တရုတ်ဘက်မှ မြန်မာလုပ်ငန်းရှင်များ၏ ဘဏ်အကောင့်ပိတ်မှု ထပ်မံဖြစ်ပွားပြီး မြန်မာ-တရုတ် နယ်စပ်တွင် ဆန်အရောင်းအဝယ် တန့်နေ

တရုတ်ဘက်မှ မြန်မာလုပ်ငန်းရှင်များ၏ ဘဏ်အကောင့်ပိတ်မှု ထပ်မံဖြစ်ပွားပြီး မြန်မာ-တရုတ် နယ်စပ်တွင် ဆန်အရောင်းအဝယ် တန့်နေ
Published 21 October 2017

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

တရုတ်ဘက်မှ မြန်မာလုပ်ငန်းရှင်များ၏ ဘဏ်အကောင့်ပိတ်မှု ယခုရက်ပိုင်းအတွင်း ထပ်မံဖြစ်ပွားခဲ့ကြောင်း မူဆယ်နယ်စပ်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။

“လွန်ခဲ့တဲ့ သုံးရက်လောက်က အပိတ်ခံရတာက အကောင့် ၃၀၊ ၄၀ လောက် အပိတ်ခံရတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ ထိခိုက်နစ်နာမှု မရှိဘူးလို့တော့ ကြားပါတယ်။ အခု နောက်ပိုင်းမှာ လူတွေက အကောင့်ထဲမှာ ပိုက်ဆံ သိပ်မထားတော့ဘူးလေ။ အဓိက ကတော့ သူတို့ရဲ့ သဘောတရားအရ လောင်းကစားနဲ့ ဆက်နွှယ်တာတို့၊ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တာတို့၊ တရားမဝင် မှောင်ခိုမှုနဲ့ ဆက်နွှယ်တာတို့ဆိုရင် သူတို့ကအကောင့်တွေ ပိတ်နေကျပါ။ ဒီလိုဖြစ်စဉ်က ခဏခဏတော့ ဖြစ်နေပါတယ်” ဟု မူဆယ်နယ်စပ်မှ ဆန်ကုန်သည် တစ်ဦးက ပြောကြားသည်။

တရုတ်ဘက်တွင် ရွေးကောက်ပွဲများ ပြုလုပ်လျက်ရှိပြီး လုံခြုံရေး တင်းကျပ်ထားသဖြင့် မြန်မာ-တရုတ် နယ်စပ်တွင် ဆန်အရောင်းအဝယ် မရှိသလောက် နည်းပါးလျက်ရှိကြောင်း သိရသည်။

“ဆန်သစ်က ဒီနေ့ဆိုရင် ရန်ကုန်ကို ၅၀၀၀၀ လောက် ဝင်လာပြီ။ ပုံမှန်ဆို ၂၅၀၀၀ လောက် ဆန်ဝင်အားက အခု ၅၀၀၀၀ လောက် ဝင်လာပြီ။ မိုးတွေရွာနေတဲ့ အထဲက ဘာကြောင့် ဆန်တွေ ဝင်လာသလဲဆိုရင် တရုတ်နယ်စပ်က မနေ့က အကောင့်တွေ ပိတ်ပြီး အဖမ်းအဆီး ကြမ်းတော့ တရုတ်ဘက်ကို သွားတဲ့သူ အားလုံးက ရန်ကုန်ပြန်ဆင်းလာတာ” ဟု ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်းကလည်း တရုတ်နိုင်ငံ ပြည်နယ်သုံးခုတွင် အွန်လိုင်းမှ လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ပြီး ငွေကြေးများ တရားမဝင် လွှဲပြောင်းချင်း၊ ငွေသွင်းငွေထုတ် လုပ်ငန်းများ ဆောင်ရွက်နေခြင်းများကြောင့် တစ်ဖက်နိုင်ငံ ရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲများမှ ဘဏ်အကောင့် ၃၄၉ခု အား စစ်ဆေးရန်အတွက် ခေတ္တပိတ်ထားခဲ့ရာ မြန်မာနိုင်ငံသားပိုင် ဘဏ်အကောင့် ၁၃၂ ခု ပါဝင်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

တရုတ်ဘဏ်တွင် ဖွင့်ထားသော မြန်မာနိုင်ငံသား ကုန်သည်များ၏ ကျပ်သိန်းလေးသိန်းကျော် တန်ဖိုးရှိ ငွေစာရင်း ၁၀၀၀ ကျော် ပိတ်ခံထားရပြီး ငွေကြေးလည်ပတ်မှုများ ရပ်ဆိုင်းသွားသဖြင့် ကုန်စည်စီးဆင်းမှုများ ထိခိုက်ခဲ့သည်။

ထိုသို့ ငွေစာရင်း ပိတ်ခံရပါက တရုတ်ဘဏ်က ပုံမှန်အားဖြင့် ခြောက်လအတွင်း စာရင်းရှင်းလင်းနိုင်သော်လည်း အချိန်နှင့် ငွေကြေးဆုံးရှုံး နစ်နာမှုများ ဖြစ်ပေါ်မှုများရှိပြီး ဖြေရှင်းရန် အဆင်မပြေသော ငွေစာရင်းများ ဆိုပါက နှစ်နှင့်ချီ ပိတ်ဆို့ခံထားရကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းသည် မြန်မာနယ်စပ်ကုန်သွယ်မှု ပမာဏ၏ ရာခိုင်နှုန်း ၇၀ ခန့် ရှိသဖြင့် ကုန်သွယ်ရေး လုပ်ငန်းနှင့် ဆက်စပ်စီးပွားရေး ကဏ္ဍများ ထိခိုက်နစ်နာမှု မရှိစေရန်နှင့် မြန်မာအစိုးရ အနေဖြင့် မြန်မာနိုင်ငံသား ကုန်သည်များ၏ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် တရုတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေး ဖြေရှင်းပေးစေလိုကြောင်း ကုန်သည်များက ပြောကြားသည်။

အွန်လိုင်းလောင်းကစားမှုကို စစ်ဆေးရန် တရုတ်နိုင်ငံမှ ပိတ်ထားသည့် ဘဏ်အကောင့် ၃၄၉ ခုအနက် မြန်မာနိုင်ငံသားပိုင် ဘဏ်အကောင့် ၁၃၂ ခု ပါဝင်နေပြီး အမှုနှင့် မသက်ဆိုင်သော ဘဏ်အကောင့်များ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ပြီးနောက် အကောင့်များ ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ကုန်သွယ်မှုတွင် နှစ်စဉ်ဒေါ်လာ ၁၀ ဘီလျံခန့် ကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ရာခိုင်နှုန်း ၃၀ ခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent