ဗဟိုဘဏ်က လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာ ၁ ဒသမ ၆၅ သန်း ထုတ်ရောင်းသော်လည်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၀၈ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်

ဗဟိုဘဏ်က လေလံဈေးကွက်မှတစ်ဆင့် ဒေါ်လာ ၁ ဒသမ ၆၅ သန်း ထုတ်ရောင်းသော်လည်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၀၈ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်
Published 15 August 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ် ၁၅ ရက်တွင် လေလံဈေးကွက်မှ တစ်ဆင့် ဒေါ်လာ ၁ ဒသမ ၆၅ သန်း ထုတ်ရောင်းသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး ဆက်တက်လာခြင်းကြောင့် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၅၀၈ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို သြဂုတ် ၁၅ ရက်တွင် ၁၄၇၅ ကျပ်အထိ မြှင့်တင်ခဲ့ပြီး သြဂုတ် ၁၄ ရက်နှုန်းထက် ၁၅ ကျပ် ပိုမိုများပြားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း တစ်ရက်လျှင် ဒေါ်လာတစ်သိန်းသာ ထုတ်ရောင်းလျက်ရှိရာမှ နိုင်ငံခြားငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်ဘောင် ပယ်ဖျက်ပြီး ဒုတိယနေ့တွင် ဒေါ်လာ ၁ ဒသမ ၆၅ သန်း အထိ လေလံဈေးကွက်၌ ထုတ်ရောင်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဈေးကွက်တွင် တူရကီ ဘဏ္ဍာရေးအခြေအနေကြောင့် ဒေါ်လာဝယ်လိုအား ပိုတက်လာပြီး သြဂုတ် ၁၅ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၆ ဒသမ ၆၅ ပွိုင့်အထိရောက်ခဲ့ကာ ၁၃ လအတွင်း အမြင့်ဆုံးနှုန်းဖြစ်သည်။ ဥရောပဘဏ်များတွင် တူရကီလိုင်ယာငွေများ ပိုက်မိနေခြင်းကြောင့် ယူရိုငွေဈေးကိုပါ ကျဆင်းစေပြီး ဒေါ်လာဈေး ပိုမိုမြင့်တက်စေခြင်းကြောင့် တရုတ်ယွမ်ငွေ အပါအဝင် အာရှငွေကြေးအချို့လည်း ဒေါ်လာနှင့်ယှဉ်ပါက ကျဆင်းလျက်ရှိသည်။ တရုတ်ယွမ်ငွေမှာ သြဂုတ် ၁၅ ရက်တွင် ဒေါ်လာနှင့် ယှဉ်လျှင် တစ်ဒေါ်လာ ၆ ဒသမ ၉၁ ယွမ်ဝန်းကျင်ဖြစ်နေကာ ကျပ် ၁၀၀ လျှင်  ၀ ဒသမ ၄၆ ယွမ်ဝန်းကျင်ဖြစ်သည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်း ကိန်းများမှာ ဖေဖော်ဝါရီတွင် ၉၀ ဒသမ ၄၃ ပွိုင့်၊ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသမ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကာ သြဂုတ် ၁၅ ရက်တွင် ၉၆ ဒသမ ၆၆  ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ဈေးကွက်အတွင်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် နိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းဘဏ်များ လေလံဈေးကွက်မှတစ်ဆင့် သြဂုတ် ၁၅ ရက်တွင် ဒေါ်လာ ၁ ဒသမ ၆၅ သန်းအထိ ထုတ်ရောင်းခဲ့ပြီး  ပုဂ္ဂလိက ဘဏ်များကို ဒေါ်လာများထုတ်ချေးရန်နှင့်  သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာထုတ်ရောင်းရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ် ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ၁၄၄၃ ကျပ်၊ သြဂုတ် ၁ ရက်တွင် ၁၄၄၇ ကျပ်၊ သြဂုတ် ၂ ရက်တွင် ၁၄၅၁ ကျပ်၊ သြဂုတ် ၃ ရက်တွင် ၁၄၆၅ ကျပ်၊ သြဂုတ် ၇ ရက်တွင် ၁၄၇၅ ကျပ်၊ သြဂုတ် ၁၄ ရက်တွင် ၁၄၈၈ ကျပ်၊ သြဂုတ် ၁၅ ရက်တွင် ၁၅၀၈ ကျပ်အထိ စံချိန်တင် ဆက်လက်မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ်ဒေါ်လာ ၁၃၄၆ ကျပ်နှင့် သြဂုတ် ၁၅ ရက်တွင်ဖြစ်ပေါ်သော တစ်ဒေါ် လာ ၁၅၀၈ ကျပ်နှင့်နှိုင်းယှဉ်ပါက နှစ်လကျော်အတွင်း ၁၆၂ ကျပ်၊ ၁၂ ရာခိုင်နှုန်းအထိ ကျပ် ငွေတန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်၊ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃ တို့ဖြစ်ပြီး ဇွန်လတွင် ကွာဟ ချက်အများဆုံးဖြစ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း သြဂုတ် ၁၅ ရက်တွင်ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၆၉၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၈၈ ကျပ်၊ မလေးရှားရင်းဂစ် ၃၆၀ ကျပ်၊ ထိုင်းဘတ် ၄၅ ဒသမ ၇၀ ကျပ်၊ တရုတ်ယွမ် ၂၁၆  ကျပ်၊ ဂျပန် ယန်း ၁၃ ဒသမ ၃၀ ကျပ်၊ တောင်ကိုရီးယားဝမ် ၁ ဒသမ ၄၀ ကျပ်ဖြစ်သည်။

Most Read

Most Recent