ဒါကျက်၊ ဒါဖြေနှင့် နှုတ်တိုက်အာဂုံဆောင် ပညာရေး

ဒါကျက်၊ ဒါဖြေနှင့် နှုတ်တိုက်အာဂုံဆောင် ပညာရေး
Published 27 May 2018

လူထုမှ မျှော်လင့်တကြီး စောင့်ကြည့်နေကြသည့် NLD အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကဏ္ဍများတွင် ပညာရေးကဏ္ဍသည်လည်း ထိပ်ဆုံးမှပါဝင်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်  NLD အနိုင်ရပြီးနောက် အရပ်သား အစိုးရဖြစ်လာသည်နှင့်တစ်ပြိုင်နက် တိုင်းပြည်၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် တစ်ဟုန်ထိုး တိုးတက်လာလိမ့်မည်ဟု ထင်မြင်ကြသည်။ အစိုးရစတင်ဖွဲ့ချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ကိုင်တွယ်သည့်ဌာနများတွင် ပညာရေးဝန်ကြီးဌာနလည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် ပညာရေးကဏ္ဍ၏ အပြောင်းအလဲမှာ တခြားသော ကဏ္ဍများထက် ပိုမိုလျင်မြန်သွက်လက်၍ စိတ်ကျေနပ်ဖွယ် တိုးတက်လာမှုကို ခံစားရမည်ဟု ယုံကြည်ခဲ့ကြခြင်းလည်းဖြစ်သည်။

NLD ပါတီအနေဖြင့် အစိုးရမဖြစ်မီကပင် ပညာရေးကဏ္ဍ၌ ၎င်းတို့ပါတီ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် မျှော်မှန်းချက်များကို ချပြခဲ့သည်။ အစိုးရဖြစ်လာသည့်အချိန်တွင် ပညာရေးဝန်ကြီးဌာနအောက်၌ ပြည်ထောင်စုဝန်ကြီးရုံး၊ အဆင့်မြင့်ပညာဦးစီးဌာန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပညာရေးသုတေသန၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ကျောင်းပြင်ပဦးစီးဌာန၊ စက်မှု နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ လေ့လာ ဆန်းစစ် အကဲဖြတ်ရေးအဖွဲ့ (ပညာရေး)၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (သုတေသန)၊ တက္ကသိုလ်၊ ဒီကရီကောလိပ်၊ ကောလိပ် ၁၅၈ ခုဖြင့် ဖွဲ့စည်းပုံပြောင်းလဲခဲ့သည်။ ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခြင်း၊ ကျောင်းအပ်နှံရေး သတင်းပတ်ဆောင်ရွက်ခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ ဆရာဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများ လစာအပြည့်အဝရရှိရေးနှင့် ဘဏ်မှတစ်ဆင့်ထုတ်ယူနိုင်ရေး၊ ဝါရင့်ကထိကဆရာ၊ ဆရာမများ ပါရဂူဘွဲ့သင်တန်း တက်ရောက်ရေး၊ နည်းပညာသက်မွေးပညာရေးလေ့ကျင့်ရေးဆိုင်ရာ လေ့လာသုံးသပ်မှုများ ပြုလုပ်၍ စီမံကိန်းချမှတ်ရေး၊ ဆရာ ဆရာမများ၏ သင်ကြားပို့ချမှုစွမ်းဆောင်ရည် အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၌ ကျောင်းအဆင့်တိုးမူနှင့် ကိုက်ညီသည့် ၉၃၇ ကျောင်း အပါအဝင် စုစုပေါင်း အခြေခံပညာကျောင်း ၃၃၁၂ ကျောင်းကို တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် NLD အစိုးရလက်ထက်တွင် ပညာရေးဘတ်ဂျက်မှာ စုစုပေါင်းဘတ်ဂျက်၏ ၁၃ ရာခိုင်နှုန်းခန့်ရှိပြီး ဒေသတွင်း အခြားနိုင်ငံများ၏ ဘတ်ဂျက်နှင့် မယှဉ်နိုင်သေးသော်လည်း သိသာစွာတိုးမြင့်လာခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများအပေါ် အားရကျေနပ်မှုမရှိဘဲ ပညာရေးအသိုင်းအဝိုင်း၌ ဝေဖန်မှုများထွက်ပေါ်နေခဲ့သည်။ အထူးသဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုစနစ်တွင် သင်ရိုးညွှန်းတမ်း ပြဿနာနှင့် ရှေးရိုးစွဲသင်ကြားမှု၊ သင်ယူမှုပုံစံမှ များစွာ ခွဲထွက်နိုင်ခြင်းမရှိသေးသည့်အပေါ် မေးခွန်းထုတ် ဝေဖန်ကြခြင်းဖြစ်သည်။ “ဒါကျက်၊ ဒါဖြေ” အလေ့အထနှင့် နှုတ်တိုက်အာဂုံဆောင် သင်ကြားမှုပုံစံများထက် ကျောင်းသားကိုယ်တိုင် လေ့လာသင်ယူနိုင်သည့် ပုံစံနှင့် တတ်မြောက်မှုကို တိုင်းတာ အကဲဖြတ်နိုင်သည့် စာမေးပွဲစနစ်မျိုးကို ပြောင်းလဲနိုင်ရန် အများက လိုလားနေကြသည်။ ပညာရေးကဏ္ဍတွင် ဘတ်ဂျက်အခန်းကဏ္ဍသည် အရေးပါသော်လည်း ယင်းဘတ်ဂျက်များကို အသုံးပြုပုံ မှန်ကန်ရန်လည်း လိုသည်။ တိုးမြှင့်လိုက်သော ပညာရေးဘတ်ဂျက်တွင် သင်ထောက်ကူကဏ္ဍ တိုးတက်ရေးအတွက် ဘတ်ဂျက်အသုံးပြုမှု နည်းပါးပြီး တည်ဆောက်ရေးအတွက် အသုံးပြုမှု များနေခြင်းကိုလည်း ပညာရေးအသိုင်းအဝိုင်းက ဝေဖန်ကြသည်။

ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ငွေကြေးသည် အရေးပါသည်ဆိုသော်လည်း နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ပြောင်းလဲမှုအဆင့်ဆင့်နှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မဟာဗျူဟာသည်လည်း များစွာ အရေးပါမည်ဖြစ်သည်။ ဒေသတွင်းနိုင်ငံများတွင် ဗီယက်နမ်နှင့် စင်ကာပူသည် ပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်း ပုံစံဆင်တူသည်။ ယင်းနှစ်နိုင်ငံစလုံးမှာ အရှေ့တောင်အာရှ၌ ကောင်းမွန်သည့် ပညာရေးစနစ်တစ်ရပ်ကို နိုင်ငံတကာက လက်ခံနိုင်အောင် တည်ဆောက်ထားနိုင်သည်။ နိုင်ငံတကာကျောင်းသားများ အကဲဖြတ်ရေးအစီအစဉ် PISAS 2015 အရ စင်ကာပူက ထိပ်ဆုံးတွင် ရှိနေသော်လည်း ဗီယက်နမ်သည် သိပ္ပံဘာသာရပ်များတွင် ဂျာမနီ၊ ဆွစ်ဇာလန်ကဲ့သို့သော ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အထက်တွင်ရှိနေသည်ဆိုသည့် ရလဒ်မှာ အံ့သြစရာဖြစ်ခဲ့ရသည်။ ထိုအခြင်းအရာကိုကြည့်လျှင် ပညာရေးစနစ် အခြေတည်ကောင်းမွန်ရန်အတွက် စီးပွားရေးအင်အားသည် တစ်ခုတည်းသော အဓိက အချက်မဟုတ်သည်ကို တွေ့ရလိမ့်မည်။ သို့ဖြစ်ရာ မြန်မာ့ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် အလွတ်ကျက်ပညာရေး စနစ်မှ စဉ်းစားတွေးခေါ်မြော်မြင်နိုင်စွမ်းကို အလေးပေးသော ပညာရေးစနစ်မျိုးဖြစ်ရန် ပြောင်းလဲမှုကို ဦးစားပေးသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

(မေလ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent