ပြိုင်ပွဲ (၄)ခုစလုံးတွင် ချန်ပီယံဆုရယူနိုင်ရန် ဖြစ်နိုင်ခြေမရှိသလောက်နည်းပါးဟု ဂွါဒီယိုလာသုံးသပ်

ပြိုင်ပွဲ (၄)ခုစလုံးတွင် ချန်ပီယံဆုရယူနိုင်ရန် ဖြစ်နိုင်ခြေမရှိသလောက်နည်းပါးဟု ဂွါဒီယိုလာသုံးသပ်
Photos: AFP / futaa.com/ The Straits Times
Photos: AFP / futaa.com/ The Straits Times
Published 8 April 2019

    မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိအသင်းအနေဖြင့် ပြိုင်ပွဲ (၄)ခုစလုံး၌ ချန်ပီယံဆုရယူနိုင်ရန်မှာ ဖြစ်နိုင်ခြေမရှိသလောက်နည်းပါးကြောင်း သုံးသပ်ပြောကြားသည်။

    မန်စီးတီးအသင်းသည် ဧပြီ (၆)ရက်က ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားသည့် FA ဖလား ဆီမီးဖိုင်နယ်တွင် ပွဲအစ(၄)မိနစ်မှာပင် တိုက်စစ်မှူး ဂါဘရီယဲလ်ဂျေးဆူသွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည်။ မန်စီးတီးအသင်းသည် ယခုရာသီတွင် လိဂ်ဖလားချန်ပီယံဆုရရှိထားပြီးဖြစ်သလို ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် တစ်ပွဲလျော့ နှစ်မှတ်အကွာ ဒုတိယနေရာ ရပ်တည်လျက်ရှိသည်။ 

 

 

မန်စီးတီးအသင်းအနေဖြင့် ပြည်တွင်းဖလား(၃)ခုစလုံးနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲသည့် ပထမဆုံးအင်္ဂလန်ကလပ်အသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်မည့် အခွင့်အရေးရှိနေသော်လည်း ဂွါဒီယိုလာက ငြင်းဆန်ပယ်ချ ခြင်းဖြစ်သည်။ '' ကျွန်တော့်အမြင်ပြောရရင်တော့ အဲဒီလိုမျိုး (ဖလား ၄ လုံးချန်ပီယံဖြစ်ဖို့)  ဘယ်သူမှမလုပ်နိုင်ဘူးလို့ထင်တယ်။ ဒါဆိုရင် ကျွန်တော်တို့ကရော ဘာကြောင့်လုပ်နိုင်ရမှာလဲ။ ဆုဖလားအားလုံးရယူနိုင်ဖို့ဆိုတာ  လုံးဝနီးပါးမဖြစ်နိုင်ပါဘူး။ ဒါက အမှန်တရားပါပဲ။ ပြိုင်ပွဲတွေမှာ အခုအချိန်အထိ ပါဝင်ခွင့်ရနေတယ်ဆိုတာကလည်း မယုံနိုင်လောက်အောင်ပါပဲ။ ကျွန်တော်တို့အနေနဲ့ ပွဲစဉ်တိုင်းမှာ ကစားသမားတွေဆုံးရှုံးနေရတယ်။ ဒါကလည်း ပွဲတွေအများကြီးကစားရင် ပုံမှန်ဖြစ်နေကျပါပဲ။ ကျွန်တော်တို့ကတော့ ကစားရသမျှပွဲစဉ်တိုင်းမှာ နောက်ဆုံးအချိန်အထိ ကြိုးစားသွားမှာပါ'' ဟု ၎င်းက ဆိုသည်။

 

 

 

    ထို့ပြင် ဂွါဒီယိုလာက မိမိတို့အနေဖြင့် ပွဲအားလုံးကို (၄-၀)၊ (၅-၀) ရလဒ်များဖြင့် အနိုင်ရရန် မဖြစ်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။ '' ကျွန်တော်တို့အနေနဲ့ တစ်ရာသီကို ပွဲ (၆၀) လောက်ကစားနိုင်တယ်၊ ပွဲတိုင်းမှာ လည်း စွမ်းဆောင်ရည်ကောင်းပြီး (၅-၀) ဂိုးရလဒ်နဲ့ အနိုင်ရလိမ့်မယ်လို့ ခင်ဗျားယုံကြည်လား။ ဆာအဲလက်စ်ဖာဂူဆန်လည်း ဖလားသုံးလုံးရတုန်းက ပွဲတိုင်းကို အံ့အားသင့်စရာ စွမ်းဆောင်ရည်နဲ့ (၄)ဂိုးပြတ်၊ (၅)ဂိုးပြတ် အနိုင်ရခဲ့မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲလိုမျိုးပွဲတွေဆိုတာ ဒီလိုပါပဲ။ ဒီပွဲမှာ ကျွန်တော်တို့အသင်း အခွင့်အရေးဖန်တီးနိုင်မှု ဘယ်နှကြိမ်ရှိလဲဆိုတာ လေ့လာကြည့်လို့ရပါတယ်။ ဒါပေမဲ့ လူတွေကတော့ ကျွန်တော်တို့ကစားပုံကောင်းတာနဲ့ ဂိုးဘယ်လောက်သွင်းမလဲဆိုတာပဲ မျှော်လင့်နေကြတယ်။ ဒီလိုပွဲမျိုးမှာတော့ အဲဒီနည်းလမ်းက အလုပ်ဖြစ်မှာမဟုတ်ပါဘူး'' ဟု ၎င်းက ပြောကြားသည်။

    မန်စီးတီးအသင်းသည် ဧပြီ (၉) ရက်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် စပါးအသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။

Most Read

Most Recent