​ယနေ့ နိုင်ငံရေး အခင်းအကျင်းမှ ထောက်​ခံသူတို့ အားပြိုင်​ပွဲ

​ယနေ့ နိုင်ငံရေး အခင်းအကျင်းမှ ထောက်​ခံသူတို့ အားပြိုင်​ပွဲ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲကို မတ် ၂၄ ရက်က ပေါင်းတည်မြို့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ - ဝေလင်း)၊ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လူထုဆန္ဒ ထုတ်ဖော်ပွဲကို ဧပြီ ၆ ရက်က ကလေးမြို့တွင်  ပြုလုပ်စဉ် (ဓာတ်ပုံ - အောင်သူထွန်း)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲကို မတ် ၂၄ ရက်က ပေါင်းတည်မြို့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ - ဝေလင်း)၊ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လူထုဆန္ဒ ထုတ်ဖော်ပွဲကို ဧပြီ ၆ ရက်က ကလေးမြို့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ - အောင်သူထွန်း)
Published 8 April 2019
စိုးမင်းထိုက်

၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာလ နိုင်ငံရေး အခင်းအကျင်းတွင် ထောက်ခံဆန္ဒပွဲများက အခန်းကဏ္ဍတစ်ရပ် အနေဖြင့် နေရာယူလာသည်။

အစိုးရ၊ တပ်မတော်နှင့် အတိုက်အခံပါတီ စသည့်အစုအဖွဲ့များတွင် နိုင်ရေးအရ လိုအပ်ချက်၊ အကျပ်အတည်း ကြုံနေရသည့်အခါ ၎င်းတို့ကို ထောက်ခံသူများက ထောက်ခံကြောင်း အခမ်းအနားများ ပြုလုပ်လာကြခြင်း ဖြစ်သည်

NLD ပါတီ ထောက်ခံသူများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲများနှင့် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ဆန္ဒပြပွဲ၊ ရခိုင်အရေးကြောင့် နိုင်ငံတကာ ဖိအားများ ရှိနေသည့် တပ်မတော်ကို တပ်မတော်သားဟောင်းများ အပါအဝင် တပ်မတော်ကို ချစ်ခင်သည်ဟု ဆိုသူများ၏ ထောက်ခံပွဲများ ပြုလုပ်လာမှုများကို ယခုနှစ်ပိုင်းအတွင်း တွေ့မြင်လာရသည်။

အဆိုပါ ထောက်ခံဆန္ဒပြပွဲများတွင် လူဦးရေ ဆယ်ဂဏန်းမှ ရာထောင်ချီအထိ ပါဝင်ကြသော်လည်း ပါဝင်သူ အများစုသည် သက်ဆိုင်ရာ အစုအဖွဲ့များကို အမာခံ ထောက်ခံသူများနှင့် ပါတီဝင်များသာဖြစ်ပြီး ပြင်ပမှ ပါဝင်မှု၊ အထူးသဖြင့်  ပြည်သူလူထုပါဝင်မှု နည်းပါးနေသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

အခုလုပ်ခဲ့သမျှ ထောက်ခံပွဲ၊ ဒါမှမဟုတ် ဆန့်ကျင်ဆန္ဒပြပွဲ အကုန်လုံးဟာ ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုသလား၊ လွှမ်းခြုံမှု ရှိနိုင်သလား ဆိုတာကတော့ သံသယဖြစ်စရာ အများကြီးရှိတယ်။ ကျွန်တော်တို့ဘက်က ရှင်းရှင်းသုံးသပ်ရမယ်ဆိုရင် ပြည်သူလူထု တစ်ရပ်လုံးကို မလွှမ်းခြုံနိုင်ဘူး။ ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားမပြုနိုင်ဘူးလို့ပဲ ပြောချင်ပါတယ် ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ဆိုသည်

NLD အစိုးရ၊ တပ်မတော်နှင့် အတိုက်အခံ USDP ပါတီတို့ကို ထောက်ခံအားပေးသည် ဟုဆိုသော အခမ်းအနားများကို လေ့လာကြည့်ပါက လူထုပါဝင်မှု၊ လူထုလိုလားချက်၊ လူထုရည်မှန်းချက်နှင့် ပြည်သူ့အသံ  ပါဝင်မှု ရှိ-မရှိ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

NLD ပါတီ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းချက်အပေါ် ထောက်ခံပွဲများတွင် ပါတီဝင်များသာမက ပညာတတ် ပုဂ္ဂိုလ်များ၊ စစ်အစိုးရ လက်ထက်ကို မနှစ်ခြိုက်ခဲ့သူများ ပါဝင်နေသည် ဆိုသော်လည်း ပြည်သူတစ်ရပ်လုံးအပေါ် လွှမ်းခြုံမှု ရှိ-မရှိကိုမူ စဉ်းစားသုံးသပ်ရမည် ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်သည့် ဖွဲ့စည်းပုံပုဒ်မ ၂၆၁ ပြင်ဆင်ရေးနှင့် ပုဒ်မ ၅၉ (စ) မပြင် ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲများတွင်လည်း ယင်းပါတီဝင် အများစုသာ ပါဝင်သည်ကို တွေ့ရကြောင်း ထောက်ခံပွဲ ပြုလုပ်ခဲ့သည့် ဒေသမှ ဒေသခံအချို့က ထုတ်ဖော်ပြောကြားသည်။

