ခင်ဗျား ဦးခေါင်းထဲမှာ ဘာရှိသလဲ။
ကျွန်တော့် ဦးခေါင်းထဲမှာ သားသမီး သုံးယောက် ရှိသည်။ နောက်ထပ် ဘာရှိသေးသလဲ။ ဆရာကျော်စွာထက်ပြော ပြောရရင် ကျွန်တော် ကြိုက်သလိုလို ဖြစ်နေသော ကောင်မလေး နှစ်ယောက် ရှိသည်။ ခင်ဗျား ခေါင်းထဲမှာ ဘာရှိသလဲ။ တွားသွားနေသော အမာရွတ် တစ်ခု ရှိသည်။ ယင်းအမာရွတ်ကို လူအနည်းငယ် မြင်တွေ့ဖူးသည်။ ယင်းအမာရွတ်မှာ ၁၉၉၃ ခုနှစ် မော်ဒယ် ဖြစ်သည်။ ဤမျှဆိုလျှင် လုံလောက်ပေပြီ။ ယင်းအမာရွတ်က အမိန့်ပေးသည်ကို ကျွန်တော် နှစ်ကြိမ်လောက် ကြုံခဲ့ဖူးသည်။ ပြောပြစမ်းပါ။ ခင်ဗျားဦးခေါင်းထဲမှာ ဘာရှိသလဲ။ အင်း... တော်တော်များများ ရှိပါသည်။ ငွေကြေးမှလွဲ ၍ တော်တော်များများ ရှိသည်။ အော်စကာဝိုင်း နိုင်ငံရပ်ခြား ခရီးသွားတော့ လေဆိပ်မှာ အကောက်ခွန်အရာရှိက စစ်ဆေးမေးမြန်းသည်။ ခင်ဗျားမှာ အဖိုးတန်ပစ္စည်း ဘာပါသလဲ။ အော်စကာဝိုင်းက ဖြေသည်။ “ကျွန်တော့်မှာ အဖိုးတန်တာဆိုလို့ ကျွန်တော့်ခေါင်းထဲက အတွေးအခေါ်တွေပဲ ပါတယ်ဗျ” ဟု။
ဓမ္မစာပေအချို့ထဲတွင် ကျွန်တော် တွေ့ဖူးသည်ကို ပြန်ပြောပြလိုသည်။ တရားတစ်ပုဒ် နာယူကြရင်း တစ်ဂါထာမှာပင် သစ္စာဉာဏ် ရသူရှိသည်။ တရားတစ်ပိုဒ် ပြီးဆုံးမှ သစ္စာဉာဏ် ရသူရှိသည်။ တရားတစ်ပုဒ်လုံး ပြီးဆုံးမှ သစ္စာဉာဏ် ရသူလည်း ရှိသည်ဟု။ သစ္စာဉာဏ်ရသူကို ကျွန်တော် ရှိခိုးပါ၏။ စစ်ကြီးပြီးစအချိန်ဟု ထင်ပါသည်။ ပိဋိကတ် မောင်ကြိုင် ဆိုသော လူငယ်ကလေး တစ်ယောက် ပေါ်ပေါက်ခဲ့ဖူးသည်။ သူသည် ငယ်ရွယ်သော်လည်း ပိဋိကတ် စာပေများကို အလွတ်ရနေသည်။ ကျွန်တော် လူငယ်ဘဝက ရေးခဲ့ဖူးသလိုပင် ဖြစ်ပါသည်။ ကျွန်တော့် ဦးခေါင်းကို တဆတ်ဆတ် လှုပ်လိုက်သည်နှင့် စိတ်ကူးများ တချွင်ချွင် မြည်နေပါလိမ့်မည်။ သင့်လက်မနှင့် လက်ညှိုးပေါ်၌ ဒင်္ဂါးပြား တစ်ပြားကို တင်၍ တောက်ကြည့်ပါ။ ထိုအခါ ချွမ်ကနဲ မြည်သလိုပင် ဖြစ်ပါသည်။ အာဖရိက တိုင်းရင်းသား တစ်ယောက်သည် ၁ မှ ၃ အထိသာ ရေတွက်တတ်သူ ဖြစ်ပါသည်။ ဘာမျှ မတတ်နိုင်ပါ။ သူသည် သူပိုင်ဆိုင်သော ခရုခွံနှင့် ကျောက်ခဲပြားများတွင် မည်သည်က ပို၍များသလဲ ဆိုသည်ကို သိလိုသောအခါ ၁=၁ ဆက်သွယ်ချက်ကို အသုံးပြုပါသည်။ ကျောက်ခဲပြား တစ်ခုနှင့် ခရုခွံတစ်ခု အတူတွဲထားကြည့်ခြင်းပင်။
စာရေးဆရာကြီး ရာဟုလာသံကစ္စည်း သည် “ဗော်လဂါမှ ဂင်္ဂါသို့” အပါအဝင် စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပါသည်။ သူ ရေးသားခဲ့သော စာအုပ်များကို စီထပ်လိုက်ပါက သူ့ အရပ်အမောင်းထက် မြင့်သည်ဟု ဆိုပါသည်။ ထို စာရေးဆရာကြီးသည် သူ့ဘဝ၏ နှောင်းပိုင်းအချိန်များတွင် ဘာကိုမျှ မမှတ်မိတော့ဟု ဆိုပါသည်။ သူ ရေးသားခဲ့သော စာအုပ်များ မဆိုထားနှင့် သူ့အမည်ကို သူ မမှတ်မိတော့ဟုလည်း ဆိုပါသည်။ သူ့ခေါင်းထဲမှာ လုံး၀ ဗလာ။ ခင်ဗျား ဦးခေါင်းထဲမှာ ဘာရှိသလဲ။ ကျွန်တော့် ဦးခေါင်းထဲမှာ သားသမီး သုံးယောက် ရှိသည်။ ညအိပ်ချိန် ဆောင်းတွင်းကြီး ဖြစ်၍ သူတို့အမေ မဝင်းမေက သားသမီး သုံးယောက်ကို စောင်ခြုံပေးနေသည်။ ဒီဇင်ဘာဖြစ်၍ အေးပါသည်။
မင်းကွန်း ဆရာတော်ဘုရားကြီးသည် ပိဋိကတ် (၃) ပုံကို အာဂုံဆောင်နိုင်သည်ဟု ဆိုသည်။ အံသြဖွယ် မှတ်ဉာဏ်ပင်။ အံ့ဖွယ် ဉာဏ်ရည်ပင်။ ကျွန်တော့်အဖေ ငယ်ငယ်က ပြောဖူးသည်။ အမေရိကန်သမ္မတကြီး တစ်ဦးက လူပေါင်းမည်မျှ၏ အမည်ကို မှတ်မိနေသည် ဟူ၍။ မည်မျှ ဟူသည်မှာ ကိန်းဂဏန်းအရ အများကြီး ဖြစ်ပါသည်။ တစ်ခါဆုံဖူးသော လူတစ်ယောက်ကို နောက်တစ်ကြိမ် တွေ့လျှင် နာမည်ခေါ်ပြီး နှုတ်ဆက်နိုင်သည်။ ဤနည်းဖြင့် သူသည် မဲများရရှိပြီး သမ္မတ ဖြစ်လာသည်ဟု ဆိုပါသည်။ ကျွန်တော် ကာတွန်းတစ်ပုံ ရေးဖူးသည်။ ညက စာရင်းရေးရင်း မိုးလင်းသွားတယ်ကွာ။ ဘာစာရင်းလဲ။ ငါ ကြည့်မရတဲ့ လူတွေစာရင်း။ “ဟိုက်” ဆိုသော အာမေဋိတ်သံကလေးပါ ပါသေးသည်။ ကျွန်တော် မွေးဖွားကြီးပြင်းရာ ဇာတိမြောက်ပြင်တွင် မျက်စိမမြင်သော ကိုဝင်း ဆိုသူ ရှိသည်။ သူနှင့် တွေ့စက “ကိုဝင်း၊ ကျွန်တော် နေမျိုးပါ” ဟု ဆိုလိုက်လျှင် “အေး၊ မင်းနာမည် နေမျိုးနော်။ ပြန်ပြောစမ်းကွာ”။ “ကိုဝင်း၊ ကျွန်တော် နေမျိုးပါ”။ ကိုဝင်းသည် မျက်စိမမြင်သော်လည်း ကျွန်တော့်ကို မှတ်မိသွားပေပြီ။ တစ်နှစ်ခန့်အကြာ မြောက်ပြင်တွင် ကိုဝင်းကို တွေ့တော့ နှုတ်ဆက်ပြီး “ကျွန်တော် ဘယ်သူလဲ” ဟု မေးလိုက်ရာ “ဟေ့ကောင် မင်း နေမျိုး” ဟု ဒက်ခနဲ ပြောပါသည်။ ကိုဝင်းသည် မျက်စိ မမြင်သော်လည်း ရပ်ကွက်ထဲမှ လမ်းများကို ခြေကလေး ဖွဖွတိုးကာ တိုးကာနှင့် ဝင်ထွက် သွားလာတတ်သူ ဖြစ်ပါသည်။
အဲလ်ဗတ်အိုင်းစတိုင်းသည် နှိုင်းရဓမ္မ တရား ရီလေတီဗတီသီအိုရီကို ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်ပါသည်။ ယခင်က အိုင်းစတိုင်း၏ နှိုင်းရဓမ္မတရား ရီလေတီဗတီသီအိုရီကို နားလည်သူမှာ ကမ္ဘာပေါ်တွင် လေးဦးခန့်သာ ရှိသည်ဟု သိရသည်။ ထိုလေးဦးထဲတွင် စာရေးဆရာကြီး ဘာထရန်ရပ်ဆဲ ပါဝင်သည်ကိုလည်း မှတ်မိနေပါသည်။ ယခုအခါတွင်တော့ ထိုသီအိုရီကို လေ့လာသူ သိနားလည်သူ ဦးရေ တိုးလာသည်ဟု မှတ်ချက်ပြုနိုင်ပါလိမ့်မည်။ (ကျွန်တော်သည် ယင်းသီအိုရီကို ဆောင်းပါးတစ်ပုဒ်ထဲတွင် ထည့်သွင်း ရေးသားခဲ့ဖူးပါသည်။ နားလည်သိရှိသူ တစ်ဦးတစ်ယောက် အနေအထားနှင့် မဟုတ်ပါ။ ဤကား စကားချပ်) ဆရာချစ်ဦးညို ရေးသားသော ဓမ္မစာပေများထဲတွင် ရှင်သာရိပုတ္တရာ ရဟန္တာမြတ်ကြီးအကြောင်းကို ဖတ်ဖူးပါသည်။ ကြက်သီးထဖွယ် ကောင်းအောင် ကြည်ညိုစိတ်ကို ဖြစ်ပေါ်စေသော နှိုးဆော်သော ဓမ္မစာပေလက်ရာ ဖြစ်ပါသည်။ ဆရာချစ်ဦးညို၏ ဓမ္မစာပေအပေါ် အာရုံဝင်စားနိုင်မှုမှာ ထူးခြား ကောင်းမွန်လှပါသည်။ ခင်ဗျား ဦးခေါင်းထဲမှာ ဘာရှိသလဲ။ ကျွန်တော့် ဦးခေါင်းထဲမှာ အမာရွတ် တစ်ခုရှိပြီး အမာရွတ်သည် ရယ်မောနေပါသည်။ ဘာမျှ မတတ်နိုင်ပါ။ မဝင်းမေသည် အဝတ်များကို မီးပူထိုးနေပါသည်။ ကျွန်တော်က ဤစာကို ရေးနေပါသည်။ ကျွန်တော် ငယ်စဉ်က စာတစ်ပုဒ်ကို ကျက်လျှင် ခဏမျှနှင့် အလွတ်ရပါသည်။ ကျွန်တော် နှစ်သက်သော စာများဆိုလျှင် မှတ်မိနေတတ်ပါသည်။ အော်စကာဝိုင်းသည် ကျွန်တော့်၏ ဒဿနဆရာ ဖြစ်သည်ဟု ပြောခဲ့ဖူးပါသည်။ ယခုလည်း ထိုအတိုင်း ဖြစ်ပါသည်။ ကျွန်တော်ငယ်စဉ်က အင်္ဂလိပ်စာမှာ ညံ့ပါသည်။ အဖေသည် ကျွန်တော်တို့ ညီအစ်ကိုတတွေအတွက် “အင်္ဂလိပ် - မြန်မာ” အဘိဓာန်ထူထူကြီး တစ်အုပ် ဝယ်ပေးပါသည်။ ကျွန်တော်တို့ အရေးတယူ မရှိသော ထိုစာအုပ် ထူထူကြီးကို သူငယ်ချင်းတစ်ယောက်က ငှားသွားပြီး ပြန်မပေးတော့ပါ။ ကျွန်တော် ယခုနှစ်ဦးပိုင်းက သူနှင့် ရန်ကုန်မြို့မှာ ဆုံတော့ ထိုသူငယ်ချင်းသည် အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနေရုံမက အောင်မြင်သော စီးပွားရေးသမား တစ်ယောက် ဖြစ်နေပါပြီ။
ဗော်လ်တဲယားကို ဝိုင်းရိုက်မယ် ဆိုလျှင် “သူ့ခေါင်းကို မထိစေနဲ့၊ သူ့ခေါင်းထဲက ဉာဏ်ပညာတွေ ထွက်ကျသွားလိမ့်မယ်” ဟူသော စကားရပ်သည် ကျွန်တော်တို့ လူငယ်ဘဝက အမှတ်ရဖွယ်ကောင်းသော အဖြစ်အပျက် တစ်ခုသဖွယ် ဖြစ်ပါသည်။ ခင်ဗျားဦးခေါင်းထဲမှာ ဘာရှိသလဲ။ ကျွန်တော့် ဦးခေါင်းထဲက အမာရွတ်သည် အိပ်ပျော်သွားချေပြီ။ “ရှူး တိုးတိုး” ကျွန်တော်လည်း ယခု ရေးသားနေသော စာကို အဆုံးသတ်ပါမည်။ မည်သို့ အဆုံးသတ်မည်နည်းဟုမူ ကဗျာကလေး တစ်ပုဒ်နှင့် အဆုံးသတ်လိုပါသည်။ ကဗျာမှာ IDEA မဂ္ဂဇင်းတွင် ကျွန်တော် ရေးသားခဲ့သော ကဗျာဖြစ်ပါသည်။ ချစ်စွာသော စာရှူသူ ဖတ်ရှုနိုင်ရန် တင်ဆက်လိုက်ရပါသည်။
ဦးခေါင်း ရောင်းဝယ်ရေး
ဒါက ရယ်နေတဲ့ ဦးခေါင်း
ဒါက အသံမြည်နေတဲ့ ဦးခေါင်း
ဒါက သီချင်းဆိုနေတဲ့ ဦးခေါင်း
ဒါက အားလုံး မေ့လျော့ထားတဲ့ ဦးခေါင်း
ဒါက ခါနေတဲ့ ဦးခေါင်း
ဒါက အလွန်မာကျောတဲ့ ဦးခေါင်း
ဒါက သင်္ချာတော်တဲ့ ဦးခေါင်း
ဒါက အပေါက်တစ်ပေါက်ပါတဲ့ ဦးခေါင်း
ဒါက “မြေကြီး”လို့ အမြဲစာလုံးပေါင်းနေတဲ့ ဦးခေါင်း
ဒါက သုံးစွဲရန်အသင့်ဖြစ်နေတဲ့ ဦးခေါင်း
ဒါက ဘာယုံကြည်မှုမှ လက်မခံတဲ့ ဦးခေါင်း
ဒါက “တာ့တာ” လို့ နာမည်ပေးထားတဲ့
ဦးခေါင်း
(အားလုံး လက်ရွေးစင်တွေချည်း)
ကဲ ပြောပါ ဘယ်အမျိုးအစားကို
အလိုရှိပါသလဲ ခင်ဗျာ။