မိုးညလမ်းဆုံ

မိုးညလမ်းဆုံ
Published 18 July 2018

Photo: Flickr

၁။ အခန်းလေးဟာ အမှောင်ထုထဲက အခန်းငယ်လေးတစ်ခန်းပါပဲ။ အဲဒီအခန်းထဲမှာ ဘယ်အရာကိုမှ စောင့်ဆိုင်းမနေရဘဲ သူမ ရှိနေခဲ့တယ်။ စောင့်ဆိုင်းမနေဘဲဆိုတာ စိတ်အေးသက်သာစွာ နေနိုင်တာကို ဆိုလိုတာပေါ့။ ဟုတ်တယ် မဟုတ်လား။ စောင့်ဆိုင်းနေရတာလောက် ခက်ခဲပင်ပန်းတာ ဘာများရှိနိုင်မှာမို့လဲ။ တစ်ခုခုကို စောင့်မနေရတဲ့ အချိန်ခဏ စိတ်ကျေနပ်စရာ အခြေအနေမျိုးလို့ပဲ ဆိုပါတော့။ ဒါပေမဲ့ အိမ်အပြင်ဘက် ခေါင်မိုးပေါ်ကျနေတဲ့ မိုးရေစက် တပေါက်ပေါက်ကို ချောင်းနားစွင့်လို့ သူမ နာကျင် ထိတ်လန့်နေမိတယ်။ တစ်ကိုယ်တည်း ကြောက်လန့်နေမိတယ်။ အဲဒီ အမှောင်ပါးပါး လွှမ်းခြုံထားတဲ့နေရာ မိုးသံနဲ့ ဖုံးလွှမ်းနေတဲ့ ပတ်ဝန်းကျင်ဟာ အေးစိမ့်လို့ သူမအတွက် ဘာကြောင့် ကြောက်ရွံ့တုန်လှုပ်စရာ ကောင်းနေခဲ့တာလဲပေါ့။ သူမ သိထားတာက ဒီအခန်းလေးဟာ မိုးသံကလွဲလို့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုပါ။ ဟိုးအပြင်ဘက်က လှမ်းကြည့်ရင် ဒီနေရာမှာ ကျူးကျော်အိမ်ကလေးတွေ ရှိနေတယ်ဆိုရုံလောက်ပါ။ ဒါပေမဲ့ မိုးသံနဲ့အတူ နာကျင်စရာ မြင်ကွင်းတွေ၊ အတိတ်ရဲ့ ရနံ့တွေကို မြင်နေတွေ့နေရတယ်။ ပြတင်းတံခါး အပြင်ဘက်ကို လျှံကျနေတဲ့ အလင်းရောင် ရှိမနေတော့ပေမယ့် အိပ်စက်ပစ်လိုက်ဖို့လည်း စိတ်ကို လွှတ်ချလို့ မရသေးဘူး။ ထူးဆန်းအံ့သြဖို့ ကောင်းလားတော့ မသိဘူး။ အတန်ငယ်လုံခြုံတဲ့ အခန်းတစ်ခုထဲ မိုးစက်ကျသံကို နားထောင်ပြီး အိပ်စက်နေရတာလောက် အရသာရှိတာ ဘယ်မှာရှာလို့တွေ့နိုင်မှာလဲ ဆိုပေမယ့် အခုအချိန်ထိတော့ သူမ အိပ်လို့မရသေးဘူး။ အရာအားလုံး တိတ်ဆိတ်စွာ လဲလျောင်းနေကြတယ်။ ဒါမှမဟုတ် ဆူညံစွာ ငြိမ်သက်တည်နေလေရဲ့။

သူမ ကြီးပြင်းလာရာ ဘဝတစ်လျှောက်မှာလည်း အဲဒီမိုးရေတွေနဲ့သာ အမြဲစိုစွတ်ခဲ့ရ အေးစက်နေခဲ့ဖူးတာပါပဲ။ တုန်ရီထိတ်လန့် ခိုက်ခိုက်တုန် ကြောက်လန့်နေခဲ့ဖူးတာပေါ့။ နေရာအနှံ့ ရွေ့လျားခဲ့၊ မိုးတိမ်လို နေရာအနှံ့ စွတ်စိုပျံ့နှံ့လို့ ရွာသွန်းခဲ့ဖူးတာပေါ့လေ။ သူမအကြောင်းက ဘာများထူးဆန်းအံ့သြစရာ ရှိလို့လဲတဲ့။ အလေ့ကျ ဖြစ်တည်နေတဲ့ လောကထဲ အနိမ့်ကျဆုံးဘဝကို ရရှိခဲ့ဖူးသူတစ်ယောက်အတွက် ကိုယ်ပိုင်ဆိုင်တယ်ဆိုတာကလည်း အဲဒီ မိုးရေစက်တွေအပြင် ဘယ်များရှိမှာမို့လဲ။ အရာရာအားလုံးဟာ သူ့ သဘာဝအတိုင်း တည်ရှိဖြစ်တည်နေကြ၊ လှုပ်ရှား ပျောက်ကွယ်နေကြတာ။ ဘယ်အရာမှ ဖမ်းဆုပ်ထားလို့ မြဲနိုင်မှာမှ မဟုတ်တာ။ ဒါဆို အခုရောက်နေ၊ ရနေတဲ့ဘဝကရော ဘယ်လိုလဲ။ ကိုယ်စီဘဝတွေ လှုပ်ရှားပြောင်းလဲနေတဲ့စိတ်တွေ ရွေ့လျားနေတဲ့ ခြေလှမ်းတွေ ဘယ်မှာ ရပ်နေခဲ့လို့လဲ။ အဲဒီလိုပေါ့။ အရာရာ အားလုံးဟာ မိုးရေစက်ကလေးတစ်စက်နဲ့သာ နေ့သစ်တစ်ခုနဲ့သာ အမှုန်အမွှား ကလေးအဖြစ်နဲ့သာ စတင်ခဲ့ကြရတာ မဟုတ်လား။

၂။ သူမအဖြစ်တွေကလည်း အဲဒီလိုပါပဲ။ ဘဝကို အစက်ငယ်လေးတစ်စက် အလေ့ကျ ပေါက်ပင်လေးတစ်ပင် အဖြစ်နဲ့သာ စတင်ခဲ့ရတယ်။ လမ်းတွေပေါ် လှည့်လည်ကြီးပြင်းခဲ့ရပါတယ်။ အခုလို အခြေအနေမျိုးကို သူမ လွယ်လွယ်နဲ့ ရခဲ့တာမှ မဟုတ်တာ။ ဘဝတစ်လျှောက် ပေးဆပ်ခဲ့ရ၊ နာကျင်ယိုင်နဲ့ခဲ့ရ၊ ပြိုကျရုန်းကန်ခဲ့ရတာ။ ဒါပေမဲ့ အတိတ်ကဖြစ်ရပ်တွေ မေ့ထားနိုင်လို့လားဆိုတော့ မေ့ပစ်ချင်ပေမယ့် မေ့လို့မရ၊ အရိပ်လိုနောက်က အမြဲကပ်ပါနေခဲ့တာပေါ့လေ။ ကိုယ်ရုန်းကန်ခဲ့ဖူးပေမယ့် အခုလိုအချိန်မျိုးမှာ သက်သောင့်သက်သာ ရပ်နေနိုင်ပြီပဲ။ ဟိုးအဝေးကို လှမ်းကြည့်တယ်။ အရင်က အတိတ်ကိုလည်း ပြန်ငေးနေမိတယ်။ ကြီးပြင်းခဲ့ရာ ဘဝလမ်းမှာ ဘယ်လိုများ ပေါက်ရောက် ရှင်သန်ခဲ့ရသလဲလို့ စဉ်းစားနေမိတယ်။ ဘယ်လိုများ မိုးစက်တွေကို ခံယူခဲ့ရသလဲလို့။ ဘယ်လိုများ ထွက်ပြေး ပုန်းရှောင်နေခဲ့ရလဲလို့။ အမှောင်ထဲမှာ အကြာကြီး ကြောင်ငေး ပြန်တွေးနေမိတာ။ အကြာကြီးမှ တကယ့်အကြာကြီး။

ကလေးတစ်ယောက်ရယ်လို့တောင်မှ သတ်မှတ်မခံရတဲ့ ဝန်းကျင်တစ်ခုမှာ သူမ ကြီးပြင်းလာခဲ့တယ်လို့သာ ဆိုပါတော့။ ဘာအသိဉာဏ် ဆင်ခြင်နိုင်စွမ်းမှမရှိဘဲ အသက်ရှင်လိုမှု တစ်ခုတည်းအတွက် ဘဝကိုထိုးကျွေးနေရတဲ့ အချိန်တွေပါပဲ။ အဲဒါဟာ သူမရဲ့ အတိတ်ရုပ်ပုံကားချပ်တွေလို့ ဆိုချင်ဆိုနိုင်ပါတယ်။ အတိတ်ရဲ့ မှုန်ဝါးသွားတဲ့ အရိပ်အငွေ့တွေပေါ့လေ။ လူတွေ သတ်မှတ်ထားကြတဲ့ စကားလုံးက သူမတို့ဟာ သူတောင်းစားတွေပါတဲ့။ သူမတို့ဟာ အိမ်ခြေယာမဲ့ တောင်းရမ်း စားသောက်သူတွေပေါ့လေ။ အမှန်တော့ သူတို့က အဲဒီထက်တောင် နိမ့်ကျချင် နိမ့်ကျနေနိုင်ပါသေးတယ်။ အစပိုင်းတော့ ရိုးရိုးတမ်းတမ်း တောင်းရမ်းစားသောက် နေထိုင်ခဲ့တာပါပဲ။ စားစရာမရှိ၊ အလုပ်အကိုင် လုံးဝမရှိလို့ အနိမ့်ကျဆုံးအလုပ်ကို လုပ်ရတယ်လို့ ဆိုလိုတာမျိုးပါ။ ထူးဆန်းတဲ့ တောင်းရမ်း စားသောက်ပုံဆိုတာကတော့ စာနာကူညီတတ်တဲ့ လူ့အသိုက်အဝန်းအပေါ် အခွင့်အရေးယူပြီး အမြတ်ထုတ်စီးပွားရှာတဲ့ ပုံစံရောက်တဲ့အထိ ဆိုပါတော့။ ဟုတ်တယ်။ သနားကြင်နာတတ်တဲ့ ပတ်ဝန်းကျင်တောင်မှ သံသယတွေအဖြစ် ပြောင်းလဲစေခဲ့တဲ့ နိမ့်ကျ ယုတ်မာမှုတွေပေါ့လေ။ အုပ်စုဖွဲ့ တောင်းရမ်းတယ်။ ဒဏ်ရာအနာတရကို အတုလုပ်တယ်။ ကလေးငယ်ငယ်လေးတွေကို နေ့စားနဲ့ အငှားခေါ်ပြီး ဟန်ရေးပြတတ်တယ်။ အဲဒီလို တစ်နေရာစီခွဲပြီး ပုံစံအမျိုးမျိုးနဲ့ တောင်းရမ်းနေတဲ့သူတွေကို တစ်ဦးတစ်ယောက်ကနေ နောက်ကွယ်မှာ စနစ်တကျ စီမံခန့်ခွဲနေတယ်။ ကဲ နားရှုပ်သွားလား မသိဘူး။

၃။ မိုးရေထဲမှာ အချိန်အကြာကြီး အိပ်ပျော်နေတဲ့ ကလေးတစ်ယောက်ကို မြင်ဖူးလိမ့်မယ်ထင်တယ်။ ဒါမှမဟုတ် နေပူကျဲကျဲထဲမှာ မွေးကာစ ကလေးတစ်ယောက်ကို ရင်ခွင်ပိုက်ပြီး ထိုင်နေတတ်တဲ့ တောင်းရမ်းသူ တစ်ယောက်ကို သတိထားချင် ထားမိနိုင်ပါတယ်။ ဒါဆို အဲဒီမြင်ကွင်းမျိုးကို ဘယ်လိုသဘောရလဲ မသိဘူး။ ကဲ မတွေးတတ်တော့ ဘူးမဟုတ်လား။ မွေးကာစကလေးကို အိပ်ဆေးတိုက်ပြီး လမ်းမပေါ် တစ်နေကုန် အိပ်ပျော်နေစေတာ ကောင်းတဲ့အလုပ်တော့ မဟုတ်ဘူး ဆိုပေမယ့် လူတွေရဲ့ကိုယ်ချင်းစာစိတ်ကို အသုံးချပြီး သနားလာအောင် လုပ်ယူတာပဲပေါ့။ အားလုံးက ဒီလိုပုံမျိုးတွေချည်းပါပဲ။ အရွယ်ရောက်စ ကလေးငယ်လေးတွေကို တစ်နေရာက တစ်နေရာ လှည့်ပတ် တောင်းရမ်းခိုင်းတယ်။ မီးပွိုင့်တွေမှာ၊ ကားဂိတ်တွေမှာ၊ လူစည်ကားတဲ့လမ်းတွေမှာ။ အဲဒီလို တောင်းရမ်းတဲ့အလုပ်ကို နောက်ကွယ်ကနေ ကြိုးကိုင်ပြီး အဖွဲ့လိုက်စီးပွားဖြစ် လုပ်နေတယ်ဆိုတာ ပထမတော့ လူတွေ သတိမထားမိသေးဘူး။ အခုနောက်ပိုင်းမှသာ သတိပြုမိလာကြတာ။ ထားပါတော့။ အရင်တုန်းကတော့ အနာအတုလုပ်တာ၊ ဒဏ်ရာလို့ထင်အောင် လုပ်ကြံရတာတွေ ရှိတယ်။ အယောင်ဆောင် လိမ်လည်တာတွေ ရှိတယ်။ နောက်ပိုင်းကျတော့ ပိုပြီးအတင့်ရဲလာကြပါတယ်။ မွေးကင်းစကလေးတွေကို နေ့စားနဲ့ အငှားခေါ် အိပ်ဆေးတိုက်ပြီး ပလက်ဖောင်းပေါ် ဒီအတိုင်းပစ်ချထားတယ်။ လူမမည်ကလေးတွေကို မိုးထဲရေထဲ နေပူထဲ ဒီအတိုင်း ပစ်ထားစေတယ်။ အသက်ကြီးကြီး အဘိုးကြီးအဘွားကြီးတွေကို သနားစဖွယ်ဖြစ်အောင် ပြင်ဆင်ပေးထားတယ်။ ကဲ မယုံရင် သူတို့ထဲက တစ်ယောက်ယောက်ကို မေးမြန်းဖို့ လှမ်းခေါ်ကြည့်လိုက်လေ။ ပြန်ဖြေဖို့ နေနေသာသာ ဆဲဆိုထွက်ပြေးသွားလိမ့်မယ်လို့ သူမ ပြောရဲပါတယ်။

တကယ်တမ်းကျတော့ သူမလည်း ဒီအလုပ်ကြီးကို တော်တော်လေး စိတ်ကုန်နေပြီလို့ပဲ ဆိုပါတော့။ ဒါမှမဟုတ် သူမ တကယ့်ကို သာယာနေမိတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ဘဝလုံး လုပ်ခဲ့ရတာဆိုတော့လေ။ သူမ ငြီးငွေ့ချင်မိတယ်။ ဒါပေမဲ့ လက်လွှတ်လို့လည်း မဖြစ်နိုင်ပြန်ပါဘူး။ အရင်တုန်းကဆို သူမလည်း အခိုင်းခံ ဝေစုခွဲခံရတဲ့ ကလေးတစ်ယောက်၊ ကျွေးတာစားပြီး သူတို့ခိုင်းတဲ့ အတိုင်း လုပ်ခဲ့ဖူးတာပဲ။ အခုကျတော့ သူမ တစ်ဘဝလုံး ပေးဆပ်ခဲ့ရသလောက် သူမ ပြန်ရနေပြီ။ ကိုယ့်အုပ်စုမှာ ကိုယ်က ခေါင်းဆောင်လုပ်နေပြီ။ ဘယ်သူက ဘယ်နေရာသွား၊ ဘယ်လိုနေဆိုတာ သူမ စီစဉ်နေရပြီ မဟုတ်လား။ အသက်ကြီးကြီး အဘိုးကြီး အဘွားကြီးတွေရဖို့ သူတို့ကို နေစရာပေးကျွေးထားဖို့၊ မွေးကင်းစကလေးတွေ ငှားနိုင်ဖို့အတွက် တစ်နေ့တစ်နေ့ သူမ စီစဉ်နေရတယ်။ အရင်းအနှီးနည်းနည်း ရလာရင် ကလေး တစ်ယောက်နှစ်ယောက်ကို မီးပွိုင့်မှာ ရေသန့်ကွမ်းယာ ရောင်းခိုင်းထားမယ်။ စံပယ်ပန်း ရောင်းခိုင်းထားမယ်။ သူမကတော့ တစ်နေရာရာကနေ စောင့်ကြည့်နေတာပေါ့လေ။

၄။ ဒီလိုပါပဲ။ သူမအကြောင်းတွေက ဒီလောက်ပဲဆိုတော့လေ။ တခြားဘာမှလည်း မလုပ်တတ်လို့ ပြောပြစရာလည်း မရှိဘူး။ ဒီ အလုပ်က ဥပဒေနဲ့လွတ်လား မလွတ်ဘူးလား သူမ တကယ်မသိပါဘူး။ ခိုးဆိုးလုယက် မကောင်းတာ လုပ်စားနေတာမှ မဟုတ်တာလေ။ ဒါပေမဲ့ အခုနောက်ပိုင်း ညဘက်တွေဆို သူမ တော်တော်နဲ့ကို အိပ်လို့မပျော်ဘူး ဖြစ်နေတတ်တယ်။ မိုးတွေရွာ လေတွေတိုက်နေရင် ပိုဆိုးတယ်။ ဘယ်လိုမှ စိတ်ချလက်ချ အိပ်လို့ကို မရတော့တာပါ။ ငယ်ငယ်တုန်းက ပုံရိပ်တွေ တစ်နေကုန် မိုးရေထဲ ထိုင်နေရတဲ့ နေ့တွေ သူမမျက်လုံးထဲ ပြန်မြင်ယောင်နေမိတယ်။ နောက်ပြီး ကြောက်လည်းကြောက်နေမိသေးတယ်။ ဘာမှမဆိုင်ဘူးလို့ စိတ်ကို ဒုန်းဒုန်းချအိပ်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ အိပ်မရဘူး ဖြစ်နေတာပါ။ သူမ ငယ်စဉ်က သွားလာတဲ့နေရာတွေ၊ အဲဒီညစ်ပတ်ပေရေနေတဲ့ ပတ်ဝန်းကျင်တွေ၊ အရာရာနိမ့်ကျနေတဲ့ စိတ်ဓာတ်တွေ၊ သူမခေါင်းထဲ တန်းစီရောက်လာတော့တာ။ အဲဒါတွေပဲ မြင်နေရတယ်။ ဘယ်လောက်အထိလဲဆိုရင် နောက်တစ်နေ့ အိပ်ရာက မထမချင်း။ အိပ်ပျော်သွားတဲ့တိုင် အိပ်မက်ထဲမှာကို ဒီနေရာဝန်းကျင်တွေပဲ စိတ်နဲ့ ရောက်နေသလိုမျိုး။ အဲဒီ အရိပ်တွေပဲ သူမနောက် အရိပ်လို ထက်ကြပ်မကွာ လိုက်နေခဲ့တာ။ အခုလို မိုးတွေ သည်းလွန်းတဲ့အချိန် သူမ ကျင်လည်ဖူးတဲ့ လမ်းဆုံမီးပွိုင့်တွေမှာပါ။

Most Read

Most Recent