အမြတ်ဝေစု ခွဲဝေပေးမှုများကြောင့် စတော့အိတ်ချိန်း၏ ဇူလိုင်လ အရောင်းအဝယ်ဖြစ်မှု ယခုနှစ်အတွင်း အများဆုံးဖြစ်ပေါ်

အမြတ်ဝေစု ခွဲဝေပေးမှုများကြောင့် စတော့အိတ်ချိန်း၏ ဇူလိုင်လ အရောင်းအဝယ်ဖြစ်မှု ယခုနှစ်အတွင်း အများဆုံးဖြစ်ပေါ်
Published 5 August 2018

ရန်ကုန်စတော့ အိတ်ချိန်းတွင် နေ့စဉ်အရောင်းအဝယ်ပြုမှု အကြိမ်အရေအတွက် တိုးမြှင့်ခြင်း အခမ်းအနား ပြုလုပ်နေသည်ကို တွေ့ရစဉ်

အမြတ်ဝေစုများ ခွဲဝေပေးမှုကြောင့် ရန်ကုန်စတော့အိတ်ချိန်း၏ ဇူလိုင်လ အရောင်းအဝယ်ဖြစ်မှု ပြန်လည် မြင့်တက်လာပြီး ယခုနှစ်အတွင်း အများဆုံးအဖြစ် ကျပ် ၁ ဒသမ ၂၃ ဘီလျံကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်း၏ လစဉ်အရောင်းအဝယ် ဖြစ်မှုဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

FMI ၏ ရှယ်ယာတစ်စုလျှင် အမြတ်ဝေစုကျပ် ၁၀၀ နှင့် အစုရှယ်ယာ ၂၀ လျှင် ရှယ်ယာတစ်စု Bonus Share ခွဲဝေပေးမှု၊ MTSH ရှယ်ယာတစ်စု ကျပ် ၂၃၀၊ FPB ရှယ်ယာတစ်စု ကျပ် ၂၀၀၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၂၀၀ နှင့် TMH ရှယ်ယာတစ်စု ကျပ် ၂၀၀ အမြတ်ခွဲဝေပေးမည်ဟု ကြေညာခဲ့မှုများကြောင့် ရှယ်ယာအရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် သုံးနှစ်အတွင်း အစုရှယ်ယာ အရောင်းအဝယ်ဖြစ်မှု စံချိန်တင် အနည်းဆုံးအဖြစ် ယခုနှစ် ဇွန်လတွင် ကျပ်သိန်း ၆၆၆၀ ကျော်သာ အရောင်းအဝယ် ဖြစ်မှုနှင့် စံချိန်တင်ထားပြီး ဇူလိုင်လ အရောင်းအဝယ် ဖြစ်မှုမှာ ယခုနှစ်အတွင်း အများဆုံး ဖြစ်လာခဲ့သည်။

ထိုသို့အရောင်းအဝယ်ဖြစ်မှု မြင့်တက်လာသော်လည်း ၂၀၁၈ ခုနှစ်အတွင်း စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှုမှာ ယခင်နှစ်များထက် ကျဆင်းမှု ဖြစ်ပေါ်နေသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် TMH တယ်လီကွန်း ပါဝင်လာပြီး စတော့အိတ်ချိန်း နေ့စဉ်အရောင်းအဝယ် ပြုမှုကို နေ့စဉ်နှစ်ကြိမ်မှ လေးကြိမ်အဖြစ်သို့ မတ်လကုန်တွင် တစ်နေ့လေးကြိမ်သို့ တိုးမြှင့်ခဲ့သည်။ ထိုသို့ တိုးမြှင့်ခဲ့ပြီးနောက် လအလိုက် အရောင်းအဝယ်ဖြစ်မှု သိသာစွာ မြင့်တက်မလာသော်လည်း ပျမ်းမျှ အရောင်းအဝယ်ဖြစ်မှု တစ်ရက် ကျပ် ၅၇ သန်းခန့်ရှိပြီး ယခင်ထက် ၄၂ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းမန်နေဂျာ ဦးမင်းသူက ပြောကြားထားသည်။

ရန်ကုန်စတော့အိတ်ချိန်းရှိ အစုရှယ်ယာများမှာ သြဂုတ် ၃ ရက်တွင် အရောင်းအဝယ် ဖြစ်ပေါ်မှု၌ FMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၂၀၀၀၊ MTSH ရှယ်ယာတစ်စု ကျပ် ၃၃၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၇၉၀၀၊ FPB ရှယ်ယာတစ်စု ကျပ် ၂၄၀၀၀ နှင့် TMH  ရှယ်ယာတစ်စု ကျပ် ၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်ထားသည်။

Most Read

Most Recent