မက်ဆီမှာ မန်စီးတီးအသင်း ဖလား(၄)လုံးမရနိုင်ခြင်း၏အကြောင်းပြချက်တစ်ခုဖြစ်သည်ဟု အလန်ရှီးယားသုံးသပ်

မက်ဆီမှာ မန်စီးတီးအသင်း ဖလား(၄)လုံးမရနိုင်ခြင်း၏အကြောင်းပြချက်တစ်ခုဖြစ်သည်ဟု အလန်ရှီးယားသုံးသပ်
Photos: manchestereveningnews.co.uk/ Manchester City FC
Photos: manchestereveningnews.co.uk/ Manchester City FC
Published 9 April 2019



နယူးကာဆယ်အသင်းနှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီမှာ ယခုရာသီမန်စီးတီးအသင်း ဖလား (၄)လုံးမရနိုင်ခြင်း၏အကြောင်းပြချက်တစ်ခုဖြစ်သည်ဟု သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။

ယခုရာသီမဲခွဲမှုအရ မန်စီးတီးအသင်းသည် ကွာတားဖိုင်နယ်တွင် စပါးအသင်းအား ကျော်ဖြတ်နိုင်ခဲ့ပါက  အေဂျက်စ်-ဂျူဗင်ပတ်စ်ပွဲစဉ်မှ အနိုင်ရသည့်အသင်းနှင့်ဆီမီးဖိုင်နယ်၌ တွေ့ဆုံရမည်ဖြစ်ပြီး ဘာစီလိုနာအသင်းမှာလည်း မန်ယူကိုကျော်ဖြတ်နိုင်ခဲ့ပါက လီဗာပူးလ်- ပေါ်တိုပွဲစဉ်မှ အနိုင်ရသည့်အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကစားရမည်ဖြစ်သည်။ သို့ဖြစ်ရာ အလန်ရှီးယားက ဗိုလ်လုပွဲတွင် မန်စီးတီးအသင်းအနေဖြင့် ဘာစီလိုနာအသင်းနှင့်ထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု သုံးသပ်ခန့်မှန်းခဲ့ပြီး မက်ဆီပါဝင်နေခြင်းကြောင့် အနိုင်ရရန် ရုန်းကန်ရမည်ဟုဆိုခဲ့ခြင်းဖြစ်သည်။

 

 

 

BBC ၏ ဘောလုံးဝေဖန်သူ အလန်ရှီးယားက '' ချန်ပီယံလိဂ်ပွဲခွဲမှုကို ကြည့်လိုက်ပါ။ ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်နိုင်မယ်ဆိုရင် ဘာစီလိုနာအသင်းနဲ့ရင်ဆိုင်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။  သူတို့အနေနဲ့ ဘာစီလိုနာအသင်းကို အနိုင်ရမယ်လို့ မထင်ပါဘူး။ အဲဒီပွဲဟာ ကြီးကျယ်တဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ ဒါပေမဲ့ မက်ဆီပါဝင်နေတဲ့အသင်းတစ်သင်းဟာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးကောင်းကို အမြဲတမ်းပိုင်ဆို်င်ထားပါတယ်။ မန်စီးတီးအနေနဲ့ ကွာတားဖိုင်နယ်မှာ စပါးကို ကျော်ဖြတ်နိုင်သင့်ပါတယ်။ ဒါကလည်း သူတို့အတွက် ခက်ခဲတဲ့စမ်းသပ်မှုပါ။ အဲဒီနောက် ဆီမီးဖိုင်နယ်မှာ ဂျူဗင်တပ်စ်- အေဂျက်စ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ရင်ဆိုင်ရပါဦးမယ်။ ဒါကလည်း လွယ်ကူတဲ့အခြေအနေမဟုတ်ပါဘူး။ အဲဒါကြောင့် ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲဟာ သူတို့အတွက် ဗိုလ်စွဲဖို့ အခက်ခဲဆုံးပြိုင်ပွဲဖြစ်ပါ တယ်။ သူတို့အနေနဲ့ ဒီရာသီမှာ တခြားဖလား (၃)လုံးကိုရယူနိုင်ပေမယ့် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ကတော့ အတော့်ကို ခက်ခဲဦးမှာပါ'' ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ယနေ့ညတွင် ပရီမီးယားလိဂ်ပြိုင်ဘက်စပါးအသင်းအား ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းပွဲစဉ်ကို ယနေ့ည (မြန်မာစံတော်ချိန် ၁း၃၀ နာရီ)တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ 

Most Read

Most Recent