ရှမ်းရိုးရာဓလေ့ သားရှင်ပြု အလှူမင်္ဂလာပွဲတော်

ရှမ်းရိုးရာဓလေ့ သားရှင်ပြု အလှူမင်္ဂလာပွဲတော်
Published 7 April 2019
■ စည်သာ (တောင်ကြီး)

မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ၁၃၅ မျိုးတို့မှာ မတူညီကြတဲ့ ရိုးရာဓလေ့တွေ အများကြီး ရှိကြပါတယ်။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို တိုင်းရင်းသားတွေရဲ့ဓလေ့ ယဉ်ကျေးမှုတွေက ချစ်စရာ အင်မတန် ကောင်းပါတယ်။ အဲဒီထဲကမှ တောင်ပိုင်းရှမ်းတို့ရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ သားရှင်ပြု အလှူပွဲတော်အကြောင်းကို ပြန်လည်မျှဝေချင်ပါတယ်။

ရှမ်းရိုးရာဓလေ့များ

ရှမ်းတိုင်းရင်းသားတို့မှာ မွေးဖွားချိန် ကိုယ်ဝန်ဆောင် မီးနေချိန်၊ မွေးဖွားချိန်၊ ကင်မွန်းတပ် မင်္ဂလာပြုချိန်၊ ပညာသင်ကြားချိန်၊ ရှင်ပြုခြင်းနဲ့ လက်ထပ်ထိမ်းမြားခြင်းတို့မှာ ဒေသန္တရအလိုက် ကျင့်သုံးကြတဲ့ပြုမြဲကျင်းပမြဲ ရိုးရာဓလေ့လေးတွေ ရှိကြပါတယ်။ အဲဒီထဲကမှ ရှင်ပြုမင်္ဂလာအလှူပြုလုပ်ခြင်း ခေါင်းစဉ်တစ်ခုတည်းကိုပဲ ပြောပြချင်ပါတယ်။ ရှမ်းအမျိုးသားတို့ဟာ ရှင်ပြုမင်္ဂလာပွဲ၊ ဘုရားရုပ်ပွားတော်များ လှူဒါန်းခြင်း၊ ဓမ္မစာပေ၊ ကျမ်းစာပုရပိုက်များ လှူဒါန်းခြင်းတို့ကိုလည်း တစ်ဦးချင်းဖြစ်စေ၊ ရပ်ရွာအလိုက် စုပေါင်းအလှူဖြစ်စေ လှူဒါန်းလေ့ရှိကြပါတယ်။

ထိုသို့ အလှူပြုနိုင်ရန်အတွက် ဘုန်းကြီးကျောင်း၊ ဘုရားစေတီ ပရိဝုဏ်အတွင်းမှာလည်းကောင်း၊ ကွင်းပြင်မှာလည်းကောင်း အလှူမဏ္ဍပ်ဆောက်လုပ် ကျင်းပကြပါတယ်။ အလှူဖိတ်ကြားရာမှာ မုန့်ထုပ်၊ လက်ဖက်ခြောက်ထုပ်များဖြင့် ဖိတ်ကြားရတယ်။

တချို့မတတ်နိုင်သော မိသားစုအတွက် ရှင်ပြုလိုတဲ့ မိဘများဟာ ရှင်အဖ၊ ရှင်အမများကို ရှာဖွေပြီးတော့ မိမိတို့ရဲ့ သားတော်မောင်ကို ရှင်ပြုပေးဖို့ အပ်နှံရပါတယ်။ ရှင်ပြုပေးခဲ့တဲ့ ရှင်ဖ၊ ရှင်မ တို့ကိုလည်း မိဘရင်းနဲ့မခြား တစ်သက်လုံး ချစ်ခင်ခြင်း၊ လေးစားခြင်းနဲ့ တန်ဖိုးထားတတ်ကြပါတယ်။

