မြန်မာနိုင်ငံတွင် အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်သည့် ဂေါတမဗုဒ္ဓဘုရားကြီး ဌာပနာတော် သွင်းပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ ကျိုက်ထိုမြို့တွင် ကျင်းပ

မြန်မာနိုင်ငံတွင် အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်သည့် ဂေါတမဗုဒ္ဓဘုရားကြီး ဌာပနာတော် သွင်းပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ ကျိုက်ထိုမြို့တွင် ကျင်းပ
 ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင် ဘုရားသုံးဆူတောင်ပေါ်၌ တည်ထားသည့် ထိုင်တော်မူ ဂေါတမဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
ကျိုက်ထိုမြို့ ရှေးဟောင်းသမိုင်းဝင် ဘုရားသုံးဆူတောင်ပေါ်၌ တည်ထားသည့် ထိုင်တော်မူ ဂေါတမဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
Published 8 April 2019
ဘိုဘိုမြင့်

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှေးဟောင်း သမိုင်းဝင် ဘုရားသုံးဆူတောင်ပေါ်၌ တည်ထားသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်သည့် ဂေါတမဗုဒ္ဓဘုရားကြီး ဌာပနာတော်သွင်းပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ပွဲအား ဧပြီ ၆ ရက် နှင့် ဧပြီ ၇ ရက်များတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်သည့် ဂေါတမဗုဒ္ဓဘုရားကြီး ဌာပနာတော် သွင်းပူဇော်ပွဲကို ဧပြီ ၆ ရက် နံနက် ၉ နာရီက ဂေါတမဗုဒ္ဓဘုရားကြီး မြေညီထပ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး၊ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခြင်း၊ ကျိုက်ထိုမြို့ အောင်သပြေကမ္မဋ္ဌာန်း ကျောင်းတိုင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူပူဇော်ခြင်းများ ပြုလုပ်ပြီးနောက် အလှူရှင်များမှ ဌာပနာတော် သွင်းလှူပူဇော်မည့် လှူဒါန်းပစ္စည်းများအား ဘုရားသုံးဆူ တောင်တော်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇဝန္တထံ ဆက်ကပ်လှူဒါန်းပေးကြပြီးနောက် အလှူရှင်များ ဂေါတမဗုဒ္ဓဘုရားကြီး ပလ္လင်တော်ထက်ရှိ ဌာပနာတိုက်သို ့ပင့်ဆောင်၍ ဌာပနာတိုက်တော်၌ ထည့်သွင်းပူဇော်ခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဧပြီ ၇ ရက်နံနက် ၄ နာရီ ၄၅ မိနစ်တွင် ထိုင်တော်မူဂေါတမဗုဒ္ဓမြတ်စွာဘုရားကြီး၏ ရှေ့မျက်နှာစာ ရင်ပြင်တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပွဲအခမ်းအနားသို ့တက်ရောက်လာသူများက ဆီမီးဖယောင်းတိုင်ကြီးများ ထွန်းညှိပူဇော်ခြင်း၊ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ၊ သံဃာတော်များက ထိုင်တော်မူ ဂေါတမဗုဒ္ဓမြတ်စွာဘုရားကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူခဲ့ကြကြောင်း၊ ထို့နောက် ပင့်ဆရာတော်၊ သံဃာတော် ၂၆၁ ပါးအတွက် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြပြီးနောက် သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ ပရိသတ်များက အနုမောဒနာတရားနာကြားကြပြီး ဗုဒါ္ဓဘိသေက အနေကဇာတင် အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

“ဘုရားသုံးဆူတောင်ကျောင်းတိုက် ဆရာတော် ဦးတေဇဝန္တကသာသနာနှစ်ကို တွက်ချက်ပြီးတော့ သာသနာနှစ်သည် ၂၅၅၆ ခုနှစ်ဖြစ်တဲ့အတွက်ကြောင့် သာသနာနှစ်အတိုင်း အမြင့်ပေ ၂၅၅ ပေ ခြောက်လက်မ အမြင့်ရှိတဲ့ ထိုင်တော်မူ ဂေါတမဗုဒ္ဓဘုရားကြီးကို တည်ခြင်းဖြစ်ပါတယ်။ ဘုရားကြီးမှာ အထပ်ပေါင်း ၁၇ ထပ်ရှိပါတယ်။ အလွှာပေါင်းက ၁၈ လွှာရှိပါမယ်။ နောက်ဆုံး ပွင့်တော်မူခဲ့တဲ့ ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို အစွဲပြုပြီးတော့ ဂေါတမဗုဒ္ဓရုပ်ပွားတော်ဘုရားကြီးလို့ ဆရာတော် ဦးတေဇဝန္တ ကိုယ်တိုင် အမည်ပေးခဲ့တာဖြစ်ပါတယ်” ဟု ဘုရားကြီးတည်ဆောက်ရေးအဖွဲ ့အတွင်းရေးမှူးဖြစ်သူ ဦးတင်ဝင်းထွဋ်က ပြောကြားသည်။

ထို့ပြင် ဘုရားကြီးကိုလာရောက်ကြတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေအတွက် ဘုရားသုံးဆူတောင်ပေါ်၌ အခမဲ့တည်းခိုဆောင်များလည်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဦးတင်ဝင်းထွဋ်က ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent