တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ ခွင့်ပြုပေးခွင့် မရှိဟု ဆို

တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များ ခွင့်ပြုပေးခွင့် မရှိဟု ဆို
Published 26 August 2017

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုကော်မတီ၏ ၁/၂၀၁၇ အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-DICA)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်များကို ခွင့်ပြုပေးခွင့် မရှိကြောင်းနှင့် ယင်းကင်းလွတ်ခွင့်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်အရသာ ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားချက်အရ သိရသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စိစစ်ခွင့်ပြုပေးရာတွင် လုပ်ငန်းများ ပိုမိုမြန်ဆန် သွက်လက်စွာ ဆောင်ရွက်နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ ကြီးကြပ်နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုးကျ မျှတစွာ ဖွံ့ဖြိုးမှု ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရေးတို့အတွက် ရည်ရွယ်ကာ အဆိုပါ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ သို့မဟုတ် အတည်ပြု လျှောက်ထားလွှာ လျှောက်ထားဆဲဖြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလွှာများကို တင်ပြလာပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီရုံးသည် စိစစ်လက်ခံရမည်ဖြစ်ပြီး လိုအပ်သည့် အချက်အလက်များကို အတည်ပြုပေးရမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီရုံး (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများ) သည် သက်ဆိုင်သည့် အချက်အလက်များကို အတည်ပြုပြီးနောက် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် လျှောက်ထားလွှာများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ဆက်လက်ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဇူလိုင်လအတွင်း ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုနှင့် နေပြည်တော်ကောင်စီတို့အတွက် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိ မတည်ပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ အတည်ပြုမိန့် ထုတ်ပေးနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၂၄ (ဇ) အရ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ပိုင်ခွင့် ခွဲဝေသတ်မှတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ အတည်ပြုမိန့် ထုတ်ပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် မတည်ငွေရင်း ပမာဏအား အမေရိကန်ဒေါ်လာ ငါးသန်း သို့မဟုတ် မြန်မာကျပ်ငွေ သန်း ၆၀၀၀ အထိ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၂၄ (ဇ) တွင် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများအရ လည်းကောင်း၊ သဘာဝအရင်းအမြစ် အနေအထားအရ လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် လည်းကောင်း ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ လုပ်ပိုင်ခွင့် ခွဲဝေသတ်မှတ်ပေးခြင်းဟူ၍ ဖော်ပြထားကြောင်း သိရသည်။

Most Read

Most Recent