ကလေးဘဝက အိပ်ရာဝင်ပုံပြင်လေးတွေကို တစ်ခါတလေ ကျွန်တော် သတိရမိတယ်။ ဒီလိုပဲ ငယ်ဘဝဆိုတာ အသိုအသိပ် အလျှို့အဝှက်မရှိ။ အပူအပင်သောကလည်း သိပ်မရှိတော့ အိပ်ရာဝင်တဲ့အချိန် မိဘတွေရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲ တိုးဝင်ကြရင်း အိပ်ရာဝင်ပုံပြင်တွေနဲ့ အတူတူ အိပ်စက်ခဲ့ကြတယ်။ မိုးလင်းလို့ မမှတ်မိနိုင်တဲ့ အိပ်မက်တွေကို အကြိမ်ကြိမ်မက်ရင်း ညဆိုတာကို တစ်နည်းတစ်ဖုံ ပျော်စရာလို့ ထင်ခဲ့မိတယ်။ မိုးလင်းလို့ သတိထားမိတဲ့အခါတွေ၊ မှတ်မိတဲ့အခါတွေမှာ ပြန်ပြောပြရင် ညအိပ်မက်တွေဆိုတာလည်း လူကြီးမိဘတွေအတွက် ရယ်စရာတွေ ဖြစ်နေခဲ့တယ်။ အိပ်မက်ထဲမှာ ကျားကြီးတစ်ကောင်လိုက်လို့၊ ဘီလူးကြီးတစ်ကောင်လိုက်လို့၊ တစ္ဆေတစ်ကောင်လိုက်လို့ ပြေးလိုက်ရတာ မောပန်းနွမ်းနယ်လွန်းပေမယ့် ခြေလှမ်းတွေက ရှေ့မရောက်ဘဲ တစ်နေရာတည်းမှာ ပြေးနေသလိုမျိုးပေါ့။ ဘယ်လိုမှ စိတ်မသက်သာဘူး။ အဲဒီလိုမျိုးတွေမက်ရင်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ချွေးတွေ ရွှဲရွှဲစိုကျနေပေမယ့် ကျားကြီးရဲ့ဘေးကတော့ လွတ်အောင် ပြေးနေတုန်းပဲ အိပ်မက်ထဲမှာ။ တကယ်တော့ ကျားကြီးကလည်း အိပ်မက်ထဲမှာ ကိုယ့်ကို မီမလာခဲ့ပါဘူး။ အိပ်ရာကနိုးလို့ လူကြီးမိဘတွေကို ပြန်ပြောပြရင် ‘ထမင်းလုံးတစ္ဆေ ခြောက်တာ’ ဆိုပြီး ဝိုင်းရယ်ကြပြန်ရော။
တကယ်တော့ ထမင်းလုံးတစ္ဆေခြောက်တယ် ဆိုတာလည်း ကျွန်တော့်အထင်ပြောရရင် လူကြီးမိဘတွေရဲ့ ပုံပြင်တစ်မျိုးပါပဲ။ ကလေးဘ၀ ထမင်းစားတဲ့အခါ ထမင်းပန်းကန်ထဲကနေ ထမင်းလုံးတွေ ဖိတ်စဉ်မကျအောင် စည်းကမ်းရှိဖို့အတွက် တစ်နည်းတစ်ဖုံ ဆုံးမနည်းပဲလို့ အရွယ်ကြီးလာမှ တွေးမိတယ်။ တကယ်လို့ ထမင်းစားတဲ့အခါ ထမင်းလုံးတွေက ကိုယ်ပေါ်က တစ်နေရာရာမှာ ကပ်ငြိကျန်နေခဲ့ရင် အဲဒီထမင်းလုံးက ညဘက် တစ္ဆေတစ်ကောင်အဖြစ်နဲ့ လာရောက်ခြောက်လှန့်တယ်လို့ လူကြီးမိဘတွေ ပြောခဲ့ဖူးတာကို သတိရမိတယ်။ တကယ်တော့ ညအိပ်ရာဝင် ပုံပြင်တွေထဲကလို ပုံပြင်တစ်ပုဒ်ပါပဲ။ တစ်ခါတစ်ခါတော့ ပြန်သတိရမိတာပေါ့လေ။ အိပ်မက်ထဲမှာ ကျားကြီးတစ်ကောင် နောက်ကလိုက်လာတဲ့အခါ၊ တစ္ဆေတစ်ကောင် နောက်ကလိုက်လာတဲ့အခါ၊ အရုပ်ဆိုးဆိုး အစွယ်တွေ ငေါထွက်နေတဲ့ ဘီလူးလိုအကောင် တစ်ကောင် နောက်ကလိုက်လာတဲ့အခါတွေပေါ့။ ထမင်းလုံးက ကိုယ်ပေါ်မှာ ကပ် မကပ်ဆိုတာ အခုချိန် မမှတ်မိနိုင်တော့ပါဘူး။
လူကြီးမိဘတွေ ပြောပြခဲ့တဲ့ ပုံပြင်လေး တွေဟာ အိပ်မက်ထဲကလို အထိအတွေ့မျိုး တော့ မဟုတ်ပါဘူး။ ပုံပြင်နားထောင်သူအဖြစ်နဲ့ ငြိမ်တိတ်လို့သာ နေခဲ့ရတာပါ။ မငြိမ်ရင်လည်း ပုံပြင်နားထောင်ရဖို့ အခွင့်အရေး ဆုံးရှုံးသွားနိုင်လို့ပါပဲ။ မင်းသားလေးတွေ၊ မင်းသမီးလေးတွေ၊ ဘုရင်ကြီးတွေနဲ့ ခင်းကျင်းထားတဲ့ ပုံပြင်တွေပါသလို စုန်းပညာတတ်တဲ့ အဘွားအိုကြီးတစ်ယောက်နဲ့ ကလေးငယ်လေးတွေရဲ့ သည်းထိတ်ရင်ဖို ပုံပြင်လေးတွေလည်း ပါပါတယ်။ နောက်ပြီး စွန့်စားခန်းတွေ အများကြီးပါတဲ့ သူရဲကောင်းဆန်ဆန် တိုက်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ ပုံပြင်လေးတွေလည်း ပါတယ်။ အမျိုးစုံပေါ့လေ။ ကလေးဘဝရဲ့ ပုံပြင်တွေနဲ့ အိပ်ရာဝင် ညများစွာတွေထဲက လွမ်းမောစရာ အတိတ်တွေလို့ ဆိုရမလား။ ပြန်တွေးကြည့်ရင် အခုထိ ပုံပြင်တွေကို နားထောင်မိနေတုန်း။ ထမင်းလုံးတစ္ဆေ အခြောက်ခံရရင်း အိပ်မက်ထဲကပုံပြင်ကို ပြန်မြင်မိနေတုန်းပေါ့။ ထမင်းလုံးတစ္ဆေခြောက်တယ် ဆိုတာကတော့ ကျားကြီးတွေ၊ ဘီလူးကြီးတွေ၊ တစ္ဆေတွေနဲ့ မက်ခဲ့ရတဲ့အိပ်မက်ထဲက ပုံပြင်တွေပါပဲ။ လူကြီးမိဘတွေ အလိုအရတော့ ထမင်းလုံးတစ္ဆေခြောက်ခြင်းပေါ့။ တကယ်လည်း ကျွန်တော်တို့ ကလေးဘ၀ အစိတ်အပိုင်းတွေရဲ့ ခံစားချက်ထဲမှာ မသိမသာ ပျော်ဝင်နေတာကတော့ လူကြီးမိဘတွေ ပြောပြတဲ့ အိပ်ရာဝင်ပုံပြင်တွေနဲ့အတူ အိပ်မက်ထဲက ထမင်းလုံးတစ္ဆေခြောက်တယ်ဆိုတဲ့ ပုံပြင်တွေပဲလေ။
တကယ်တော့ ပုံပြင်ဆိုတာ ရုပ်ရှင်ဇာတ်ကားတွေ၊ တကယ့်အဖြစ်အပျက်တွေလောက် မခမ်းနားပေမယ့် နားထောင်ရသူ သဘောကျ ပီတိဖြစ်သွားလောက်အောင် ယုတ္တိရှိရှိနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ။ ဒါကြောင့်မို့လည်း ကလေးဘဝရဲ့ နုနယ်တဲ့သိစိတ်တွေနဲ့၊ မသိစိတ်တွေထဲ လက်ခံသိမ်းပိုက်ရင်း အိပ်ရာဝင်ပုံပြင်တွေနဲ့ ညတိုင်းညတိုင်း ပျော်ဝင်နေခဲ့ကြတာပေါ့လေ။ တစ်ခါတလေ ပုံပြောပြတဲ့ လူကြီးမိဘတွေက အိပ်ချင်လို့ အသံတိတ်သွားချိန်တွေ၊ ပုံပြင်ထဲကနေထွက်လို့ ရောက်တတ်ရာရာတွေ ပြောနေတဲ့ အချိန်တွေမှာတော့ ပုံပြင်နားထောင်သူ ကျွန်တော်တို့ ကလေးတွေက ရိပ်မိကြပါတယ်။ ပုံပြင်ဟာ လွဲသွားပြီ။ ပုံပြင်ဟာ တစ်နေရာရာကို တိမ်းချော်သွားပြီ။ ပုံပြင်ဟာ ပုံပြင်ယောင်ဆောင်လာပြီး ပုံပြင်ထဲက ထွက်ခွာသွားပြီဆိုပြီး လူကြီးမိဘတွေကို ဂျီကျတတ်ကြပြန်သေးတယ်။ ပြန်တွေးရင် ရယ်စရာ အဖြစ်အပျက်လေးတွေပေါ့လေ။
ပုံပြင်နဲ့ ကလေးဘဝဆိုတာ ညအိပ်ရာဝင်ချိန်တွေတင်မကပါဘူး။ ငယ်ငယ်ကျောင်းသားဘဝက စာသင်ခန်းထဲမှာလည်း ပုံပြင်တွေနဲ့ ပြည့်နှက်နေခဲ့တာပါပဲ။ ညနေ ကျောင်းဆင်းခါနီး နာရီဝက်လောက်အလိုမှာ ဆရာ၊ ဆရာမတွေရဲ့ ပုံပြင်တွေထဲမှာ ကျွန်တော်တို့ ပျော်ဝင်နေခဲ့ကြပါတယ်။ ဒီနေ့ ဒီပုံပြင်ပြီးရင် နောက်နေ့ ဘာပုံပြင်လာမလဲဆိုတာ ရင်ခုန်ကြည်နူးစရာတော့ ကောင်းလှပါတယ်။ မိုးရာသီကာလ အပြင်မှာ မိုးတွေသည်းနေတဲ့အချိန်တွေဆိုရင် တံခါးပေါက် မလုံ့တလုံ၊ မြေသားကြမ်းခင်း စိုတိစိုစွတ်ပေါ်မှာ ထိုင်ခုံပုလေးတွေပေါ်ထိုင်ရင်း ပုံပြင်ရဲ့ ကမ္ဘာလေးထဲမှာ ပျော်ဝင်နေခဲ့ကြတယ်။ မိုးတွေပက်ပက်၊ ရေတွေစိုစို ပုံပြင်လေးတွေဟာ တစ်စုံတစ်ရာကိုတော့ နွေးထွေးစေခဲ့ပါတယ်။ အသိ၊ အလိမ္မာတွေနဲ့ဆိုင်တဲ့ ပုံပြင်တွေပါသလို အခြားစိတ်ဝင်စားဖွယ်ရာ ပုံပြင်မျိုးစုံလည်း နေ့တိုင်း နားထောင်ခဲ့ရပါတယ်။ ဒါဟာလည်း အိပ်ရာဝင် ပုံပြင်မဟုတ်ပေမယ့် နွေးထွေးတဲ့ အိမ်အပြန် ပုံပြင်တွေပါပဲ။
ဒီလိုပဲ ရွာထဲက ဘုန်းကြီးကျောင်းတွေမှာလည်း ကလေးဘဝက ကိုရင်ဝတ်ရင်း၊ ဘုန်းကြီးကျောင်းသားလုပ်ရင်းနဲ့ ပုံပြင်တွေနဲ့ ရင်းနှီးခဲ့ရပြန်သေးတယ်။ အုန်းမောင်း ခေါက်လိုက်တဲ့အသံ၊ ဆွမ်းခံကြွလာပြီလို့ ရွတ်လိုက်တဲ့အသံ၊ ပုံပြင်လေးတွေ ပြောပြနေတဲ့အသံတွေဟာ ဘယ်လိုမှ ခွဲထုတ်လို့မရတဲ့ သက်ဝင်တည်ရှိနေမှု တစ်ခုပါပဲ။ ဇာတ်နိပါတ်တော်လာ အကိုးအကားနဲ့ ဇာတ်လမ်းလေးတွေ ဆင်ထားတဲ့ ပုံပြင်တွေက များပါတယ်။ ဘုန်းကြီးက ကိုရင်လေးတွေ၊ ကျောင်းသားလေးတွေ မပျင်းရအောင် ဒီလိုပဲ ပုံပြင်လေးတွေ အမြဲပြောပြခဲ့တယ်။ ရွာက ဘုန်းကြီးကျောင်းတွေဆိုတာ ခြံဝင်းကျယ်ကျယ်နဲ့ ကျောင်းတွေ များပါတယ်။ တချို့ဘုန်းကြီးကျောင်းတွေက ခြံကြီးတွေဆို သစ်ပင်ကြီးတွေနဲ့ အုံ့မှိုင်းပြီး ညဘက်တွေဆို အတော်ကြောက်စရာ ကောင်းလှတယ်။ သရဲ၊ တစ္ဆေ၊ ရှိတာ၊ မရှိတာထက် ကိုရင်လေးတွေ၊ ကျောင်းသားလေးတွေဟာ ထင်ယောင်ထင်မှား၊ မြင်ယောင်မြင်မှားနဲ့ ညဘက် လူခြေတိတ်ချိန်တွေဆို ကြောက်လန့်နေခဲ့ကြတယ်။ တစ်ခါတလေ ပုံပြင်လေးတွေဟာ သစ်ပင်အုံ့အုံ့မှိုင်းမှိုင်း ဘုန်းကြီးကျောင်းခြံကြီးတွေနဲ့ ဆက်နွှယ်ပြီး သရဲ၊ တစ္ဆေ ပုံပြင်ဆန်ဆန်တွေ ဖြစ်လာခဲ့ပါရော။ ဘာပဲဖြစ်ဖြစ် ပုံပြင်လေးတွေကတော့ သူ့နေရာနဲ့သူ ပုံပြင်ဆန်ဆန် ဖြစ်တည်နေခဲ့တာပါပဲ။
ကျွန်တော်တို့တွေဟာ ပုံပြင်တွေနဲ့ ကြီးပြင်းလာခဲ့ကြရင်း ပုံပြင်ဆိုတာကို မျက်ခြည်မပြတ်ခဲ့ကြပါဘူး။ အိပ်မက်ထဲမှာ ထိတ်လန့်ရတဲ့ ထမင်းလုံးတစ္ဆေခြောက်တယ်လို့ဆိုတဲ့ လူကြီးမိဘတွေရဲ့ ပုံပြင်တွေနဲ့ နီးစပ်ခဲ့ကြရသလို အိပ်ခါနီး ငြိမ်တိတ်လို့ တစိမ့်စိမ့် နားထောင်ရတဲ့ အိပ်ရာဝင်ပုံပြင်တွေနဲ့လည်း ကြီးပြင်းခဲ့ရပြန်တယ်။ စာသင်ခန်းထဲက ပုံပြင်တွေဟာလည်း ကျွန်တော်တို့ကို ပုံပြင်အပေါ် ချစ်မြတ်နိုးမှုတစ်ခုကို တည်ဆောက်ပေးမှုနဲ့အတူ အိမ်အပြန် လှပတဲ့ ပုံပြင်အရိပ်လေးတွေကို လက်ဆောင်ပေးခဲ့တာပါပဲ။ ရွာရဲ့ ဘုန်းကြီးကျောင်းက ကိုရင်ဘဝ၊ ဘုန်းကြီးကျောင်းသားဘဝက ပုံပြင်လေးတွေဟာလည်း ပုံပြင်ဆန်ဆန် စွဲထင်ကျန်နေခဲ့တာပါပဲ။
ပုံပြင်တွေရဲ့ အဝေးကို ကျွန်တော်တို့ လွင့်ထွက်သွားကြတဲ့ အချိန်တွေမှာ ပုံပြင်ထဲက ဇာတ်ကောင်တွေဟာ ကျွန်တော်တို့ကိုယ်တိုင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြပါတယ်။ အဲဒီပုံပြင်တွေဟာ ကျွန်တော်တို့ကို ပုံပြင်တွေထဲ ပါဝင်လာအောင် ပုံစံမျိုးစုံနဲ့ ခေါင်းညိတ်ခေါ်နေကြတယ်။ တစ်ခါတလေ ထမင်းလုံးတစ္ဆေ ခြောက်တယ်ဆိုတဲ့ အိပ်မက်ထဲက ပုံပြင်လိုပဲ ရှေ့တိုးလို့မရ၊ နောက်ဆုတ်လို့မရတဲ့ အခြေအနေနဲ့ ပုံပြင်ထဲကို ဆွဲသွင်းထားခြင်း ခံရပြန်တယ်။ တစ်ခါတလေတော့လည်း ပုံပြင်ထဲက စုန်းမကြီးရဲ့ အညှို့ခံထားတဲ့ ကလေးငယ်လေးတွေလို တုန်လှုပ်ချောက်ချားရင်း စုန်းမကြီးရဲ့လက်ထဲက လွတ်မြောက်အောင် ကြိုးစားရုန်းကန်နေကြရပြန်တယ်။ တစ်ခါတလေတော့လည်း မင်းသမီးလေးအတွက် ရန်သူတော်တွေကို တိုက်ခိုက်ရင်း မင်းသမီးလေးရဲ့ ချစ်မြတ်နိုးမှုကို ရရှိလိုက်တဲ့ ပုံပြင်တွေထဲက မင်းသားလေးတွေလိုပါပဲ။ တကယ်တော့ ငယ်ငယ်တုန်းက ပုံပြင်နားထောင်သူ အဖြစ်နဲ့ နေခဲ့ကြရပြီး အခုတော့ ပုံပြင်တွေထဲက ဇာတ်ကောင်တွေအဖြစ်နဲ့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပြန်မြင်တွေ့လိုက်ရသလိုပါပဲ။
ပုံပြင်တွေနားထောင်ရင်း ပျော်ခဲ့ရတာတွေ၊ ဝမ်းနည်းခဲ့ရတာတွေ၊ လွမ်းမောခဲ့ရတာတွေ၊ ထိတ်လန့်ခဲ့ရတာတွေ၊ အားမလိုအားမရ ဖြစ်ခဲ့ရတာတွေ၊ ကျေနပ်ပီတိဖြစ်ခဲ့ရတာတွေဟာ ပုံပြင်နားထောင်သူအဖြစ်နဲ့ ကျွန်တော်တို့တွေကို စတင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ နာရီလက်တံတွေ ရွေ့လျားပြောင်းလဲလာတော့ ကျွန်တော်တို့တွေဟာ ပုံပြင်ထဲက ဇာတ်ကောင်တွေအဖြစ်နဲ့ ပုံပြင်ရဲ့ ကိုယ်ထည်ထဲကို ရောက်ရှိသွားပြီး ပုံပြင်က ပြန်လည်သရုပ်ဆောင်စေခဲ့ပါတယ်။ ဒီပုံပြင်ဟာ လူကြီးမိဘတွေ ကလေးဘဝက ပြောပြခဲ့သလို သူတို့အိပ်ပျော်သွားမှာကို ပူစရာမလိုပါဘူး။ ပုံပြင်ထဲကနေ ထွက်ခွာသွားမှာကိုလည်း ပူစရာမလိုပါဘူး။ ပုံပြင်ထဲကနေ တိမ်းချော်သွားမှာကိုလည်း ပူစရာမလိုပါဘူး။ ပုံပြင်ဟာ ပုံပြင်ယောင်လည်း မဆောင်နိုင်သလို ပုံပြင်အဖြစ်က လွဲချော်သွားမှာလည်း မဟုတ်ပါဘူး။
ပုံပြင်ထဲက ဇာတ်ကောင်တွေအဖြစ်နဲ့ သရုပ်ဆောင်နေရချိန်မှာ ပုံပြောသူတွေဟာ ကလေးဘဝက ပုံပြောသူတွေလို မရိုးရှင်းတော့ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် သတိနဲ့ သရုပ်ဆောင်ရမယ့် ပုံပြင်တွေပါပဲ။ ထမင်းလုံး တစ္ဆေခြောက်တယ်လို့ ဆိုသလို ပြေးရင်းနဲ့ ရှေ့မရောက်တာတွေလည်း ရှိနိုင်သလို နောက်ပြန်လှည့်လို့လည်း မဖြစ်တဲ့ အခြေအနေတွေနဲ့ ရှိနေနိုင်ပါတယ်။ ဒီတော့ ပုံပြင်ဟာ သတိထား သရုပ်ဆောင်နေရတဲ့ ဇာတ်ကောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံပြင်တွေ ဖြစ်လာတော့တယ်။ ပုံပြင်တွေဟာ တစ်ခါတရံ မောဟိုက်လာတတ်တယ်။ တစ်ခါတစ်ရံ အညောင်းမိလာတတ်တယ်။ တစ်ခါတစ်ရံတော့ ကြေကွဲနေခဲ့ကြရပြန်ရော။ တစ်ခါတစ်ရံတော့ အပျော်ဓာတ်တွေ စီးဝင်လာခဲ့ပြန်တယ်။ တစ်ခါတစ်ရံ စုန်းမကြီးပဲ အနိုင်ရပြီး ကလေးငယ်လေးတွေ ဒုက္ခရောက်သွားနိုင်ပါတယ်။ တစ်ခါတစ်ရံလည်း မင်းသားလေးဟာ ရန်သူတော်တွေနဲ့ တိုက်ခိုက်ရင်း မင်းသမီးလေးရဲ့ ချစ်မြတ်နိုးမှုကိုလည်း မရ၊ အသက်ပါ ဆုံးရှုံးလိုက်ရတဲ့ ပုံပြင်တွေအဖြစ် ဖြစ်လာနိုင်ပါတယ်။ ကြာလာရင် ပုံပြင်ဟာ ကြောက်စရာ ကောင်းလာတတ်ပါတယ်။ စိတ်ဝင်စားဖွယ်ရာလည်း ကောင်းလာတတ်ပါတယ်။ ဆွဲဆောင်မှုလည်း ရှိလာတတ်ပါတယ်။ ပုံပြင်တွေထဲက ဇာတ်ကောင် ကျွန်တော်တို့တွေလည်း ပုံပြောသူတွေကို သတိထားရင်း သရုပ်ဆောင်ရဖို့ ဖြစ်လာတော့တယ်။
ကလေးဘဝက ပုံပြင်နားထောင်သူအဖြစ်နဲ့ ကျေနပ်နေခဲ့ကြတယ်။ တစိမ့်စိမ့် ပျော်ဝင်ကြရင်း။ ကြီးပြင်းလာကြတော့ ပုံပြင်ထဲက ဇာတ်ကောင်တွေအဖြစ်နဲ့ သရုပ်ဆောင် နေကြရတယ်။ ရှုပ်ထွေးလှည့်ပတ် ဂယက်တွေနဲ့။ ပုံပြောသူအဖြစ်နဲ့ ကျွန်တော်တို့ ရှိနေခဲ့ရင်ရော ဘယ်လိုပုံပြင်မျိုးလေးတွေနဲ့ ဖန်တီးပြောပြရင် ကောင်းမလဲလို့ စိတ်ကူးကြည့်မိတယ်။ ပုံပြောနေရင်း ပုံပြင်ဟာ လွဲသွားမှာလား။ ပုံပြင်ထဲကနေ တိမ်းချော်သွားမှာလား။ ပုံပြင်ဟာ ပုံပြင်ယောင်ဆောင်ရင်း ပုံပြင်ထဲက ထွက်ခွာသွားမှာလားဆိုတာ စဉ်းစားဖွယ်ရာပါ။ တကယ်တော့ ကျွန်တော်တို့တွေဟာ ပုံပြင်နားထောင်သူတစ်ယောက်၊ ပုံပြင်ထဲက ဇာတ်ကောင်တွေအဖြစ်နဲ့ သရုပ်ဆောင်နေရုံသာမကပဲ ပုံပြောသူတစ်ယောက်အဖြစ်နဲ့ပါ ကြုံတွေ့ကြရဦးမှာပါ။ ပုံပြင်လေးတွေ သက်တမ်းအကြာကြီး တည်ရှိနေဦးမယ် ဆိုရင်ပေါ့။ အဲဒီလို ကြုံလာရင် ကျွန်တော်တို့တွေ ဘယ်လိုပုံပြင်မျိုးလေးတွေ ပြောမယ်လို့ စိတ်ကူးထားမိပါသလဲ။