ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး
Published 4 July 2018

၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကျင်းပရန်အတွက် (၁၅)ကြိမ်မြောက် UPDJC အစည်းအဝေးအား နေပြည်တော်၌ ဇွန် ၂၉ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ဇေယျာထွန်း)

■ ငြိမ်းချမ်းရေးရတော့မှာလား

ကိုဘသစ်က ဖုန်းဆက်ပြီး သွားနေကျ လက်ဖက်ရည်ဆိုင်ကို ချိန်းလိုက်ပါတယ်။

ဟိုရောက်တော့ သူကပဲ စပြောပါတယ်။

“ဇူလိုင် ၁၁ ရက်မှာ၂၁ ရာစု  ပင်လုံ ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် အစည်းအဝေးကို ကျင်းပပါမယ်။ စိတ်ပါဝင်စားသူများ တက်ရောက်ဖို့ကိုလည်း ဖိတ်ခေါ်ထားတယ်”

“ခင်ဗျား သွားတက်မလို့လား”

“ကျွန်တော် အခြေအနေကို ကြည့်နေတာပါပဲ။ တစ်လောက ဆရာတော်ဦးဇဝနက မေးတယ်။ ဒကာကြီး ငြိမ်းချမ်းရေးရတော့မှာလားတဲ့”

“ခင်ဗျား ဘယ်လို ဖြေလိုက်လဲ”

“လူအများဟာ ဒီမေးခွန်းကိုမေးတတ်ပါတယ်။ ကျုပ်က ‘အရှင်ဘုရား ဒါဆိုရင် သုံးကြိမ်မြောက်ပေါ့။ ၂၁ ရာစု ပင်လုံညီလာခံ အတွက် တတိယအကြိမ်မြောက် ဆွေးနွေးမှုကို စတင်တော့မှာလို့ သတင်းစာထဲပါတယ်။ ရလဒ်ကတော့ ဘယ်သူမှ မခန့်မှန်းနိုင်ကြဘူး’လို့ပဲ ဖြေလိုက်တယ် “

“အင်း ဆွေးနွေးတာ ရလဒ်ကောင်းကို ပဲ မျှော်လင့်တာပဲ မဟုတ်လား”

“မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ အတော်လေးကိုများနေတယ်”

“ဒါဆိုရင် ဆွေးနွေးတာတွေဟာ အလကားပဲလား”

“ဒီလိုလည်းမဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးကြတာတွေက ကောင်းပါတယ်။ ညှိနှိုင်းဖို့ လိုတာကိုး”

“ငြိမ်းချမ်းရေးမရဘူးဆိုတာ မတည့်ကြတာ။ အယူအဆတွေမတူတာ မဟုတ်လား”

“မှန်ပါတယ်။ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုမတည့်တာ၊ လူမျိုးအချင်းချင်း ရန်ဖြစ်တာမျိုးပါ”

“လောကမှာ ဒီလိုပဲ။ တစ်အိမ်တည်းနေ ညီအစ်ကိုမောင်နှမတွေတောင် အယူအဆ မတူသူတွေ အများကြီးပဲ”

“ဟုတ်ပါတယ်။ ဘာသာရေး အမြင်မတူသူတွေ ဝါဒမတူသူတွေ မတူတာတွေ အများကြီးရှိတယ်။ ပြီးတော့ သူတို့ဟာ အတူတူနေကြတယ်”

“မတူတဲ့အခါ  တစ်ယောက်ကို တစ်ယောက် အပြစ်မြင်ကြတာပေါ့”

“အင်း လူတွေဆိုတာ အပြစ်ရှိကြတယ် မဟုတ်လား”

“လူတွေဟာ အမှားလုပ်တတ်တယ်။ To err is human beings ဆိုတဲ့ စကားရှိတယ်။ ဒါပေမဲ့ အပြစ်ရှိတယ်ဆိုတာတော့ မတွေ့ဘူး”

“မှားတယ်ဆိုတာ အပြစ်တွေပေါ့။ လူတိုင်း မှားတတ်တယ်ဆိုတာကိုက လူတိုင်း အပြစ်ရှိတယ်လို့ ပြောတာနဲ့ အတူတူပဲပေါ့”

 

■  မေတ္တာနဲ့ဆေးကြော

“မဟုတ်သေးဘူး။ အပြစ်ရှိတယ်ဆိုတာကတော့ လူတွေရဲ့ အယူအဆတွေ ပါလာတယ်။ ဗုဒ္ဓဘာသာမှာ အရက်သောက်တာ အပြစ်ဆိုပေမယ့် ခရစ်ယာန်ဘာသာဝင်အတွက် အရက်နည်းနည်း သောက်တာဟာ အပြစ်မဟုတ်ဘူး။ ဒါပေမဲ့ အရက်သောက်တဲ့အခါ အပြစ်တွေ ကျူးလွန်တတ်တာတွေရှိပါတယ်”

“ထားပါတော့ တို့တတွေဟာ အယူဝါဒ မတူကြတော့ အမှားတွေကို ကျူးလွန်တာတွေ ရှိတာပဲပေါ့။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဆွေးနွေးတော့မယ်ဆိုပါတော့ ဒီလို တွေ့ဆုံဆွေးနွေးတဲ့အခါ မင်းအပြစ်ကဘာ၊ ငါ့အပြစ်က ဘာရယ်လို့ စွပ်စွဲနေလို့မရဘူး”

“ဒါပေမဲ့ အပြစ်ကို မြင်နေတာပဲ မဟုတ်လား”

“အပြစ်ရှိသူတွေဆိုတော့ အပြစ်တွေကို မြင်ကြမှာပဲ”

“လူဆိုတာ အပြစ်ရှိတယ်ဆိုတော့ အဆင်ပြေဖို့ ဘာတွေ လုပ်သင့်လဲ”

“တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတဲ့အခါ မေတ္တာနဲ့ ဆေးရတယ်။မေတ္တာဆိုတာ ဆပ်ပြာနဲ့တူတယ်။ ချေးညော်မတင်အောင် ဆေးကြောရပါတယ်”

“မေတ္တာဆိုတာကို နှစ်ဖက်စလုံး ထားရမှာပေါ့ ဟုတ်လား”

“တစ်ဖက်က စ,ထားရင် ရပါတယ်။ မေတ္တာဆိုတာ အလျားအနံမရှိပေမယ့် အသွားအပြန် ရှိတယ်”

“ဘယ်လို ဆေးကြောမလဲ”

“ အဖွဲ့နှစ်ဖွဲ့ ဆွေးနွေးတယ်ဆိုပါတော့။ သူတို့ဟာ လက်နှစ်ဖက်နဲ့ တူတယ်။

လက်နှစ်ဖက်ကို ဆပ်ပြာတိုက်ရေဆေးတယ်ဆိုရင် လက်တစ်ဖက်က နောက်တစ်ဖက်ကို ပွတ်တိုက် ဆေးကြောပေးတာပဲ”

 

■  ငြိမ်းချမ်းရေးအတွက် အခက်အခဲ

“ဘာလို့ ဒီလောက်တောင် ခက်ခဲနေရလဲ၊ ကိုဘသစ်”

“အကြောင်းတွေကတော့ အများကြီးပေါ့။ မြန်မာပြည်မှာ တိုင်းရင်းသားတွေအများကြီးရှိတယ်။ အထူးသဖြင့် ယနေ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ ဗဟိုချုပ်ကိုင်မှုတွေနဲ့ အုပ်ချုပ်နေတာက ဒီလို ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ ခက်ခဲရတဲ့အကြောင်းတစ်ခု ပါမယ်”

“ဘယ်လိုမျိုးလဲ”

