွာ လေညာမှ ရှို့မိခဲ့သည်။ ပြောင်သလင်းခါအောင် ရှင်းလင်းရန်အတွက် “ကျွန်းခွေ” ရာတွင် ပိုမိုပင်ပန်းခဲ့ပါသည်။ အချိန်လည်း ပိုကုန်ခဲ့ရသည်။ “ကျွန်းခွေခြင်း” အတွက် မလောင်ကျွမ်းဘဲ ကျန်နေရစ်သည့် အကိုင်းအခက်များစွာကို လိုက်လံ ကောက်ယူကာ အပုံကြီးတစ်ပုံဖြစ်အောင် စုပုံနေရင်း သက်ပြင်းချခဲ့ရဖူးသည်။ အချို့နေရာတွင် ပင်စည်ကြီးများ အနေအထားအတိုင်း ကျန်နေရစ်သဖြင့် ပုဆိန်ဖြင့် လွှဲကာ ခုတ်ထစ်ရင်း ကျွန်တော့်ကိုယ် ကျွန်တော် ဒေါသဖြစ်နေခဲ့ရသည်။ (ကျွမ်းကျင်မှုရှိမှသာ အသုံးပြုနိုင်သော “ခွန်” ကို မသုံးရဲခဲ့ပါ။ မကျွမ်းကျင်လျှင် အသုံးပြုသူ၏ နောက်ကျောသို့ “ခွန်သွား” ဖြင့် ထိခိုက်မိတတ်ပါသည်။)
ကျွန်းခွေခြင်းကိစ္စ ပြီးစီးသွားသောအခါ သစ်ငုတ်များကို တူးကြရပြန်သည်။ ငုတ်တူးရသည့် အလုပ်မှာလည်း လွယ်လှသည်တော့ မဟုတ်ပါ။ ထိုအလုပ်များကို လုပ်ကိုင်နေရင်း သစ်ပင်၏ သဘောသဘာဝကိုတော့ ဆင်ခြင်မိခဲ့သည်။ သစ်ပင်တစ်ပင်သည် ရှင်သန်နေချိန်၊ အကိုင်း၊ အခက်၊ အလက်၊ အရွက်များ အသက်ဝင်နေချိန်တွင် အောက်ခြေ အမြစ်မမြဲပါက လေပြင်းကလေး နည်းနည်းသော့လျှင်ပင် အလွယ်တကူ လဲကျနိုင်ပါသည်။ သူ ပေါက်ရောက်ရာ မြေဆီလွှာ ညံ့ဖျင်းပါက ပို၍ပင် လွယ်ကူပါသည်။ သစ်ငုတ်ဘ၀ ရောက်သွားသောအခါ အတော်ပင် ခက်ခက်ခဲခဲ တူးရတော့သည်။ သူ့အနေဖြင့် ရာသီဥတု နှင့် ရေမြေက မျက်နှာသာပေးခဲ့လျှင် နောက်တစ်ဖန် ရှင်သန်ကြီးပြင်းရန် ကြံ့ကြံ့ခံနေပုံရပါသည်။ သေချာစွာ တူးထုတ်၍ လွတ်ရာကျွတ်ရာ၌ စုပုံထားရပြန်သည်။ သူတို့ကို တစ်ဖန် ပြန်လည် ရှင်သန်ခွင့်ပေး၍ မဖြစ်ပါ။ ခြောက်သွေ့ပါက ပြာဖြစ်အောင် မီးတိုက်ပစ်ရမည်။ ထိုပြာများကို ကြံပင်များ စိုက်ပျိုးပြီး၍ အစို့အညှောက်ထွက်ချိန်တွင် မြေသြဇာအဖြစ် ကျွေးမွေးရမည်။
သစ်ငုတ်များ ပြောင်စင်သွားသော ကွင်းပြင်ကျယ်ကို ကြည့်ရင်း ကျွန်တော် ကျေနပ်နေမိသည်။ အဖေကတော့ တစ်ခုခုကို လေးနက်စွာ စဉ်းစားနေပုံရ၏။ ကွင်းပြင်ကျယ်အတွင်း၌ လူးလာခေါက်ပြန်ဖြင့် နေရာအနှံ့ လျှောက်သွားရင်း တစ်စုံတစ်ရာကို အဖေ လိုက်ရှာနေသည်။ မြေကြီးပေါ်ကိုလည်း သတိထားပြီး နင်းလျှောက်နေပုံရသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိထားမိသွားပုံရသော ဟန်ဖြင့် သတိကြီးကြီးဖြင့် မြေကြီး စိုက်ကြည့်နေသည်။ ကျွန်တော့်ကိုလည်း ဖြည်းဖြည်းလျှောက်ပြီး လာခဲ့ရန်ခေါ်သည်။ ထို့နောက် မြေကြီးကို နားဖြင့်အပ်ကာ အသံ နားထောင်ခိုင်းသည်။ ကျွန်တော့် နားထဲတွင် တဝီဝီ၊ တစီစီ အသံများကို ကြားနေရသည်။ ထိုအသံများကို ကြားရကြောင်း အဖေ့ကို ပြောပြလိုက်သည်။
အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မြေအောင်းပတူများက ကြံစိုက်ပျိုးမည့် မြေနေရာတစ်ခုတွင် အခိုင်အမာ တပ်စွဲထားကြကြောင်း အဖေက ပြောပြသည်။ မစူးစမ်းဘဲ ဖြစ်သလို ရှို့လိုက်သော မီးသည် ၎င်းတို့ကို မသတ်နိုင်ခဲ့။ မြေလျှိုးပြီး ငုပ်ကောင်သဖွယ် ဖြစ်နေသော သူတို့တပ်ကြီးသည် အခွင့်အခါပေးတိုင်း ကြံပင်များနှင့် စိုက်ခင်းရှင် ကျွန်တော်တို့ သားအဖအပေါ် ဒုက္ခပေးကြမည်မှာ မလွဲမသွေပင် ဖြစ်သည်။
ထိုမြေအောင်းပတူများကို ဖယ်ရှားရမည့် ကိစ္စအတွက် အဖေသည် အလေးအနက် စဉ်းစားရှာပါသည်။ သူ့အနေဖြင့် အသက်အရွယ်အရ ရက်စက်သည့် နည်းလမ်းကို အသုံးပြုလိုဟန် မရှိ။ မေတ္တာပို့ပြီး အခြားသင့်တင့်ရာ အရပ်သို့ ပြောင်းရွှေ့ပေးရန် အဖေ တောင်းဆိုနေသံ ကြားရသည်။ ရက်စက်တတ်သည့် ထိုသတ္တဝါများက တုပ်တုပ်မျှ မလှုပ်ကြ။ ထိုနေရာ ကွက်ကွက်လေးကို ချန်လှပ်ထားပြီး ရှောင်ကွင်း စိုက်ပျိုးရန် အဖေ စဉ်းစားရှာပါသည်။ ကြံစိုက်ခင်းတွင် အလုပ်ဆင်းမည့်သူများက ကန့်ကွက်ကြသည်။ ကြောက်စရာ ကောင်းလှသည့် မမြင်ရသော ရန်သူရှိနေသည့် မြေကြီးပေါ်တွင် သူတို့ စိတ်မဖြောင့် နိုင်ကြသည်မှာလည်း အပြစ်တော့ မဆိုသာပါ။ နောက်တော့ အများသဘောကို အဖေ လိုက်လျောပေးခဲ့ရှာပါသည်။ သတ္တိကောင်း၍၊ ကျွမ်းကျင်သူများက မြေအောင်းပတူများကို အမြစ်ဖြတ် ချေမှုန်းပေးကြသည်။
ပြောင်စင်သွားသော မြေသန့်သန့်တွင် စိတ်အေးလက်အေး လုပ်ကိုင်ကြရင်း ကြံပင်များ ကြီးထွားဖြစ်ထွန်းခဲ့ပုံကို ကျွန်တော် ပြန်တွေးနေမိသည်။
ထိုအကြောင်းအရာသည် ဆယ်စုနှစ် သုံးခုပင် လွန်ခဲ့ပါပြီ။ ယခုအချိန်တွင်တော့ ကျွန်တော့်အနေဖြင့် နောက်ကျောကို စိုက်ဝင်တတ်သည့် ခွန်ကိုလည်း ကျွမ်းကျင်စွာ အသုံးပြုတတ်ပါပြီ။ ငယ်စဉ်ကလို တရှိန်ထိုး ခွန်အား မရှိတော့သော်လည်း သက်လုံကို ချင့်တွက်၍ ထုတ်သုံးနိုင်သော ခွန်အား ကျန်နေပါသေးသည်။ မီးရှို့ရာ၌လည်း လေညာ၊ လေအောက် ပိုင်းခြားတတ်ပါပြီ။
ထိုစဉ်ကတည်းက စိတ်အစွဲတစ်ခု ကျန်နေခဲ့ရသည်။ အမြင်တွင် မည်မျှ ပြောင်စင်နေသော ကွင်းပြင်ဖြစ်စေကာမူ မြေအောင်း ပတူများ ရှိနေလေမလား ဟူ၍ ဖြစ်ပါသည်။ ထိုစိတ်အစွဲသည် မကောင်းမှန်းတော့ သိပါသည်။ သို့သော် ကျွန်တော့်မှာ ရက်စက်တတ်သော ရန်သူနှင့် ယှဉ်တွဲကာ အနီးကပ် နေထိုင်ရမည်ကို ကြောက်လှပါ၏။