တပ်မတော် အစိုးရလက်ထက်မှာ အသင်းအဖြစ် ဖွဲ့စည်းခဲ့ပြီး အဆောက်အအုံ၊ ငွေကြေးခိုင်မာစွာဖြင့် ဖွဲ့စည်းထားသည့် ပါတီတစ်ခုအနေဖြင့် ပြည်သူကို ဆွဲဆောင်နိုင်မှု အပိုင်းတွင်မူ အားနည်းနေဆဲဖြစ်ကြောင်း ပေါ်လွင်နေသည်။

ထောက်ခံပွဲဆိုတာကို နားလည်ခဲ့တာက လူတွေအများကြီးက ထောက်ခံမှုမျိုးကို ဆိုလိုတယ်လို့ ထင်ခဲ့တာ။ အခုက ကိုယ့်အဖွဲ့နဲ့ ကိုယ် ထောက်ခံနေသလိုဖြစ်နေတယ်။ ကိုယ်လိုချင်တာကို ထောက်ခံပွဲ တွေလုပ်ပြီး နေပူပူမှာ လက်သီးလက် မောင်းတန်း ထောက်ခံနေကြတာ က တကယ်သိလို့ထောက်ခံတာ လားဆိုတာ စဉ်းစားစရာပါ။ ဒီဒေသမှာ ထောက်ခံပွဲမလုပ်ရသေးလို့ လုပ်ရတယ် ဆိုတာမျိုးတွေက ထောက်ခံချင်လို့ ထောက်ခံနေတာ မဟုတ်ဘူးဆိုတာ လှစ်ဟပ်နေသလိုပါပဲ ဟု ထောက်ခံပွဲတစ်ခုသို့ တက်ရောက်ခဲ့သူ တစ်ဦးက မှတ်ချက်ပြုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းလိတ်ကလည်း ထောက်ခံဆန္ဒပြပွဲ ဆိုတာက အစိုးတစ်ရပ်ရဲ့ နိုင်ငံရေး လိုအပ်ချက် ပေါ်ပေါက်လာလို့ရှိရင် တမင်လုပ်ယူဖန်တီးတဲ့ ကိစ္စမျိုးဟာ အလိုလို တွေ့ရတာပေါ့။ ပြည်ခိုင်ဖြိုး အစိုးရ လက်ထက်မှာလည်း သူ့လိုအပ်ချက်အရ သူလုပ်တယ်။၂၀၁၅နောက်ပိုင်းမှာလည်း NLD အစိုးရက သူ့လိုအပ်ချက်အရ သူလုပ်တယ်ပေါ့ဗျာ။ အားလုံးကို ခြုံပြီးသုံးသပ်မယ်ဆိုရင် ကျွန်တော် တို့ပြည်ထောင်စု တစ်ရပ်လုံး အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ ပြည့်မီတဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုကို ဦးတည်ပြီး ဖြေရှင်းဦးတည် လုပ်ဆောင်မယ့်အစား တစ်ကိုယ်ရေ အကျိုးစီးပွား၊ အဖွဲ့အစည်း တစ်ခုတည်းရဲ့အကျိုးစီးပွား။ ရှင်းရှင်းပြောရရင် နိုင်ငံရေးလောဘ တစ်ခုတည်း အတွက်နဲ့ လုပ်နေတယ်လို့ ခြုံငုံပြီးသုံးသပ်တယ်။ ဒါဟာ ၂၀၁၀ ကစတဲ့ ပြည်ခိုင်ဖြိုး အစိုးရရော၊ ၂၀၁၅ ကစတဲ့ NLD အစိုးရရော ဒီလမ်းကြောင်း ပေါ်ကနေ မခွာနိုင်သေးဘူးလို့ပဲ သုံးသပ်ရှုမြင်ပါတယ် ဟု ဆိုသည်။

အချို့ထောက်ခံ ဆန္ဒပြပွဲများသည် လူအင်အားများစေရန် အခြေခံပြည်သူအချို့အား ငွေကြေး၊ တံစိုးလက်ဆောင်များဖြင့် ဖြားယောင်း၍ ဆန္ဒပြပွဲများတွင် ပါဝင်စေကြောင်း၊ အဆိုပါ အခြေအနေများကြောင့် တချို့သော ဆန္ဒပြပွဲများတွင် ပါဝင်သည့် ပြည်သူအချို့သည် ဆန္ဒထုတ်ဖော်ပွဲ၏ အဓိက အကြောင်းအရာကိုပင် သေချာသိရှိမှု မရှိသည်ကို တွေ့ရကြောင်း ဝေဖန်မှုများလည်း ရှိသည်။

လူတစ်ဦးအနေဖြင့် ကိုယ်ကြိုက်သည့် အဖွဲ့အစည်းဘက်က ရပ်တည်ပြီး ထောက်ခံဆန္ဒပြပိုင်ခွင့်မှာ ဒီမိုကရေစီ၏ အခွင့်အရေးတစ်ခု ဆိုသည်ကို ငြင်းစရာ မရှိသော်လည်း မြန်မာနိုင်ငံတွင် ဖြစ်နေသည့် ထောက်ခံဆန္ဒပြပွဲများနှင့် ကန့်ကွက်ဆန္ဒပြပွဲများသည် ခေါင်းဆောင်များ အချင်းချင်း ဆွေးနွေးညှိနှိုင်းပြီး အဖြေမထုတ်နိုင်သည့်အတွက် ပြည်သူလူထု၏ အခန်းကဏ္ဍကို အသုံးချနေခြင်း ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးက ထောက်ပြသည်။

အဲဒါက ခေါင်းဆောင်တွေ အားနည်းနေတယ် ဆိုတာကိုပြတယ်။ ခေါင်းဆောင်တွေက အချင်းချင်း ညှိညှိနှိုင်းနှိုင်းနဲ့ ပြေပြေလည်လည်ဖြစ်အောင် ဆွေးနွေးညှိနှိုင်းပြီး အဖြေမထုတ်နိုင်တဲ့ အခါမှာ အင်အားဝါဒက ရှေ့ရောက်လာတယ်။ အင်အားကိုပဲ အသုံးချတယ်။ အင်အားကိုပဲ ယုံကြည်တယ်။ တွေ့ဆုံညှိနှိုင်းမှုတွေကနေ ရလဒ်ထွက်အောင် လုပ်နိုင်စွမ်းမရှိဘူး။ အဲဒါက အရင်တုန်းကလည်း ဒီအတိုင်းပဲ အခုလည်း ဒီအတိုင်းပဲ။ ဒီပုံစံအ တိုင်းဆက်သွားရင် နောက်လည်း ဒီအတိုင်းပဲ ဖြစ်နေမှာပဲ။ ......ပြောချင်တာကတော့ အစိုးရတွေက လူထုအပေါ်မှာ ညှာတာမှုမရှိဘူးပေါ့။ ကျန်တဲ့ Stakeholder တွေရော လူထုအပေါ်မှာ ညှာတာမှုမရှိဘူး။ ပြောချင်တာကတော့ အစိုးရတွေက လူထုအပေါ်မှာ ညှာတာမှု မရှိဘူးပေါ့။ ကျန်တဲ့ Stakeholder တွေရော လူထုအပေါ်မှာ ညှာတာမှုမရှိဘူး။ တကယ်တမ်းကျတော့ လူထုသဘောဆန္ဒက ဖွဲ့စည်းပုံထဲမှာတော့ အချုပ်အခြာ အာဏာက လူထုထံက ဆင်းသက်တယ်လို့ ရေးထားပြီးတော့ လက်တွေ့မှာ လူထုကို ဂရုမစိုက်ဘဲနဲ့ ကိုယ်လုပ်ချင်တာ လုပ်နေလို့ လူထုက မလိုအပ်ဘဲ ပင်ပန်းနေတယ် ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ဦးဆောင်ကော်မတီဝင် ဦးတင်မောင်ဦးက ဆိုသည်။

ထို့ပြင် နိုင်ငံတော်နှင့် ပတ်သက်၍ ခေါင်းဆောင်များအကြား အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ညှိနှိုင်းဆွေးနွေးမှုရှိမှသာလျှင် ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ ပင်ပန်းနေရမှုမှ လွတ်မြောက်မည်ဟုလည်း ဦးတင်မောင်ဦးက ဆိုသည်။

ကျွန်တော်တို့ဖြစ်စေချင်တာ၊ ဖြစ်သင့်တယ်လို့ မြင်တာကတော့ အစိုးရနဲ့ တပ်မတော်က အရင်ဆုံး သဟဇာတဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒီကမှ တစ်ဆင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးရဲ့ လိုအပ်ချက်၊ ပြည်ထောင်စုကြီးအတွက် မဖြစ်မနေ လုပ်ရမယ့် လိုအပ်ချက်က ဘာလဲဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်တာ။ ကျွန်တော်တို့ မလုပ်မဖြစ်တာက ဘာလဲဆိုတာကို အစိုးရ၊ တပ်မတော်က အကျေ အလည် ညှိနှိုင်းပြီးတော့မှ လူထုရှင်းရှင်းလင်းလင်း နားလည်အောင် ချပြဖို့လိုအပ်တယ်။ အဲဒီအခါကျမှ ကျွန်တော်တို့အားလုံး တက်ညီလက်ညီ ဆောင်ရွက်နိုင်မယ့် ထောက်ခံပွဲသော်လည်းကောင်း၊ ကန့်ကွက်ပွဲသော်လည်းကောင်း လှုပ်ရှားမှုတစ်ခုကို အပီအပြင် လုပ်သွားဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်နိုင်ငံရေးလောဘ တစ်ခုတည်းနဲ့ လုပ်နေကြမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဟိုးနောက်ဆုံးကို ရောက်သထက် ရောက်သွားလိမ့်မယ်လို့ ပြောချင်ပါတယ် ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က သုံးသပ်သည်။               စိုးမင်းထိုက်

Most Read

Most Recent