အစာကုန်ကြမ်းရှားပါးပြီး ဈေးနှုန်းမြင့်တက်မှုကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များ အခက်တွေ့

အစာကုန်ကြမ်းရှားပါးပြီး ဈေးနှုန်းမြင့်တက်မှုကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များ အခက်တွေ့
Published 11 July 2018

မြိတ်မြို့ရှိ သား၊ ငါး အအေးခန်းစက်ရုံ တစ်ခုကို တွေ့ရစဉ်

အစာကုန်ကြမ်းရှားပါးပြီး ဈေးနှုန်းမြင့်တက်နေမှုကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်များ အခက်တွေ့နေကြောင်း ဇူလိုင် ၁၀ ရက်တွင် ပြုလုပ်သည့် ငါးလုပ်ငန်းအဖွဲ့ချုပ် ပုံမှန်အစည်းအဝေးတွင် ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးဇော်လင်းက ပြောကြားသည်။

“ဒီတစ်ပတ်နှစ်ပတ်အတွင်း ဖွဲနုဈေးဖြတ်တဲ့အမြင့်အပေါ်မှာ မွေးမြူထုတ်လုပ်သူ အနေအထားနဲ့ ငွေရှိသော်လည်း ကုန်ကြမ်းက ပျောက်သလို ဖြစ်နေတယ်။ ဖွဲနုရှာရခက်သွားပါပြီ။ အခြေခံအားဖြင့် ဖွဲနုကို အဓိကထားပြီး ကျွေးတာဖြစ်တဲ့အတွက် အစာကျွေးတဲ့ အနေအထားမှာ အခက်အခဲအများကြီး ဖြစ်ပြီးတော့ ငါးဈေးကွက်ထဲကို မလိုလားအပ်ဘဲနဲ့ ငါးတွေပြုံထိုးပြီး ဝင်လာတဲ့ သဘောရှိတယ်။ ကျွေးစရာမရှိတဲ့ အချိန်မှာ ဖော်စရာပဲရှိတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ ငါးဈေးကွက် အနေအထားအရ ကြည့်မြင်တိုင်၊ ရွှေပိတောက်ငါးဈေးတွေမှာ အရင်တုန်းကဆို လှေပုံမှန်ဝင်ရင် အမြင့်ဆုံးလှေအစင်း ၃၀ ကနေ ၄၀ ဝင်တယ်။ ဒီတစ်ပတ် နှစ်ပတ်အတွင်း ယှဉ်ကြည့်တဲ့အခါ တစ်နေ့ထက်တစ်နေ့ လှေအစင်းရေက အစင်း ၇၀ ပတ်လည်လောက် ဖြစ်နေတယ်။ မနက်ကနေ တစ်ညလုံး ရောင်းတဲ့အထိကို ငါးတွေက မကုန်နိုင်ဘူး။ အဲဒီအခက်အခဲတွေက ဘာဖြစ်လို့ဖြစ်တာလဲ သုံးသပ်တဲ့အခါမှာ အခြေခံဖြစ်တဲ့ ငါးအစာကုန်ကြမ်း တစ်မုဟုတ်ချင်း ဈေးမြင့်တက်လာတာရယ်၊ အစာကုန်ကြမ်း ဝယ်လိုအား ရှိသော်လည်း ကုန်ကြမ်းပစ္စည်း ပျောက်နေတဲ့ သဘောရှိတာရယ်၊ ကျွေးနိုင်သည့်အင်အား နည်းသွားတာရယ်၊ ရှေ့ဆက်ပြီး လုပ်ငန်းရှင်တစ်ယောက် အနေဖြင့် မွေးမြူဖို့ ခက်ခဲသည့်အခြေအနေ ရောက်နေပြီ” ဟု ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း ဘဏ္ဍာရေးမှူး ဦးဇော်လင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ငါးအစာကုန်ကြမ်းဖြစ်သည့် ဖွဲနုဈေးသည် တစ်ပေါင်လျှင် ၁၄၅ ကျပ်အထိရှိနေပြီး ယခင်က ကျပ် ၁၁၀၊ ၁၁၅ ကျပ်သာရှိကြောင်း သိရသည်။

“လက်ရှိအနေအထားအရ မွေးတဲ့ငါးအနေအထားနဲ့ ကျွေးရတဲ့ အစာအပြောင်းအလဲပါ။ အခု မြန်မာနိုင်ငံမှာ ငါးစာဖြစ်တဲ့ ကုန်ကြမ်းဖွဲနုဈေးက တစ်မုဟုတ်ချင်း ဆိုသလို ကျပ် ၁၁၀၊ ၁၁၅ ကျပ်ကနေ ဒီနေ့၁၄၅ကျပ် အထိ ရောက်သွားတဲ့ သဘောရှိတယ်။ စပါးတွေ တိုက်ရိုက်ထွက်တာရှိတယ်။ ဖွဲနုတွေ တိုက်ရိုက် ထွက်တာရှိတယ်။ နောက်တစ်ခုက စပါးကို လုံးတီးကြိတ်ပြီး ထွက်တာရှိတယ်။ အကြောင်းအမျိုးမျိုး ထွက်သွားတာတွေရှိတယ်။ မြန်မာနိုင်ငံက စပါးထွက်တဲ့နိုင်ငံ အနေအထားနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး နိုင်ငံမှာ ပါပါတယ်။ သို့သော်လည်း စပါးဘေးထွက်ပစ္စည်းဖြစ်တဲ့ ဖွဲနုက ဒီနေ့ထိ တစ်ပေါင်ကို ၁၄၅ ကျပ် ဖြစ်တဲ့အခါကျတော့ ဒီကုန်ကြမ်းဈေးကြီးကို အခြေခံပြီးကျွေးတဲ့ ငါးလုပ်ငန်း အနေအထားနဲ့က လုပ်ငန်းပေါ်မှာ အများကြီး ထိခိုက်နစ်နာမှုတွေရှိပါတယ်။ ဈေးကွက်နဲ့ မွေးမြူရတဲ့ ကုန်ထုတ်စရိတ် မကိုက်တဲ့ အခြေအနေကို ရောက်သွားပါပြီ” ဟု ဦးဇော်လင်းက ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ သားငါးကဏ္ဍမှာ ကျဆင်းမှုများနှင့် ကြုံတွေ့ရလျက်ရှိပြီး အစိုးရအနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် ငါးလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ငါးဈေးကွက် တစ်ခုဖြစ်သည့် ဆော်ဒီနိုင်ငံမှလည်း ငါးတင်သွင်းခွင့်များကို ပိတ်ပင်ထားခြင်းကြောင့် ငါးဈေးကွက်မှာ အကျပ်အတည်းများနှင့် ရင်ဆိုင်ရလျက်ရှိသည်။

Most Read

Most Recent