“ကျွန်တော်တို့ ဒေသအသီးသီးမှာ စီးပွားရေးလုပ်ငန်းတွေကို ဗဟိုကပဲ အဓိကချုပ်ကိုင်ထားတယ်။ ဥပမာ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းလိုမျိုး၊ လျှပ်စစ်ဓာတ်ထုတ်လုပ်ရေး လုပ်ငန်းတွေလိုမျိုးပေါ့”

“အင်း ဒါတွေက အတော်လေးခက်ပါတယ်။ ကျွန်တော်တို့က ဖယ်ဒရယ်ဝါဒနဲ့သွားကြမယ် မဟုတ်လား”

“မှန်ပါတယ်၊ ဖက်ဒရယ်က အရေးပါပါတယ်။ ဒါပေမဲ့ ဗဟိုချုပ်ကိုင်မှုက အဓိကကျနေတယ်”

“အင်း ဖက်ဒရယ်ဆိုတာ သားသမီးတွေကို အိမ်ထောင်ရက်သားချပေးပြီး သူတို့ ကိုယ်တိုင် တစ်အိုးတစ်အိမ် ထူထောင်ပေးတာမျိုးနဲ့ တူတာပဲ။ သူတို့ကို တစ်အိုးတစ်အိမ် ထူထောင်ပေးပြီးနောက် မိဘက သွားပြီး သူ တို့အိမ်ကို စီမံအုပ်ချုပ်တာမျိုးတော့ မလုပ်ကောင်းဘူးပေါ့”

“မှန်ပါတယ်။ ဒါကို Decentralize လုပ်တယ်လို့ ခေါ်တယ်။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး Decentralize လုပ်စရာတွေ အများကြီး ရှိသေးတယ် ထင်တယ်”

“ရှိမှာပေါ့။ တို့ဟာ တိုင်းရင်းသားတွေနဲ့ အတူနေထိုင်လာတဲ့ ကာလတွေမှာ တိုင်းရင်းသားတွေကို လက်အောက်ခံလို့ သဘောထားခဲ့တဲ့ အချိန်တွေရှိခဲ့တယ် မဟုတ်လား”

“အဲဒါက ပဒေသရာဇ်ခေတ်ပေါ့။ မြန်မာဘုရင်လက်ထက်ကပါ။ ပြည်သူအချင်းချင်း နားလည်မှုတွေ လွဲနေကြတဲ့ခေတ် မဟုတ်လား။ အရောက်အပေါက်လည်း နည်းတာကိုး”

“ဒါပေါ့။ ဆက်ဆံရေး မလွယ်တဲ့ ခေတ်အခါမှာ  နားလည်မှုတွေ လွဲကြတာပဲ။ တိုင်းရင်းသားတွေ ရိုးသားတယ်။ ပြည်မကလူတွေက အဲဒီအပေါ် အခွင့်ကောင်းယူတာတွေ ရှိတာပဲ။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ လူဆိုးတွေကိုနယ်နှင်ရင် ရှမ်းပြည်တို့လိုနေရာ ပို့တာပဲ”

“မှန်ပါတယ်။ မြန်မာဘုရင်လက်ထက်မှာလည်း မဲဇာပို့တာတွေမျိုး ရှိပါတယ်။

အင်္ဂလိပ်ခေတ်က လူဆိုးတွေကို တစ်ကျွန်းပို့တယ်ဆိုတာ ရှိတယ်။ အဲဒါက ကပ္ပလီကျွန်းပို့တာမျိုးပေါ့။ နောက်ပိုင်းမှာ ကိုကိုးကျွန်းကို ပို့တယ်”

“ဒီနေရာမှာ နားလည်မှုတွေပေါ့လေ။ နယ်စပ်ဒေသတွေမှာ ဖွံ့ဖြိုးရေးတွေ လုပ်ပေးရမယ့်အစား လူဆိုးတွေကို ပို့တာတော့ အဆင်မပြေဘူး ထင်တယ်။ အဲဒီဒေသမှာ မတည်မငြိမ်ဖြစ်ပြီး ပိုလို့ ဆိုးသွားစေမှာပေါ့”

“မှန်ပါတယ်။ ကျွန်တော်တို့ နားလည်မှုတွေ လွဲနေကြတယ်။ သူ့အိုးအိမ်ကို ဖျက်ဆီးတာမဟုတ်ဘဲ သူတို့ကို လုပ်ပိုင်ခွင့်တွေပေးတဲ့ ဖက်ဒရယ်မူတော့ လိုတယ်”

“ဖက်ဒရယ်မူနဲ့ တရားမျှတမှုရှိအောင် ဆောင်ရွက်ဖို့ လိုတယ်။ ဒါတွေကို မလုပ်ရင် ငြိမ်းချမ်းရေးအတွက် အခက်အခဲတွေ့မှာပေါ့။ ဥပမာ တိုင်းရင်းသားခေါင်းဆောင်တွေက NCA လက်မှတ်တွေ ရေးထိုးသွားမယ်။ပြီးတော့ သူတို့ပြန်သွားပြီး သူတို့ဒေသခံတိုင်းရင်းသားတွေနဲ့ တွေ့မယ်။ ဒီအခါ တိုင်းရင်း သားတွေက မေးတော့မယ်။ သူတို့ရဲ့ အနေအထား ဘယ်လိုရှိလဲပေါ့”

“သူတို့ လုပ်ပိုင်ခွင့်တွေကို မေးမှာပေါ့”

“ဒီအခါ ပြတ်ပြတ်သားသား မပြောနိုင်ရင် သူတို့ခေါင်းဆောင်တွေကို သူတို့ယုံကြည်တော့မှာ မဟုတ်ဘူး”

“အင်း ဒါကလည်း တကယ့်အခက်အခဲပဲ။ ယုံကြည်မှုကို တည်ဆောက်ဖို့လိုတာပေါ့”

“ဒါပေမဲ့ ဒီလိုယုံကြည်မှု တည်ဆောက်ဖို့အတွက် တရားမျှတမှုလိုတယ်။ မိမိတို့ဟာ အမှန်တရားကို အမြဲ လုပ်ဆောင်နေကြရမယ်။ ငြိမ်းချမ်းရေးဆိုတာ ပြည်သူတွေအတွက် အမှန်တရားတစ်ခုပါ။ ဒါကြောင့် ငြိမ်းချမ်းရေးရဖို့ ဟိုကွေ့မှာ ဟိုတက်နဲ့လှော်ပြီး ဒီကွေ့မှာ ဒီတက်နဲ့လှော်လို့ မရောက်နိုင်ပါဘူး”

 

■  လေးစားမှု

“လူတွေဟာ မှားတယ်လို့ ဆိုပါတယ်။ ဒီတော့ ဒီလိုမှားတာတွေကို သည်းခံဖို့လည်း အရေးကြီးတယ်”

“မှန်တာပေါ့။ ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ထောက်ပြဝေဖန်တာတွေကို လက်ခံရမယ်။ အပြစ်ပြောတာတွေကိုလည်း သည်းခံကြရမယ်”

“ဒါက လေးစားမှုနဲ့ ဆိုင်တယ်။ ဆွေးနွေးပွဲကို ရောက်လာတဲ့သူတွေဟာ ပထမအနေနဲ့ တစ်ယောက်ကို တစ်ယောက် လေးစားဖို့လိုတယ်။ သူ ပြောတဲ့စကား ကိုယ်နားထောင်။ ကိုယ်ပြောတဲ့စကား သူ နားထောင် တာမျိုးက အရေးပါတယ်”

“ဟုတ်ပါတယ်။ စိတ်ပါဝင်စားစွာ နားထောင်ဖို့လိုတယ်။ အထင်နဲ့ ရမ်းပြီးကောက်ချက်မချဖို့ လိုတယ်။ သူ ဒီလိုပြောနေတာ သူ ဒါကို လိုချင်လို့ပဲလို့ ကြိုတင်ကောက်ချက်ချတာမျိုး လုံး၀ မလုပ်ရပါဘူး”

“မှန်ပါတယ်။ ဒါဟာ အထင်သေးမှုတွေ ပါဝင်နိုင်တဲ့ ကိစ္စပါ”

“နောက်တစ်ခုက သူတို့နဲ့ ကျွန်တော်တို့ အခြေခံတွေးခေါ်မှုတွေ မတူဘူး”

“ဒါကတော့ ကြီးပြင်းလာတဲ့ ပုံစံမှမတူတာပဲ။ သူတို့ အရေးကြီးတယ်လို့ ယူဆပြီး အလေးထားတာကို ကျွန်တော်တို့က အရေးမပါဘူးလို့ ယူဆတာတွေပေါ့။ ဒီနေရာမှာ ပြဿနာအများကြီး ဖြစ်သွားနိုင်တယ်”

ဘာတွေ လုပ်မလဲ

“ဒီတော့ တိုင်းရင်းသား ဒေသတွေမှာ တိုးတက်မှုတွေဖြစ်အောင် လုပ်ရမှာ အသေအချာပဲ။ ဒီတော့ ဘာကို အရင် တိုးတက်အောင် လုပ်ကြရမလဲ”

“ပထမလုပ်ရမှာက စီးပွားရေးပေါ့။ ကမ္ဘာကြီးမှာ နည်းပညာဟာ အတော်လေးကို တိုးတက်နေတယ်။ ဒီတော့ စက်ရုံကြီးတွေကို နေရာအနှံ့ တည်ဆောက်နိုင်သလို စိုက်ပျိုးရေးလို လုပ်ငန်းတွေလည်း တည်ဆောက်လို့ရနိုင်တယ်။ စိုက်ပျိုးရေးနည်းပညာ မြင့်တက်နေပါပြီ။ ဒီတော့ တိုင်းရင်းသားဒေသတွေမှာ စီးပွားရေး တိုးတက်လာမယ်”

“ဒီလို စက်ရုံ အလုပ်ရုံတွေနဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်တွေလုပ်နိုင်ဖို့ အရေးပါတာက ပညာပါပဲ။ သူတို့ဟာ ကမ္ဘာနဲ့အဆက်အသွယ်ရဖို့ စာတတ်ပြီး စာဖတ်သူတွေဖြစ်ရမယ်”

 

နိဂုံး

ဆင်းရဲတွင်းကလွတ်ဖို့ အရေးအကြီးဆုံးက ပညာပဲလို့ ဆိုတယ်။ ပညာတတ်မှ မထုံမအ တာပဲပေါ့။ ငါဟာ ဘယ်သူ၊ ငါ့အရည်အသွေး ဘာလဲဆိုတာသိဖို့ ပညာလိုတာပါပဲ။မေတ္တာထားဖို့ဟာ ပညာလိုတယ်။ မနာလို ဝန်တိုကင်းဖို့ ပညာလိုတယ်။ သူတစ်ပါး ကောင်းစားတာကို မုဒိတာပွားဖို့ ပညာလိုတာပါပဲ။ ဘယ်အဆင့်ရောက်ရောက် မငြိမ်းချမ်းရင် ဒုက္ခတွေနဲ့ပဲဆိုတာ မမေ့ပါနဲ့။ ကျွန်တော်တို့ဟာ အမိမြန်မာပြည်ရဲ့ သားသမီးရတနာတွေပါ။ အားလုံးဟာ အတူတူပါပဲ။ အထူးသဖြင့် ရေရှည်ခရီးအတွက် တိုင်းရင်း သားတွေကို လုပ်ပိုင်ခွင့်တွေ ပေးပြီး ငြိမ်းချမ်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

Most Read

Most Recent