လိဂ်ချန်ပီယံရှစ် အကောင်းဆုံးဘောလုံးသမားဆုကို နောဝစ်ချ်တိုက်စစ်မှူး ပက်ကီ ရရှိ

လိဂ်ချန်ပီယံရှစ် အကောင်းဆုံးဘောလုံးသမားဆုကို နောဝစ်ချ်တိုက်စစ်မှူး ပက်ကီ ရရှိ
Photo: REX
Photo: REX
Published 8 April 2019

အင်္ဂလန်လိဂ်ချန်ပီယံရှစ်အပါအဝင် အောက်တန်းလိဂ်ပြိုင်ပွဲများအတွက် အကောင်းဆုံးဘောလုံးသမားဆုပေးပွဲကို တနင်္ဂနွေနေ့က ကျင်းပပြုလုပ်ခဲ့ရာ လိဂ်ချန်ပီယံရှစ် အကောင်းဆုံးဘောလုံးသမားဆုကို နောဝစ်ချ်တိုက်စစ်မှူး ပက်ကီ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖင်လန်လက်ရွေးစင်တိုက်စစ်မှူး ပက်ကီသည် ပြီးခဲ့သည့်နွေရာသီကမှ ဒိန်းမတ်ကလပ် ဘရွန်ဘီအသင်းမှ နောဝစ်ချ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် လိဂ်ချန်ပီယံရှစ်အမှတ်ပေးဇယားကို ဦးဆောင်နေသော နောဝစ်ချ်အသင်းအတွက် (၂၆)ဂိုးသွင်းယူပေးထားပြီး လိဂ်ချန်ပီယံရှစ်တွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်း ရပ်တည်လျက်ရှိသည်။

ပက်ကီသည် အကောင်းဆုံးဘောလုံးသမားဆုအတွက် ရှက်ဖီးယူနိုက်တက်တိုက်စစ်မှူး ဘီလီရှက်ပ်၊ ဘာမင်ဂမ်တိုက်စစ်မှူး ချီအဒမ်စ်တို့နှင့် အဓိကပြိုင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။

ဆုပေးပွဲတွင် ပက်ကီက ''အခုလိုအသိအမှတ်ပြုခံရတဲ့အတွက် တကယ်ပျော်ရွှင်မိပါတယ်။ ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ လိဂ်ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်ခွင့်ရတဲ့အတွက်လည်း တကယ်ပျော္ရွှင်ပါတယ်။ ထိပ်တန်းကစားသမားများစွာနဲ့ ယှဉ်ပြိုင်ပြီး ရရှိတဲ့ဆုဖြစ်တာကြောင့်လည်း ဂုဏ်ယူမိပါတယ်'' ဟုပြောကြားခဲ့သည်။

League One ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို လူတန်တောင်းတိုုက်စစ်မှူး ဂျိမ်းစ်ကောလင်းစ်ကလည်းကောင်း၊ League Two ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ထရန်မဲရိုဗာတိုက်စစ်မှူး ဂျိမ်းစ်နော်ဝုဒ်ကလည်းကောင်း၊ လိဂ်ချန်ပီယံရှစ်၏ အကောင်းဆုံးလူငယ်ကစားသမားဆုကို နေောဝစ်ချ်နောက်ခံလူ အေရွန်စ်ကလည်းကောင်း ရရှိခဲ့ကြောင်းလည်း သိရှိရသည်။

ထို့ပြင် လိဂ်ချန်ပီယံရှစ်အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ခဲ့ပြီး အကောင်းဆုံးနည်းပြအဖြစ် ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ္စဝိုင်လ်ဒါအား ရွေးချယ်ခဲ့ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent