အကြမ်းဖက်နည်းလမ်းများအားဖြင့် မည်သည့်နိုင်ငံရေးရည်မှန်းချက်မျှ မအောင်မြင်နိုင်

အကြမ်းဖက်နည်းလမ်းများအားဖြင့် မည်သည့်နိုင်ငံရေးရည်မှန်းချက်မျှ မအောင်မြင်နိုင်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ၀ါးတောင်စစ်ရှောင်စခန်းကို တွေ့မြင်ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ၀ါးတောင်စစ်ရှောင်စခန်းကို တွေ့မြင်ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 7 April 2019
မင်းလွင် (ဆေး-၂)

ခပ်ရှင်းရှင်းပြောရရင် ဘယ်တော်လှန်ရေးမှာမဆို လူမျိုးရေးမုန်းတီးမှုကို အရင်းခံပြီး လှုံ့ဆော်တာနဲ့ Soft Target တွေကို တိုက်ခိုက်တာမျိုးကို ကျွန်တော် လုံးဝလက်မခံပါဘူး။ Soft Target ဆိုတာကတော့ နှိုင်းရသဘောအရ (အထူးသဖြင့် စစ်တပ် ဒါမှမဟုတ် အကြမ်းဖက် တိုက်ခိုက်မှုတွေကနေ) အကာအကွယ်မဲ့တဲ့ ဒါမှမဟုတ် ခုခံနိုင်စွမ်းမဲ့တဲ့ လူပုဂ္ဂိုလ်၊ အရာတွေကို တိုက်ခိုက်ခြင်းပါပဲ။ မွေးရာပါ ဗီဇအရ လူဆိုတာ အမှန်တရားကို မြတ်နိုးပါတယ်။ အမှန်တရားကို မြတ်နိုးတဲ့လူတွေဟာ ခွေးပိန်လေးကို ခွေးတုတ်ကြီးက ဖိကိုက်နေတာမျိုးကိုတောင် မကြိုက်ပါဘူး။

နောက်တစ်ခုက လူမျိုးရေးမုန်းတီးမှုကို လှုံ့ဆော်တာပါ။ ၁၉၈၈ ခုနှစ် (ကျွန်တော်အသက် ၂၀ အရွယ်) တောခိုတော့ မွန်ပြည်သစ်ပါတီရဲ့ နယ်မြေကို ရောက်သွားပါတယ်။ ကျွန်တော်တို့စခန်းကနေ မတ်လရဲဘော် ဆိုတဲ့ စာအုပ်လေးတစ်အုပ်ထုတ်ဖို့ လုပ်ပါတယ်။ ဆန်ခပူရီကနေ ဖယောင်းဖောက်ဖို့ စက္ကူတွေဝယ်လာပြီး လက်ရေးနဲ့ ရေးကြပါတယ်။ မှတ်မိသလောက်ကတော့ ဖယောင်းလက်ရေး အဓိက ရေးခဲ့တာ ကိုအောင်သူငြိမ်းလို့ ထင်ပါတယ်။

အဲ့ဒီအချိန် စခန်းပြန်ကြားရေး အတွင်းရေးမှူးက ယင်းတိမ်တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ရေး - ကိုကိုဦးပါ။ သူက ကျွန်တော့်ကို ပြန်ကြားရေးတာဝန်ခံ ခန့်ပါတယ်။ ပြောရရင်သူက Elected ဖြစ်ပြီး ကျွန်တော်က Appointed ဆိုပါတော့။ ထားပါ၊ စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ ကျွန်တော်တို့စခန်းမှာ ဘယ်ကလာ ဂတ်စတာနာ ရှိမှာလဲ။ ဂတ်စတာနာလှည့်ဖို့ ကိုကိုဦးနဲ့ ကျွန်တော် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ထဲ သွားရပါတယ်။ အဲ့ဒီမှာ သုံးလေးငါးညလောက်အိပ်ပြီး စာအုပ်ဖြစ်အောင် လုပ်ရပါတယ်။ အဲ့ဒီမှာ မထင်မှတ်တဲ့ ပြဿနာတစ်ရပ် ကြုံရပါတယ်။ မွန်ပြည်သစ်ပါတီက နိုင်ငံရေးမှူးတစ်ဦးက စာအုပ်ချုပ်ကာနီး စာရွက်တွေကို ယူဖတ်ပါတယ်။ သူက ဆောင်းပါးတစ်ပုဒ်အပေါ် အစာမကြေပါဘူး။ ကျွန်တော့်ကို မေးခွန်းထုတ်ပါတယ်။

သူအစာမကြေတဲ့ ဆောင်းပါးခေါင်းစဉ်က လူမျိုးရေးမုန်းတီးမှု မဟုတ်သည့် စနစ်တိုက်ဖျက်မှု တော်လှန်ရေး ပါ။ အဲ့ဒီဆောင်းပါးကို ရေးတဲ့သူက ကျွန်တော်ကိုယ်တိုင်ပါ။ ခင်ဗျားတို့ဗမာတွေက ကျွန်တော်တို့ မွန်တွေကို ဖိနှိပ်လို့ တော်လှန်ရတာ မဟုတ်ဘူးလား လို့ သူကမေးတယ်။

ကျွန်တော် ကြိုးစားပြီး ရှင်းပြရပါတယ်။ ခင်ဗျားတို့ဟာ မွန်မို့ ဖိနှိပ်ခံရတယ်ဆို၊ ကျွန်တော်တို့က ဗမာမို့  အဖိနှိပ် မခံရဘူးလား။ ကျွန်တော်တို့ အဖိနှိပ်မခံရဘူးဆို၊ ဒီနေရာကို ရောက်လာစရာ ဘာအကြောင်းမှ မရှိဘူး။ ဗမာရယ် မွန်ရယ် မဟုတ်ဘူး၊ အဓိကက စနစ်ပဲ။ ဒီမိုကရေစီ မဟုတ်တဲ့၊ ဒီမိုကရေစီစနစ်အတိုင်း မကျင့်သုံးတဲ့ ဘယ်လူ့အဖွဲ့အစည်းမှာမဆို Jungle Law  အတိုင်း အားကြီးသူ/အာဏာရှိသူက အားနည်းသူ/အာဏာမဲ့သူကို ဖိနှိပ်မှာပဲ။ ဘာလူမျိုး ဆိုတာနဲ့ ဘာမှမဆိုင်ဘူး လို့ ကျွန်တော်ပြောခဲ့တယ်။

ကျွန်တော် ကျောင်းသားသူပုန်ဘဝ မွန်တွေနဲ့ ရေးမြို့ဘက်၊ ကရင်တွေနဲ့ ကြာအင်းဆိပ်ကြီးဘက် ပူးတွဲစစ်ကြောင်းတွေ အများကြီးမှာ လိုက်ခဲ့ဖူးတယ်။ တိုက်ခိုက်ရေးရဲဘော်ကနေ ဆေးမှူးအလယ် စစ်ကြောင်း နိုင်ငံရေးမှူးအထိ တာဝန်ယူဖူးတယ်။ ကိုယ့်ဘာသာ တစ်ယောက်တည်းလည်း ခွင်းဗုံးတွေထမ်းပြီး တိုက်ခိုက်ရေး ရဲဘော်အဖြစ် ကေအင်ယူတပ်ရင်း ၁၆၊ ဒုရင်းမှူး ဗိုလ်မှူးဂျိုးရဲ့ စစ်ကြောင်းမှာ လိုက်နေခဲ့ဖူးပါတယ်။ (တစ်လောကတောင် ဗိုလ်မှူးဂျိုး ရန်ကုန်မှာ အစည်းအဝေး လာတက်တော့ သူ့ကို ကျွန်တော် သွားနှုတ်ဆက်တဲ့အခါ နှစ်အစိတ်နီးပါး ကြာတာတောင် သူကျွန်တော့်ကို မှတ်မိပါတယ်)

စစ်ကြောင်းဆင်းတုန်း မွန်တစ်ယောက်နဲ့ ကျွန်တော် စကားများဖူးတာ မှတ်မိပါတယ်။ တိုက်ပွဲဖြစ်ရင် အရပ်သားတွေ ထိခိုက်မှု ရှိတာမျိုးကို သူက ငှက်ပစ်လို့ သစ်ရွက်ကြွေတာ မဆန်းပါဘူး လို့ ပြောခဲ့လို့ပါ။ ကျွန်တော့် သဘောကတော့ ဘယ်တော်လှန်ရေးမှာမဆို လူထုအပေါ် အခြေခံရတာပဲ။ လူထုဆိုတာ သူတို့ကို/သူတို့ အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပေးမယ့် အဖွဲ့ကဘာလဲ စဉ်းစားမှာပါပဲ။ တော်လှန်ရေးသမားဆိုရင် လူထုကို ခုတုံးလုပ်ဖို့ မဆိုထားနဲ့၊ သူတို့ကို/သူတို့အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ရှိပါတယ်။

ဒါပေမဲ့ ကျွန်တော်နဲ့အတူတူ ဆင်းခဲ့ဖူးတဲ့ မွန်ရော ကရင်ရော စစ်ကြောင်းတွေဟာ ဘယ်တော့မှ Soft Target တွေကို မတိုက်ခိုက်ပါဘူး။ အရပ်သားတွေကို တိုက်ပွဲမှာ ဘယ်တော့မှ ခုတုံးမလုပ်ပါဘူး။ အဲ့ဒီအစား ရွာတွေမှာ တိုက်ပွဲဖြစ်မှာစိုးလို့ တပ်မတော်စစ်ကြောင်း ဝင်လာမယ် သတင်းကြားရင် ရွာတွေထဲကနေ ထွက်ပေးလိုက်တာပါပဲ။ တစ်ခါတော့ ရွာကြီးတစ်ရွာမှာ ဘုရားပွဲလုပ်မယ်လုပ်တော့ တစ်ဘက်က သူပုန်တွေရွာထဲရှိရင် လက်နက်ကြီးနဲ့ ထုမယ်လို့ ခြိမ်းခြောက်ပါတယ်။ ကရင်လက်နက်ကိုင်တွေ ရွာထဲက ထွက်ပေးလိုက်တဲ့အပြင် ဘုရားပွဲသွားချင်ရင် အရပ်ဝတ်တွေနဲ့ပဲ သွားရပါတယ်။

သိပ်မကြာသေးခင်ကပဲ ကျွန်တော် ကြာအင်းဆိပ်ကြီးဘက်က ဖားပြဆိုတဲ့ရွာကို အလည်အပတ် သွားခဲ့ပါတယ်။ အရင်တစ်ခါမှ ပြန်မရောက်ပါဘူး။ အခုမှ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာလို့ပါ။ ဖားပြဆိုတာ ကျွန်တော်တို့ စစ်ကြောင်းတွေ ဆင်းတဲ့အခါ အခြေစိုက်လေ့ရှိရာ ရွာကြီးတစ်ရွာပါ။ နှစ်ပေါင်း ၂၀ ကျော်၊ အစိတ်နီးပါး ကြာခဲ့တာတောင် ရွာကလူတွေက ကျွန်တော့်ကို မှတ်မိကြပါတယ်။ အရင်ကအတိုင်း မိသားစုဝင်တွေလို ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ ဟိုကထမင်းဖိတ်ကျွေး၊ ဒီကထမင်းဖိတ်ကျွေးနဲ့ လက်ဆောင်တွေလည်း ၀ိုင်းပေးကြပါတယ်။ အရင်ကတည်းက ကျွန်တော်တို့ စစ်ကြောင်းတွေ လာပြီဆို ရွာသားတွေက ပျော်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေကို ဆေးကုပေးတဲ့အပြင် ကျောင်းမှာလည်း စာဝင်သင်ပေးခဲ့တာပါ။ ဆေးပညာ အခြေခံတွေပါ သင်ပေးခဲ့ဖူးပါတယ်။ ဘယ်သူမှ ကျွန်တော်တို့ကို ဗမာရယ်လို့ ခွဲခြားပြီးမြင်တာ မရှိပါဘူး။

လိုရင်းပြောရရင် ဘယ်တော်လှန်ရေးမှာမဆို လူမျိုးရေးမုန်းတီးမှုကို အရင်းခံပြီး လှုံ့ဆော်တာနဲ့ Soft Target တွေကို တိုက်ခိုက်တာမျိုးကို ကျွန်တော် လုံးဝလက်မခံဘူး ဆိုတာပါပဲ။ ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေဆိုတဲ့ Concept မျိုးကိုလည်း ကျွန်တော် လက်မခံပါဘူး။ ကျွန်တော့်မှာ ကိုယ်ပိုင် Principle တွေရှိပါတယ်။ ဒါနဲ့ ဆက်ပြီး ပြောပြချင်တာက ပါလက်စတိုင်းက ဟားမားအဖွဲ့ အကြောင်းပါ။

First Intifada လို့ခေါ်တဲ့ အစ္စရေးတွေရဲ့ ကျူးကျော်ဝင်ရောက်မှုနဲ့ နိုင်ငံရေးမူဝါဒတွေကို ဝက်စ်ဘန့်နဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေ ဆန့်ကျင်အုံကြွမှုတွေ စတင်လာပြီးတဲ့နောက် ၁၉၈၇ ခုနှစ် အနှောင်းပိုင်းမှာ ဟားမားအဖွဲ့ကို ထူထောင်ခဲ့တာပါ။ အဲ့ဒီအဖွဲ့ရဲ့ ပဋိညာဉ်က အစ္စရေးနေရာမှာ အစ္စလာမ္မစ် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးနဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) နဲ့ အစ္စရေး နိုင်ငံတို့အကြား သဘောတူညီထားမှု အားလုံးကို ပယ်ဖျက်ရေးပါပဲ။

ဟားမားရဲ့ စစ်ဘက်အဖွဲ့ဖြစ်တဲ့ Izzal – Dinal – Qassam Brigades ဟာ ၁၉၉၀ ပြည့်လွန်နှစ် တွေကစပြီး အစ္စရေးကို ဆန့်ကျင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီတိုက်ခိုက်မှုတွေထဲမှာ အစ္စရေး အရပ်သားတွေကို အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းဘေးဗုံးထောင်ခြင်းနဲ့ ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပါဝင်ပါတယ်။

ဟားမားအဖွဲ့ဟာ အစ္စရေးအရပ်သားတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြတာတောင် တရားဝင်တဲ့ ခုခံရေး လှုပ်ရှားမှု ဖြစ်တယ်လို့ သူတို့ကိုယ်သူတို့ တံဆိပ်ကပ်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ အကြမ်းဖက်မှုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုက နိုင်ငံရေး ရည်ရွယ်ချက်တွေအတွက် အထူးသဖြင့် အရပ်သားတွေအပေါ် အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေ ဥပဒေနဲ့ ဆန့်ကျင်ပြီး အသုံးပြုမှု ဖြစ်နေတဲ့အတွက် ဟားမားဟာ အကြမ်းဖက်အဖွဲ့ဆိုတာ ငြင်းမရပါဘူး။

ဟားမားဟာ အကြမ်းဖက်အဖွဲ့ ဖြစ်နေတဲ့အတွက် သူ့ရဲ့နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ အစ္စရေးနေရာမှာ အစ္စလာမ္မစ် ပါလက်စတိုင်းနိုင်ငံ ထူထောင်ဖို့ မပြောနဲ့၊ သူထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင် ဒေသကိုတောင် ပါလက်စတိုင်းနိုင်ငံအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုပေးဖို့ ခက်ခဲနေပါတယ်။ နိုင်ငံတစ်နိုင်ရဲ့ လက္ခဏာရပ်တွေအဖြစ် (၁) ထိရောက်တဲ့ အစိုးရအဖွဲ့ (၂) သစ္စာခံတဲ့လူတွေ (၃) သတ်မှတ်ထားတဲ့ ပိုင်နက်နယ်မြေနဲ့ (၄) တခြားနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုရယ်လို့ ရှိရာမှာ ပထမအချက် သုံးချက်နဲ့ ပြည့်စုံနေပေမဲ့ နောက်ဆုံးအချက်နဲ့ ကိုက်ညီမှုမရှိ ဖြစ်ရတာက ဟားမားဟာ အကြမ်းဖက်အဖွဲ့ ဖြစ်နေလို့ပါပဲ။

ဟားမားအဖွဲ့လိုပါပဲ၊ ရုရှားက ချေချင်ညာ သူပုန်တွေဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေကိုသာ တော်လှန်ရေး နည်းလမ်းအဖြစ် ရွေးချယ်ခဲ့ကြတာမို့ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် မအောင်မြင်ရုံသာမက ဖိနှိပ်ခံရတာတောင် ကမ္ဘာတစ်လွှားက လူတွေရဲ့ စာနာပေးမှုကို ရရှိခဲ့ခြင်း မရှိပါဘူး။

နောက်ထပ် ပြောပြချင်တာကတော့ ကိုလံဘီယာနိုင်ငံက FARC အဖွဲ့အကြောင်းပါပဲ။ FARC ဆိုတာ စပိန်ဘာသာစကားဖြစ်တဲ့ Fuerzas Armadas Revolucionarias de Colombia ရဲ့ အတိုကောက်ပါ။ ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ လို့ အဓိပ္ပာယ်ရပါတယ်။ ၁၉၆၄ ခုနှစ်ကနေ ၂၀၁၇ ခု နှစ်အထိ ရှည်လျားလှတဲ့ ကိုလံဘီယာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခမှာ အဓိကပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ပါပဲ။ သူတို့ဟာ အကြမ်းဖက်မှု အပါအဝင် အစဉ်အလာအတိုင်း မဟုတ်တဲ့ နည်းနာတွေ အများကြီး ထပ်မံဖြည့်စွက်လိုက်ပြီး နည်းဗျူဟာ အမျိုးမျိုးကို ကျင့်သုံးခဲ့တယ်လို့ နာမည်ကြီးပါတယ်။ FARC ကို စစ်အေးခေတ် ကာလအတွင်း မာ့က်စ် - လီနင်ဝါဒီ လယ်သမား တပ်ဦးအဖြစ် ဖွဲ့စည်းခဲ့တာဖြစ်ပြီး လယ်သမားတွေ တန်းတူညီမျှ မြေယာပိုင်ဆိုင်ရေးနဲ့ နယ်ချဲ့ဝါဒ ဆန့်ကျင်ရေး ေကးကြော်သံတွေကို ကိုင်စွဲခဲ့ကြတာပါ။

ဒါပေမဲ့ သူတို့ရဲ့ စစ်ဆင်ရေး ရန်ပုံငွေတွေကို ပြန်ပေးဆွဲငွေတောင်းခံခြင်း၊ တရားမဝင် မိုင်းတွင်းလုပ်ငန်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ ဆက်ကြေးကောက်ခံခြင်းတွေကနေ ရှာဖွေခဲ့တာပါ။ သူတို့ရဲ့ ရန်ပုံငွေရှာဖွေရေးမှာ အဓိကအနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးခြင်း ပါဝင်ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းတွက်ချက်မှုအရ ကိုလံဘီယာ လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားတွေ သေဆုံးရမှု အားလုံးရဲ့ ၁၂ ရာခိုင်နှုန်းဟာ FARC နဲ့ ELN သူပုန်တွေရဲ့ လက်ချက်ကြောင့်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လမှာ FARC ဟာ ကိုလံဘီယာသမ္မတ ဟွမ်မန်နျူယယ်ဆန်းတို့စ်နဲ့ ဟာဗားနားမြို့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို နှစ် ၅၀ ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် သမိုင်းဝင်ခြေလှမ်း တစ်ရပ်လို့ ရှုမြင်ကြပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ် ၂၅ ရက်မှာ ကိုလံဘီယာသမ္မတ ဟွမ်မန်နျူယယ်ဆန်းတို့စ်က လေးနှစ်ကြာ စေ့စပ်ညှိနှိုင်းမှုတွေကနေ FARC နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ် ရရှိပြီ ဖြစ်ကြောင်းနဲ့ အောက်တိုဘာ ၂ ရက်မှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ အဲဒီငြိမ်းချမ်းရေး သဘောတူညီချက်ကို နိုင်ငံသား ၅၀ ဒသမ ၂၄ ရာခိုင်နှုန်းက ကန့်ကွက်မဲ ပေးခဲ့ကြတာမို့ မအောင်မြင်ခဲ့ပါဘူး။ အဲဒီလို ကန့်ကွက်မဲ ပေးခဲ့ကြတာကတော့ နိုင်ငံသားအများစုဟာ FARC အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို မမေ့နိုင်သေး၊ ခွင့်မလွှတ်နိုင်သေးလို့ပါပဲ။

ဒါကြောင့် ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အချက်အလက်တွေကို ပြင်ဆင်ဖြည့်သွင်းမှုတွေ ပြန်လုပ်ရပါတယ်။ ပြင်ဆင်ပြောင်းလဲပေးခဲ့ရတဲ့ အဓိကအချက် ငါးချက်ကတော့ (၁) FARC အဖွဲ့အနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို ကြေညာပြီး လွှဲပြောင်းပေးဖို့၊ အဲ့ဒီငွေတွေကို ပဋိပက္ခတွေအတွင်း ထိခိုက်နစ်နာ ခဲ့ရသူတွေကို လျော်ကြေးပေးရာမှာ သုံးစွဲဖို့ (၂) သဘောတူညီချက်က မိသားစု စံတန်ဖိုးတွေကို ယုတ်လျော့စေတယ်ဆိုတဲ့ ဘာသာရေးအုပ်စုတွေရဲ့ စိုးရိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ (၃) ၁၀ နှစ်ဆိုတဲ့ အချိန်အကန့်အသတ်အတွင်း ကူးပြောင်းရေး တရားမျှတမှု စနစ်ကို ဖော်ဆောင်ဖို့ (၄) FARC အဖွဲ့က သူတို့အနေနဲ့ ပါဝင်ခဲ့နိုင်တဲ့ မူးယစ်ဆေး ကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး အချက်အလက် အပြည့်အစုံကို ပေးဖို့နဲ့  (၅) ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ ကိုလံဘီယာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်မလာဖို့တို့ပါပဲ။

ကိုလံဘီယာအစိုးရနဲ့ FARC အဖွဲ့တို့ဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အဲဒီသဘောတူညီချက်ကို ကိုလံဘီယာလွှတ်တော်က နိုဝင်ဘာ ၃၀ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန် ၂၇ ရက်မှာ FARC က သူတို့လက်နက်တွေ ကုလသမဂ္ဂကို လွှဲပြောင်းပေးပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်လိုက်ပါတယ်။ တစ်လအကြာမှာ FARC ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒါပေမဲ့ FARC ထဲက ထောင်နဲ့ချီတဲ့ အစိုးရကို ဆန့်ကျင်သူတွေကတော့ FARC ရဲ့ မူလသင်ရိုးတွေကို ဆက်လက်ကိုင်စွဲပြီး မူးယစ်ဆေးကုန်ကူးမှုတွေ ဆက်လုပ်နေတုန်းပါပဲ။

အဲဒီနောက်တော့ AA အဖွဲ့နဲ့ ပတ်သက်ပြီး ပြောစရာတွေ ရှိလာပါတယ်။ ဧပြီလ အစပိုင်းမှာပဲ AA အဖွဲ့အမည်ကို အသုံးပြုပြီး ပြည်တွင်းမီဒီယာတွေကို မိုင်းခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ပေးပို့ခဲ့တယ်လို့ ပြည်တွင်းသတင်း ဂျာနယ်တွေက တာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။ Eleven Media Group ကို ဧပြီ ၁ ရက် ညပိုင်းမှာ နှစ်ကြိမ်၊ ဧပြီ ၂ ရက် နံနက် ၁၁ နာရီလောက်မှာ တစ်ကြိမ် အီးမေးလ်ကနေ တစ်ဆင့် ခြိမ်းခြောက်စာတွေ ပေးပို့ခဲ့ပါတယ်။

ဧပြီ ၁ ရက်ညပိုင်း ပေးပို့တဲ့စာမှာ ရခိုင့်တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူ မဟုတ်။ အဖနိုင်ငံတော်ကြီး အတွက် တော်လှန်ရေး ဆောင်ရွက်နေတဲ့ ရခိုင့်တပ်မတော်ဖြစ်တယ်။ ငါတို့ရခိုင့် တပ်မတော်က ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်ဖြစ်တယ်။ သတင်းဌာနတွေ အနေနဲ့ ရခိုင်ပြည်သူတွေနဲ့ တိုင်းရင်းသား ပြည်သူတွေ အထင်မြင်လွဲမှားအောင် ရခိုင့်တပ်မတော် (AA) နဲ့ပတ်သက်ပြီး မဟုတ်မမှန် ဖော်ပြမှုတွေကို ရပ်တန်းက ရပ်ပါ။ မရပ်ရင် သတင်းဌာနအနေနဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမယ်။ သတင်းစာတိုက်နဲ့ သတင်းထောက်တွေအတွက် AA အနေနဲ့ အာမခံမှာမဟုတ်။  ငါတို့ ပြောစကားကို မနာခံဘဲ AA မကောင်းကြောင်း တစ်စုံတစ်ခုပါတာနဲ့ မင်းတို့သတင်းစာတိုက်ကို မိုင်းခွဲတိုက်ခိုက်သွားမယ် ဆိုတာကို နောက်ဆုံးအနေနဲ့ သတိပေးလိုက်တယ် လို့ ရေးသားဖော်ပြ ထားပါတယ်။

အလားတူပဲ ပြည်တွင်းမီဒီယာတွေ ဖြစ်ကြတဲ့ 7 Day၊ Mizzima မီဒီယာနဲ့ ခေတ်သစ်မီဒီယာ အစရှိတဲ့ မီဒီယာတွေဟာလည်း ခြိမ်းခြောက်စာတွေ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ သတင်းမီဒီယာတွေကို ခြိမ်းခြောက်စာတွေ ပေးပို့ခဲ့မှုဟာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဧပြီ ၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ်၊ မီဒီယာတိုက်တစ်ခုကို ခြိမ်းခြောက်စာ ပေးပို့လာတာဟာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နှစ်ပေါင်း ၇၀ ကျော်သမိုင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး AA အမည် အသုံးပြုပြီး မိုင်းခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်သလိုမျိုး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နာမည်တွေနဲ့ ခြိမ်းခြောက်တာမျိုး မရှိခဲ့ဖူးပါဘူး။ ဒီလို ခြိမ်းခြောက်မှုဟာ AA က လုပ်တာ မဟုတ်ဘူးလို့ ငြင်းပေမဲ့ ခြိမ်းခြောက်စာရဲ့ အသွားအလာ အနေအထားက AA ဘက်က သဘောမျိုး ဖြစ်နေတာ တွေ့ရပါတယ်။ နောက်ပြီး AA နဲ့ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြရင် Comment တွေမှာအမြဲ ခြိမ်းခြောက်လေ့ရှိတဲ့ ပုံစံတွေနဲ့ကလည်း အတူတူပါပဲ။ စနစ်တကျ ချိန်ကိုက်တွက်ချက် လုပ်ဆောင်တဲ့သဘော ဖြစ်နေသလို AA ထောက်ခံသူတွေ ဒါမှမဟုတ် AA နဲ့ တိုက်ရိုက် အဆက်အသွယ်ရှိတဲ့ သူတွေရဲ့ လုပ်ဆောင်မှုမျိုးလို့ ယူဆစရာ ဖြစ်နေတယ်။ AA နဲ့ Inline မဖြစ်တဲ့ သတင်းဌာနတွေကို ရွေးပို့တာလည်း တွေ့ရပါတယ်။

နောက်တစ်ချက် အနေနဲ့ ၂၀၁၆ ခုနှစ် မတ် ၁၇ ရက်မှာ VOA သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကလည်း အမှတ်ရစရာ ဖြစ်လာပါတယ်။ စစ်တွေအခြေစိုက် Root Investigative Agency (RIA) သတင်းဌာနကနေ AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် နဲ့ ပတ်သက်ပြီး သတင်းတစ်ပုဒ် ဖော်ပြအပြီးမှာ RIA အယ်ဒီတာချုပ် ဦးမင်းမင်းရဲ့နေအိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းပါ။ RIA က ရခိုင်ပြည်နယ် မူးယစ်ဆေးဝါး လမ်းကြောင်းတွေကို AA က စစ်ဦးစီးချုပ် ထွန်းမြတ်နိုင် ကိုယ်တိုင် ကွပ်ကဲနေတယ်လို့  ဖော်ပြခဲ့ပြီးတဲ့နောက် RIA အယ်ဒီတာချုပ် ဦးမင်းမင်းရဲ့နေအိမ် ဗုံးခွဲတိုက်ခိုက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဦးမင်းမင်းက သူ့နေအိမ် ဗုံးခွဲတိုက်ခိုက်မခံရခင် လူမှုကွန်ရက် စာမျက်နှာတွေမှာ သူနဲ့ သူ့လုပ်ဖော် ကိုင်ဖက်တွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့လည်း VOA သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်က သတင်းဌာနကိုတောင် AA မကောင်းကြောင်း ရေးတယ်ဆိုပြီး သတင်းရေးပြီး မကြာခင် ဗုံးခွဲခံရတဲ့ အခြေအနေမျိုးမှာ လက်ရှိပြည်တွင်း မီဒီယာတွေဆီ အပို့ခံရတဲ့ ခြိမ်းခြောက်စာဟာ အတုပဲဖြစ်ဖြစ်၊ အစစ်ပဲဖြစ်ဖြစ်၊ ဘယ်လိုအဖွဲ့အစည်းကပဲပို့ပို့ ခြိမ်းခြောက်စာရထားတဲ့ မီဒီယာတွေအနေနဲ့ သတိရှိဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့ လိုအပ်တဲ့ အနေအထားကို ရောက်ရှိသွားတော့တာပါပဲ။

AA အနေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မတူဘဲ Soft Target တွေကို တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေကလည်း ရှိထားတာကိုး။ အဲဒီထဲက တချို့ကို ပြောပြပါမယ်။

၂၀၁၉ ခုနှစ်  ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ် အတွင်းက ခထီးလှ၊ ဂုပ္ပိ၊ ကျောင်းတောင်နဲ့ ငမြင်းဘော်ဆိုတဲ့ နယ်ခြားစောင့် ရဲကင်းစခန်း လေးခုကို AA အဖွဲ့က တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့အတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မတ် ၉ ရက် ည ၁၁ နာရီ ၂၀ မိနစ် အချိန်လောက်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်         ရဲကင်းစခန်းကို AA အဖွဲ့က သာလွန်အင်အားနဲ့ ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိ၊ တစ်ဦး ပျောက်ဆုံးခဲ့ပါတယ်။

ရဲစခန်းတွေကို တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ကျွန်တော်တို့ကတော့ ဒါကစစ်ရေးထွက်ပေါက် တစ်ခုအနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ဟာကို လုပ်ရတာပဲ ဖြစ်တယ်။ နောက်တစ်ခုက ဒီနေရာမှာ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရဲတို့၊ နယ်ခြားစောင့်တပ်တို့ရဲ့ ဖွဲ့စည်းပုံ၊ သူတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင်၊ ပြီးရင် မြန်မာနိုင်ငံရဲ့ Constitution လို့ ပြောလို့ရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ရဲဆိုတာ စစ်တပ်ရဲ့ အောက်မှာရှိတယ်။ ပြီးရင် သူတို့အနေနဲ့က ရခိုင်ပြည်နယ်ထဲမှာ             ဆိုလို့ရှိရင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာတွေ ရှိတယ်။ ကျွန်တော်တို့ တွေ့တယ်။ ပြီးရင် တပ်တည် တပ်လှုပ်တွေပေါ့။ ဥပမာ အစိုးရစစ်တပ် သွားလို့ရှိရင် သူတို့အနေနဲ့ လုံခြုံရေး ယူပေးတာရှိတယ်။ နောက် တစ်ခါတလေ ဆိုလို့ရှိရင် ဒီနောက်ပိုင်းမှာ ပိုလို့ဆိုးလာတာက ဘာလဲဆိုတော့ ရဲယူနီဖောင်းကို စစ်သားက ဝတ်တယ်။ စစ်သားယူနီဖောင်းကို ရဲကဝတ်တယ်။ ဆိုလိုတာက ပုံပြောင်းသွားတာပေါ့နော်။ ဥပမာ ရွာတစ်ရွာကိုဝင်မယ် ဆိုလို့ရှိရင် သူတို့စစ်သားယူနီဖောင်းနဲ့ဆို သိပ်မသင့်တော်ဘူး။ အဲ့ဒါဆိုရင် သူတို့ရဲယူနီဖောင်းကို လဲဝတ်တာရှိတယ်။ ဆိုတော့ အခုတိုက်ပွဲတွေ များလာတဲ့ ကာလမှာဆိုရင် ရှုပ်ထွေးမှုတွေ ပိုလို့ရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့က ရဲတွေအနေနဲ့ ရဲအလုပ်ကို ရဲလုပ်ပါဆိုပြီး ပထမ အသိပေးတယ်။ နောက်ပြီးတော့မှ ကျွန်တော်တို့က တုံ့ပြန်ကြေညာချက်တွေ ထုတ်တယ်။ အဲ့ဒီထက်ပိုပြီးတော့ ကျွန်တော်တို့က သတိပေးတားမြစ်စာတွေ ပို့တာရှိတယ်။ အဲ့ဒီရဲနဲ့ ပတ်သက်ပြီးတော့ ရဲဆိုတဲ့ အမျိုးက ရဲအလုပ်ကို မလုပ်တော့ ကျွန်တော်တို့ အနေနဲ့က စစ်ရေးထွက်ပေါက် တစ်ခုအနေနဲ့ ရဲစခန်းကို ဝင်တိုက်ရတာ ဖြစ်တယ် လို့ အင်တာဗျူး တစ်ခုမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူပေးတဲ့ ဆင်ခြေက လုံလောက်တယ်လို့ မထင်ပါဘူး။ ရဲစခန်းတွေကို အလစ်အငိုက် တိုက်တာနဲ့ စစ်ရေးထွက်ပေါက် ဘာဆိုင်သလဲ ဆိုတာလည်း နားလည်ရ ခက်ခဲပါတယ်။

ဆက်ပြောရရင် AA အဖွဲ့ရဲ့ ခြိမ်းခြောက်သတိပေး ခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှူးဟာ မတ် ၂၃ ရက် ည ၇ နာရီ ၂၀ မိနစ်လောက်မှာ သေနတ်နဲ့  ပစ်ခတ်လုပ်ကြံခံခဲ့ရပြီး မြောက်ဦးဆေးရုံကို ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ်အတွင်း သေဆုံးခဲ့ပါတယ်။

တိမ်ညိုရဲစခန်းမှူး ရဲအုပ်ကျော်ကျော်လှကို AA အဖွဲ့က ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ ကျည်ဆန် တစ်တောင့်နဲ့ သတိပေးစာတစ်စောင် ပေးပို့ခဲ့ဖူးပြီး အဲဒီလို သတိပေးစာ ပေးပို့ပြီးတဲ့နောက် နှစ်လကျော် အကြာမှာ လုပ်ကြံသတ်ဖြတ် ခံရတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ စခန်းမှူး ဒုရဲအုပ် သျှစ်သျှားအောင်နဲ့ ဒေသခံနှစ်ဦးကို AA အဖွဲ့က အဲဒီလိုမျိုး သတိပေးစာ ပေးပို့ခဲ့ဖူးပါတယ်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွား ကားလမ်းကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကတ်ကူဝ ကျေးရွာအနီးအထိ တာဝန်ယူ လမ်းဖောက်လုပ် ဆောင်ရွက်နေတဲ့ ဆုထူးစံကုမ္ပဏီက ဝန်ထမ်းရှစ်ဦးကို မတ် ၃၀ ရက်မှာ AA အဖွဲ့က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဆုထူးစံကုမ္ပဏီက ဝန်ထမ်းတွေဟာ ပလက်ဝမြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာမှာ အခြေပြုပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ပလက်ဝ-မီဇိုရမ် နှစ်လမ်းသွား ကားလမ်းအတွက် လမ်းလုပ်ငန်း ဆောင်ရွက်နေတုန်း မတ် ၃၀ ရက်မှာ AA အဖွဲ့က အင်အား ၁၇၀ လောက် ရောက်လာပြီး ဦးလှမျိုးအောင်၊ ဦးကျော်ထွန်း၊ ဦးစောကိုကိုနိုင်၊ ဦးပေါ်ကြီး၊ ဦးသိန်းဇော်၊ ဦးသိန်းဟန်၊ ဦးထွန်းအောင်ကျော်၊ ဦးဇော်မျိုးသူ၊ ဦးဝေဖြိုး၊ ဒေါ်နုချေ၊ ဦးဖိုးကျော်၊ ဒေါ်မိုးမိုးမြင့်၊ ဦးဇော်ဝင်းကိုတို့ ၁၃ ဦးကို ဖမ်းဆီးချုပ်နှောင်ထားပြီး လမ်းဖောက်လုပ် ဆောင်ရွက်နေမှုကို နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးခံရသူ ၁၃ ဦးအနက် ပလက်ဝမြို့နယ်၊ ယီးလာဝကျေးရွာနေ ဦးဝေဖြိုးနဲ့ သူ့ဇနီး ဒေါ်နုချေ၊ မော်လမြိုင်မြို့နေ ဦးဖိုးကျော်နဲ့ သူ့ဇနီး ဒေါ်မိုးမိုးမြင့်နဲ့ မော်လမြိုင်မြို့နေ ဦးဇော်ဝင်းကိုတို့ ငါးဦးဟာ ပလက်ဝမြို့ကို ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီလောက်မှာ ပြန်လည် လွတ်မြောက် ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ကို မေးမြန်းချက်အရ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီလောက်မှာ AA အဖွဲ့ရောက်ရှိလာပြီး ကုမ္ပဏီပိုင် ဟိုင်းလက် အဖြူရောင်ကားတစ်စီး၊ မြေကော်စက် တစ်စီးနဲ့ ဆိုင်ကယ်သုံးစီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး သူတို့ကို ဖမ်းဆီးချုပ်နှောင် ထားခဲ့ကြောင်း၊ ဧပြီ ၁ ရက်မှာ သူတို့ ငါးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရပါတယ်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ ပလက်ဝ - မီဇိုရမ် လမ်းပိုင်းပေါ်မှာလည်း ပလက်ဝတံတား စီမံကိန်း ဆောင်ရွက်နေပြီး တံတားစီမံကိန်းအတွက် အသုံးပြုဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ တင်ဆောင်လာတဲ့ သင်္ဘောကို မတ် ၁၆ ရက် နံနက်ပိုင်းမှာ AA အဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ရေယာဉ်ဝန်ထမ်းတွေကို ကမ်းပေါ်ခေါ်ဆောင်လို့ ရေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲ့ဒီလိုပဲ ပလက်ဝမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကင်းတလင်းနဲ့ ခမောင်းဝကျေးရွာတွေက မူလတန်း ကျောင်းသား၊ ကျောင်းသူ ၃၈ ဦးအပါအဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ တခြားတိုင်းရင်းသား စုစုပေါင်း ၂၀၀ ခန့်ကို AA အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်းအဓမ္မ လူသစ်စုဆောင်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ်၊ အချုပ်အနေနဲ့ ပြောရရင်တော့ ရခိုင်နဲ့ ဗမာလူမျိုးတွေအကြား လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်အောင် လှုံ့ဆော်တာမျိုးဟာ ဘာအကျိုးမှ မရှိတဲ့အပြင် ကိုယ့်ရခိုင်လူမျိုးတွေကိုတောင် ဘေးကျပ်နံကျပ်နဲ့ နေရထိုင်ရ ခက်ခဲအောင် လုပ်နေတာမျိုးဆိုတာ နားလည်ဖို့၊ အကြမ်းဖက်နည်းလမ်းတွေ ကျင့်သုံးလာမယ်ဆိုရင် ဘယ်လို နိုင်ငံရေး ရည်မှန်းချက်မှ မအောင်မြင်နိုင်ရုံမက အများရဲ့ စာနာနားလည်ပေးမှုကိုလည်း ရမှာမဟုတ်ဘူးဆိုတာ သိဖို့နဲ့ နောင်အခါ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းရာမှာလည်း ကိုယ့်လုပ်ရပ်တွေက နိုင်ငံရေး အမည်းစက်တွေ ဖြစ်မနေဖို့ လိုတယ်ဆိုတာ သဘောပေါက်ဖို့ပါပဲ။

 

 

Most Read

Most Recent