ပဲပုံမှန်တင်သွင်းခွင့်ရရန် အစိုးရချင်း ညှိနှိုင်းမှု မအောင်မြင်ပါက ထိခိုက်နစ်နာမှု လျော့နည်းစေရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး ရိတ်သိမ်းပြီးပဲများ ဝယ်ယူခြင်းနှင့် ဈေးကွက်တည်ငြိမ်ရေး လုပ်ဆောင်မည်

ပဲပုံမှန်တင်သွင်းခွင့်ရရန် အစိုးရချင်း ညှိနှိုင်းမှု မအောင်မြင်ပါက ထိခိုက်နစ်နာမှု လျော့နည်းစေရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းပြီး ရိတ်သိမ်းပြီးပဲများ ဝယ်ယူခြင်းနှင့် ဈေးကွက်တည်ငြိမ်ရေး လုပ်ဆောင်မည်
Published 26 August 2017

အိန္ဒိယ၏ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲနှင့် ပတ်သက်သည့် အစည်းအဝေး တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-UMFCCI)

အိန္ဒိယနိုင်ငံသို့ ပုံမှန်ပဲတင်သွင်းခွင့် ရရှိရေး အစိုးရချင်း ညှိနှိုင်းမှု မအောင်မြင်ပါက တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု လျော့နည်းစေရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ တောင်သူလယ်သမားများ လက်ဝယ်ရှိ ရိတ်သိမ်းပြီးပဲများ ဝယ်ယူခြင်းနှင့် ဈေးကွက်တည်ငြိမ်ရေးများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်က သြဂုတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံ အစိုးရက ပြည်ပမှ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်းတင်သွင်းမှု တန်ချိန် ကန့်သတ်ချက်များကို သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့ရာ မြန်မာ့ ပဲကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အခက်အခဲ ဖြစ်စေခဲ့သည်။ ထို့ကြောင့် ပုံမှန် ပဲတင်သွင်းခွင့် ပြန်လည်ရရှိရေးအတွက် အစိုးရချင်း ညှိနှိုင်းပေးပါရန် ပုဂ္ဂလိကကဏ္ဍက နိုင်ငံတော် အစိုးရအား တင်ပြထားပြီး လက်ရှိတွင် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ညှိနှိုင်းနေသော်လည်း ကြိုတင် ပြင်ဆင်သည့် အနေဖြင့် အစိုးရချင်း ညိနှိုင်းမှု မအောင်မြင်ပါက မြန်မာ့ပဲကုန်သည်များနှင့် တောင်သူလယ်သမားများအတွက် ထိခိုက်နစ်နာမှု လျော့နည်းစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ကုန်သည်စက်မှု အသင်းချုပ်နှင့် သက်ဆိုင်ရာ အသင်းများ ဆွေးနွေးခဲ့သည်။

ထိုသို့ ဆွေးနွေးရာတွင် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းကာ တောင်သူလယ်သမားများထံမှ ရိတ်သိမ်းပြီးပဲများအား ဝယ်ယူသိုလှောင်ခြင်းနည်းနှင့် အခြားပဲအမျိုးအစား သို့မဟုတ် အခြားသီးနှံအား အစားထိုးစိုက်ပျိုးစေမည့်နည်း အပါအဝင် ဈေးကွက်တည်ငြိမ်ရေးနှင့် တောင်သူလယ်သမားများအား ထိခိုက်မှု လျော့နည်းစေရေး ရေတိုရေရှည် နည်းလမ်းများကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။

 

လက်ရှိ ပဲအခက်အခဲအတွက် ကုန်သည်စက်မှု အသင်းချုပ်မှ ဦးဆောင်၍ သက်ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍ အသင်းများမှ ကိုယ်စားလှယ်များ အနေဖြင့် သြဂုတ် ၂၅ ရက်၌ နေပြည်တော်တွင် အစိုးရနှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေးမည့်အပြင် အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်လည်း တွေ့ဆုံညှိနှိုင်းမည်ဖြစ်သည်။

အိန္ဒိယ၏ ပဲတင်သွင်းမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲနှင့် ပတ်သက်ပြီး ယင်းနိုင်ငံသို့ မြန်မာ့ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း တင်ပို့နိုင်ရေးအတွက် Quota အများဆုံး ရရှိအောင် ညှိနှိုင်းပေးရန်နှင့် နိုင်ငံတစ်ခု၊ ဈေးကွက်တစ်ခုသာ အားပြုတင်ပို့နေခြင်းမှာ ကာလတို၊ ကာလရှည်အတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်၍ အခြားနိုင်ငံများသို့ G to G၊ B to B ဖြင့် တိုးချဲ့တင်ပို့နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ဈေးနှုန်းအပေါ် သက်ရောက်နိုင်သော Speculation Shock များ မပေါ်ပေါက်စေရန် သတင်းထုတ်ပြန်ခြင်း ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က တောင်းဆိုထားသည်။

ကမ္ဘာ့ပဲတင်ပို့မှု တတိယအများဆုံး နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ပဲမျိုးစုံတင်ပို့မှု နှစ်စဉ်တန်ချိန် ၁၄ သိန်းနီးပါးရှိပြီး အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ဝင်ငွေရရှိနေသော်လည်း အဓိကတင်ပို့သည့် ပဲမျိုးများဖြစ်ေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့မှာ အိန္ဒိယ ဈေးကွက်အပေါ် အဓိက အားထားနေရခြင်း ဖြစ်သည်။

Most Read

Most Recent