ချင်းပြည်နယ်၏ ကုန်စည်ကူးသန်းရောင်းဝယ်မှု တိုးတက်စေရေး ပလက်ဝကုန်သွယ်ရေးဇုန် တည်ထောင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြထား

ချင်းပြည်နယ်၏ ကုန်စည်ကူးသန်းရောင်းဝယ်မှု တိုးတက်စေရေး ပလက်ဝကုန်သွယ်ရေးဇုန် တည်ထောင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြထား
Published 11 December 2017

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်သို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားအချို့အား ယခုရက်ပိုင်းအတွင်း တွေ့ရစဉ်

ချင်းပြည်နယ်၏ ကုန်စည်ကူးသန်းရောင်းဝယ်မှု တိုးတက်လာစေရေးအတွက် ပလက်ဝကုန်သွယ်ရေးဇုန် တည်ထောင်နိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ချင်းပြည်နယ် ကုန်သည်စက်မှု အသင်းချုပ်မှ သိရသည်။

“ချင်းပြည်နယ်မှာ အဓိက,က နွားနောက်တွေ မွေးမြူတယ်။ အိန္ဒိယက အဓိက လိုချင်တာက နွားနောက်။ ဒါပေမဲ့ အခုမှ နိုင်ငံတော်က တိရစ္ဆာန်ကို ပို့လို့ရတဲ့ အခြေအနေဖြစ်တာ။  အရင်တုန်းကဆို ဒါကပို့လို့မရဘူး။ ပို့လို့မရတဲ့အခါ ချင်းပြည်နယ်က ပို့ကုန်မရှိဘူး ဖြစ်နေတယ်။ အိန္ဒိယဘက်က သွင်းတာပဲရှိတယ်။ အိန္ဒိယဘက်က ဝင်တာကလည်း  ချင်းပြည်နယ်ကို တိုက်ရိုက်ဝင်လားဆို မဝင်ဘူး။ တီးတိန်ကနေ တိုက်ရိုက်ဝင်ဖို့ ကျတော့လည်း လမ်းကအဝေးကြီး။ လမ်းကမကောင်းဘူး။ ပလက်ဝဇုန်သာ ဖွင့်ခဲ့မယ်ဆိုရင် တကယ့် အိန္ဒိယဈေးကွက်က ပလက်ဝဇုန်က သွားမှာ” ဟု ချင်းပြည်နယ် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တကယ်သာ ပလက်ဝကုန်သွယ်ရေးဇုန် ဖြစ်လာခဲ့ရင် ကျွန်တော်တို့ရဲ့ ဆန်စပါး တော်တော်များများကိုလည်း အိန္ဒိယဈေးကွက်ကို ဝင်မယ်ထင်တယ်။ ချင်းပြည်နယ်ရဲ့ ၇၅ ရာခိုင်နှုန်းသော စီးပွားရေးက ပလက်ဝကို မှီနေတယ်။ ကျွန်တော်တို့ဆီမှာ နှမ်းထွက်တယ်။ အိန္ဒိယက နှမ်းကြိုက်တယ်။ ဆီကြိုက်တယ်။ ဒါတွေ ကျွန်တော်တို့ဆီမှာ ထွက်တယ်။ ဒါပေမဲ့ အိန္ဒိယကို ပို့လို့မရဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ဆီမှာ ကုန်သွယ်ရေးဇုန်မရှိဘူး။ တရားမဝင် မှောင်ခိုအနေနဲ့ သွားနေရတာ။ အဲဒါကို ကျွန်တော်တို့ ရေ တွက်လို့မရဘူး။ အခုလည်း ဝက်တွေ တိရစ္ဆာန်တွေ သွားနေကြတာပဲ။ နှမ်းတွေလည်း သွားနေတာပဲ။ ဒါတွေက နိုင်ငံတော်ကို အခွန်လည်း ဆောင်စရာမလိုဘူး။ တရားဝင်ရက်သားနဲ့ တရားမဝင် ကုန်ကူးသလို ဖြစ်နေရတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကုန်စည် ၂၅ ရာခိုင်နှုန်းခန့်ကိုသာ တရားဝင် တင်ပို့နိုင်သေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

လက်ရှိတွင် ပလက်ဝကုန်သွယ်ရေးဇုန် တည်ထောင်နိုင်ရန်အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် နိုင်ငံတော် အစိုးရထံ တင်ပြထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုသည်ဆိုသည့် သတင်းများကြား သိရကြောင်း၊ လွှတ်တော်သို့ တင်ပြ၍ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent