အိမ်ကွင်းနိုင်ပွဲတွေနဲ့ အခြေအနေကောင်းခဲ့တဲ့ လီဗာပူးလ်နဲ့ စပါး

အိမ်ကွင်းနိုင်ပွဲတွေနဲ့ အခြေအနေကောင်းခဲ့တဲ့ လီဗာပူးလ်နဲ့ စပါး
Photos : AFP
Photos : AFP
Published 10 April 2019

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့(ပထမနေ့)ပွဲစဉ်တွေကို ဧပြီလ(၉)ရက်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး လီဗာပူးလ်နဲ့ စပါးအသင်းတို့က အိမ်ကွင်းနိုင်ပွဲအသီးသီးရယူကာ အခြေအနေကောင်းခဲ့ပါတယ်။

စပါး-မန်စီးတီးပွဲမှာ မန်စီးတီးအသင်းက ဘောလုံးပိုကိုင်ထားနိုင်ခဲ့ပေမယ့် ပြိုင်ဘက်အသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှုမှာတော့ စပါးအသင်းက ပိုသာခဲ့ပါတယ်။

ပွဲအစ(၁၃)မိနစ်မှာ နောက်ခံလူ ဒန်နီရို့စ် ပယ်နယ်တီဧရိယာထဲ လက်နဲ့ထိလို့ စပါးအသင်း ပယ်နယ်တီပေးခဲ့ရပေမယ့် အဂွဲရိုးကန်ချက်ကို လိုရစ် လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။

စပါးဂိုးသမား လိုရစ်ဟာ အခုပွဲအပြင် လက်စတာ၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာလည်း ပယ်နယ်တီကာကွယ်ခဲ့လို့ ၂၀၁၉ ခုနှစ်အတွင်း စပါးအသင်းပေးခဲ့ရတဲ့ ပယ်နယ်တီ(၃)လုံးစလုံးကို ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

 



စပါးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို (၇၈)မိနစ်မှာ ဆွန်ဟောင်မင်က သွင်းယူခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ အခုရာသီ ပြိုင်ပွဲစုံ ပွဲ(၄၀)မှာ (၁၈)ဂိုး သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ရာသီလုံး (၅၃)ပွဲကစားအပြီးမှာ သွင်းယူခဲ့တဲ့ဂိုးအရေအတွက်နဲ့ တူညီခဲ့ပါတယ်။

လီဗာပူးလ်-ပေါ်တိုပွဲမှာတော့ လီဗာပူးလ်အသင်းက ကီတာ(၅ မိနစ်)၊ ဖေမီနို(၂၆ မိနစ်)တို့သွင်းယူတဲ့ ပထမပိုင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

 

 

ပေါ်တိုအသင်းရဲ့ မမျှော်လင့်တဲ့ တုံ့ပြန်ပုံက လီဗာပူးလ်ကို အခက်အခဲတွေ့စေခဲ့ပြီး အဆုံးသတ်ညံ့လို့သာ ချေပဂိုးတွေပြန်မရခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်အဖို့ အခုနိုင်ပွဲဟာ နည်းပြဘဝ ပွဲ(၄၀၀)မြောက်နိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။



■ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ရလဒ်များ

စပါး ၁-၀ မန်စီးတီး

လီဗာပူးလ် ၂-၀ ပေါ်တို 

Most Read

Most Recent