တောင်ပိုင်းရှမ်းတို့ရဲ့ ရှင်ပြုပွဲ (သို့မဟုတ်) သာသနာ့ဘောင်အတွင်း သွတ်သွင်းခြင်း

ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်သော ရှမ်းတိုင်းရင်းသားများ၏ ထူးခြားသော စုပေါင်းသားရှင်ပြု အလှူမင်္ဂလာပွဲတော်ဟာ ရက်ရှည်ကျင်းပလေ့ရှိပြီး၊ တချို့ ၅ ရက်မှ တစ်ပတ်အထိ ကျင်းပလေ့ ရှိပါတယ်။ ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ် ဝမ်ဟတ်ဒေသတွင်နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားများ၏ ဓလေ့ရိုးရာတွင် မိမိတို့ရဲ့ သားရွှေသွေး သာသနာ့ဘောင်အတွင်း သွပ်သွင်းသည့် ရှင်ပြုပွဲကို မွန်မြတ်စွာ အလေးအမြတ်ထား ကျင်းပကြခြင်းဖြစ်ပြီး အသက်တမျှ အမြတ်တနိုး တန်ဖိုးထား ကျင်းပလေ့ ရှိပါတယ်။

သားရှင်ပြုပွဲကျင်းပရာမှာ စုပေါင်းအလှူကျင်းပခြင်းဖြစ်ပြီး၊ ပွဲကြီးအတွက် မတည်အလှူရှင်က စိုက်ထုတ်လှူဒါန်းရပါတယ်။ မတည်လှူဒါန်းသော အလှူဒါယကာကြီး၊ အလှူဒါယိကာမကြီးတို့က ရပ်ရွာဘုန်းတော်ကြီးကျောင်းမှာ အရပ်ရှစ်မျက်နှာမှ လာရောက်တဲ့ ပုဂ္ဂိုလ်များကို ကျွေးမွေးခြင်း၊ အလှူဇာတ်ပွဲခံခြင်း၊ မောင်ရင်လောင်းကို ရွှေဆင်ပေးခြင်း၊ ပစ္စည်းအသုံးအဆောင်များအား ပင်တိုင်အလှူရှင်က လှူဒါန်းခြင်းဖြစ်ကာ၊ သာသနာ့ဘောင်ဝင်မည့် ရှင်လောင်းမိသားစုများမှ မတည်အလှူရှင်ကို တစ်အိမ်ထောင်လျှင် သတ်မှတ်ထားသည့် ငွေကြေးကို အလှူငွေထည့်ဝင်ကြရခြင်းဖြစ်ပါတယ်။

မိမိတို့ရဲ့ သားလှရတနာကို သာသနာ့ဘောင်အတွင်း သွတ်သွင်းရာတွင် ကလေးဂျီ မကျစေရန် တစ်လခန့်အကြာမှ စတင်၍ ကွယ်လွန်ပြီးသော ဘိုးဘေးများကို ကန်တော့ကာ အလှူပြုလုပ်မည့်အကြောင်း တိုင်တည်ပြီး သာဓုခေါ်ဆိုနိုင်ရန် အသိပေး ဆောင်ရွက်ရတယ်။ တစ်ပတ်ခန့်အလို ဘုန်းကြီးကျောင်းတွင် မောင်ရင်လောင်းမှ သင်္ကန်းတောင်း သင်ကြားရပြီး၊ ကိုရင်ဝတ်မည့်နေ့တွင် ကိုယ်တိုင်သင်္ကန်းတောင်းရသည်။ မောင်ရင်လောင်းအဖြစ် ရောက်ရှိချိန်မှ စတင်၍ မြေမနင်းရတော့ဘဲ အထိန်းတော်များဖြင့်သာ နေရပါတယ်။ မောင်ရင်လောင်း  တစ်ဦးလျှင် အထိန်းတော် ကျားလေးဦး၊ မ နှစ်ဦး၊ ပေါင်း ခြောက်ဦး စောင့်ရှောက်ရပါတယ်။ အထိန်းတော်များက မောင်ရင်လောင်းကို ထမ်းပိုးပြီးတော့ ရေချိုးခြင်း၊ အပေါ့အလေးသွားခြင်း၊ စားသောက် အလှပြင်ဆင်ခြင်းတို့ကို အထိန်းတော်များက ပြုလုပ်ပေးရပါတယ်။

နောက်ပြီး မောင်ရင်လောင်း ဝတ်ဆင်မည့် ရှင်လောင်းဝတ်စုံများ၊ အသုံးအဆောင် ပစ္စည်းများ၊ စောင်အိပ်ယာ ခေါင်းအုံးမွေ့ရာမှအစ၊ ပရိက္ခရာရှစ်ပါးတို့ကိုလည်း အသစ်များသာ ဝယ်ယူရပါတယ်။ မောင်ရင်လောင်း တစ်ဦးဟာ တစ်နေ့ကို ရှင်လောင်းဝတ်စုံ မနက်တစ်စုံ၊ ညတစ်စုံ လဲလှယ်တဲ့အတွက်၊ ခြောက်ရက်စာ ရှင်လောင်းဝတ်စုံ ၁၂ စုံလောက် အဆင်သင့် ပြင်ဆင်ထားရပါတယ်။

အလှူမင်္ဂလာ ငါးရက်ကြာ

တောင်ပိုင်းရှမ်းတို့၏ ရိုးရာဓလေ့တွင် သုံးရက်အနည်းဆုံး ကျင်းပကြကာ ငါးရက်မှ တစ်ပတ်အထိ ကျင်းပကြလေ့ရှိပါသည်။ အလှူမတိုင်ခင်မှ စတင်၍ ဇာတ်ပွဲများ၊ မဏ္ဍပ်များ တည်ဆောက်ခြင်းတို့ကို ပြင်ဆင်ထားပြီး၊ အလှူဝင် အဖိတ်နေ့ ညနေခင်းတွင် ကလေးငယ်များကို ဆံချလိုက်ကြသည်။ အလှူပထမရက်တွင် မနက်စောစော ၅ နာရီခန့်ထ၍ ရွှေရည်ငွေရည်တို့ဖြင့် ကလေးရေချိုးစေကာ၊ နံ့သာကရမက် အမွှေးနံ့သာများ၊ မိတ်ကပ်များ လိမ်းခြယ်ပြင်ဆင်အလှပြင်၍ အဝတ်အစားသစ်များဖြင့် ရှင်လောင်းဝတ်စုံကို ဆင်ယင်ကြသည်။ မင်္ဂလာယူသောအနေဖြင့် ရွှေအတုကို မဝတ်ဘဲ ရွှေအစစ်များဖြင့် တစ်ကိုယ်လုံးကို ဆင်ယင်ကြသည်။ ထိုသို့ ရွှေဆင်ယင်ခြင်းသည် သားသမီးတို့၏ ဘဝတစ်သက်တာလုံးတွင် ဆင်းဆင်းရဲရဲ မဖြစ်စေရန်အတွက် ရွှေများ ဆင်ယင်ပေးခြင်း ဖြစ်ပါတယ်။ တောင်ပိုင်းရှမ်း အလှူပွဲကြီးများဟာ သိန်းထောင်ဂဏန်း ကုန်ကျစရိတ် ရှိပါတယ်။

မောင်ရင်လောင်းကို ဘုန်းကြီးကျောင်းပေါ် ဘုရားကန်တော့စေပြီး၊ ဆရာတော်မှ သီလပေးလိုက်ကာ ကျောင်းအောက်ပြန်ဆင်းရာတွင် ဖခင်ဖြစ်သူက သားဖြစ်သူအား ပခုံးခေါ်တွင် ထမ်းပိုး၍ ကျောင်းဝင်းတွင် မြူးထူးပျော်ပါးကြကာ အိုးစည်ဗုံမောင်းများဖြင့် ကျောင်းကို သုံးပတ်လှည့်လည် ကခုန်ကြခြင်း ဖြစ်သည်။ ဖခင်ဖြစ်သူ ပခုံးပေါ်တွင် မောင်ရင်လောင်းကို ထမ်းပိုးပြီး၊ ညာဘက်တွင် ရွှေထီးဆောင်းစေကာ၊ ဘယ်ဘက်တွင် တံခွန်တိုင် ပေါက်ပေါက်ဆုပ် အထုပ်တို့ကို တစ်ဖက်တစ်ချက် ဘေးနှစ်ဖက်မှာ ခြံရံပြီး တော့ ကျောင်းသုံးပတ်ကို လှည့်လည်ကြတာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ဖခင်မရှိတော့တဲ့ ကလေးများ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် ဖခင် မလာနိုင်သော သားများဟာ အင်မတန်ဝမ်းနည်းစရာ ကောင်းပါတယ်။ လင်မယားကွဲကာနေချိန် ဖြစ်စေကာမူ ရှင်လောင်းပွဲဆိုရင် ဖခင်ဖြစ်သူက ပြန်လာပြီးတော့ ထမ်းပိုးပေးရပါတယ်။ ဖခင်နှစ်ယောက် ဖြစ်နေတာမျိုးတွေ ဆိုရင်တော်တော်လေး ရှုပ်ပါတယ်။ နောက်ပြီး သားနှစ်ယောက် ရှိတယ်ဆိုရင် ညဘက်မှာ တစ်ယောက်ကို ထမ်းပြီးတော့လှည့်ပြီး၊ မနက် ဘက်မှာ တစ်ယောက်ကို ထမ်းလှည့်ရပါ တယ်။

ထိုမှတစ်ဆင့် ကျောင်းမှထွက်ခွာကြပြီး ရွာစဉ်တစ်လျှောက် လှည့်လည်ကာ ပခုံးထမ်းလျက် နတ်စင်သွားပြကာ မိမိတို့ နေအိမ်ကို အသီးသီး ပြန်ကြပြီး မောင်ရင်လောင်းကို ဟင်း (၁၂) မျိုးစုံအောင် ကျွေးရပါတယ်။ မိမိတို့နေအိမ်တွင် သက်ဆိုင်ရာ အမျိုးများကို ဖိတ်ကြား၍ ဧည့်ခံကျွေးမွေးရခြင်းဖြစ်ပြီး၊ အိမ်တွင်ကျွေးမွေးသည့် ကုန်ကျစရိတ်ကို အိမ်ရှင်မိသားစုက စိုက်ထုတ်ရပါသည်။ ဘုန်းကြီးကျောင်းတွင် ကျွေးမွေးသော စုပေါင်းအလှူသည် ပင်မအလှူရှင် တစ်ဦးမှမတည် လှူဒါန်းထားသော ဘုံအလှူ တစ်ခုလည်းဖြစ်သည်။ ညနေပိုင်းမှာ ကျောင်းကိုပုခုံးထမ်း၍ ပြန်လည်ရောက်ရှိလာကြကာ စုပေါင်းလှည့်လည်ကြကာ ကခုန်ကြပြီး၊ ကျောင်းသုံးပတ်ပတ်၍ သတ်မှတ်ထားသော ဘုန်းကြီးကျောင်းနေရာတွင် ညအိပ်စေပါသည်။ သားဖြစ်သူအား ပုခုံးထမ်းပိုးခြင်း ဓလေ့သည် ရှမ်းတိုင်းရင်းသားတို့၏ ဓလေ့တစ်ခုဖြစ်ပြီး၊ မောင်ရင်လောင်းကို သာသနာ့ဘောင်အတွင်းသို့ သွပ်သွင်းမည့်နေ့မှ စတင်၍ မြေမနင်းစေတော့ခြင်းဖြစ်သည်။

အလှူ ဒုတိယရက်နှင့် တတိယရက်တို့တွင် ရွာနီးချုပ်စပ်ရှိ ဘုန်းကြီးကျောင်းများကိုပတ်၍ ကန်တော့ကြသည်။ ရွာစဉ်လှည့်ရာတွင် မြင်းနှင့်ဖြစ်စေ ကားနှင့်ဖြစ်စေ လှည့်လည်ခြင်းဖြစ်ပြီး ကျွေးမွေးရန် ဖိတ်ကြားသော ဆွေမျိုးအိမ်တွင် ဆွမ်းစားအပူဇော်ခံပြီး ညတွင် စုပေါင်း၍ ကျောင်းပြန်အိပ်ကြပါသည်။

အလှူ စတုတ္ထရက်သည် အလှူဝင်ပွဲတော်ကြီးနေ့ဖြစ်ပြီး ထိုနေ့တွင် မောင်ရင်လောင်းကို ဖခင်ဖြစ်သူက ပခုံးထမ်းဖြင့် ရွာတစ်လျှောက်လှည့်ကြခြင်းဖြစ်သည်။ ထိုသို့လှည့်ရာတွင် ရှေ့တွင် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် အလှအပများ၊ မောင်ရင်လောင်း ထမ်းပိုးသော အဖွဲ့များ၊ အိုးစည်ဗုံမောင်းများတီး၍ ပျော်ရွှင်စွာ လှည့်လည်ကြခြင်းဖြစ်ပါတယ်။

အလှူပဥ္စမရက်သည် မောင်ရင်လောင်း သင်္ကန်းတောင်းကာ သာသနာ့ဘောင်အတွင်း ဝင်ရောက်သည့် နေ့ဖြစ်ပြီး အလှူရေစက်ချ၍ လှူဒါန်းလိုက်ခြင်းအားဖြင့် ပြီးဆုံးခြင်းသို့ ရောက်စေသည်။ ပိုက်ဆံတတ်နိုင်သူများဖြစ်ပါက ဆဋ္ဌမရက်တွင် အလှူအောင်ပွဲအဖြစ် အကျွေးအမွေးများ ထပ်မံကျင်းပကြပါသေးတယ်။ အလှူပွဲတစ်လျှောက် အားတက်သရော ပါဝင်ကူညီခဲ့ကြသူများကို အိုးစည်ဗုံမောင်းများ တီးခတ်ပြီးတော့ ပျော်ရွှင်စွာ ကခုန်ပြီးတော့ အလှူရှင်ကလည်း ဆုတော်ငွေ မုန့်ဖိုးများ ချီးမြှင့်ပါတယ်။ ဒါကို ရှမ်းစကား တုတ်ဆူး (မီးဆူခံ)  လို့ခေါ်ပါတယ်။ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ဖို့ ငွေမရှိရင်လည်း ခင်မင်ရင်းနှီးသူများထံမှာလည်း အဲဒီလို တုတ်ဆူး (မီးဆူခံ) လှည့်ထွက်လေ့ရှိပြီး၊ ရန်ပုံငွေ ရှာလေ့ရှိပါတယ်။

တစ်မူးရှိလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား

ရှမ်းတိုင်းရင်းသားဓလေ့သည် ရှင်လောင်းအလှူပွဲကို အဓိကပုံအောလှူဒါန်းကြလေ့ရှိပြီး၊ တချို့မိသားစု ရှင်လောင်းပွဲ လှူဒါန်းရင်း ဆင်းရဲမွဲတေသွားသည်အထိ ရှိသော်လည်း နောင်တမရဘဲ၊ ထပ်မံ စီးပွားရှာဖွေပြီး အကြွေးများကို ပျော်ပျော်ကြီး ဆပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ရှင်လောင်းအလှူပွဲကို မည်မျှတန်ဖိုးထားမည်ဆိုလျှင် နောက်ဆုံးအသတ်ထွက်ခါနီးတွင် တရားခွေဖွင့် စရာမလိုဘဲ၊ အလှူမှတ်တမ်းကို ထုတ်ပြလိုက်ရုံဖြင့် ပြန်လည် မှတ်မိပြီး ကောင်းမွန်သော ဘုံဘဝကို ရောက်ရှိနိုင်ကြလိမ့်မယ်လို့ ယုံကြည်ကြခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်စာရင်းအရ ဆင်းရဲမွဲတေမှု အဆိုးဆုံး၊ခြစားမှုအများဆုံးနှင့် ပြည်တွင်း ပဋိပက္ခစစ်မီးဒဏ် နှစ်ကာလအရှည်ကြာဆုံးနိုင်ငံ၊ ဖွံ့ဖြိုးမှု အနောက်ကျဆုံးနိုင်ငံအဖြစ် ကမ္ဘာက သတ်မှတ်ခံရသလို၊ တစ်ဖက်မှာလည်း အရက်ရောဆုံးနိုင်ငံအ ဖြစ် သတ်မှတ်ခံရခြင်းတို့ဟာလည်း ဆက်စပ်မှုရှိနေတဲ့ ကိစ္စတစ်ခုလို့ ထင်ပါတယ်။ ဗုဒ္ဓဘာသာ တိုင်းရင်းသားလူမျိုးများဟာ ပေးကမ်းလှူဒါန်းခြင်း ရက်ရောတာမို့ ဒါတွေ ဆက်စပ်နေတာ မဆန်းပါဘူး။ ဒါကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်းက တစ်မူးရှိလို့ တစ်ပဲ လှူဆိုတဲ့ စကားပုံကို ဆင်ခြင်ကြဖို့  ညွှန်ကြားခဲ့ဖူးပါတယ်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နဲ့ လင်းခေးခရိုင်တို့တွင် နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားများဟာ အဲဒီ ဓလေ့အတိုင်း ရှင်လောင်းပွဲကျင်းပကြတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားဆိုရာမှာလည်း ရှမ်းမျိုးနွယ်စု တူသော်လည်း မျိုးနွယ်ခွဲပေါင်းများစွာ ကွဲပြားပါသေးတယ်။ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုပေါင်း ၃၃ စု ရှိပြီး၊ ဗုဒ္ဓဘာသာ ၉၂ ရာခိုင်နှုန်း ရှိတယ်လို့လည်း သိထားရပါတယ်။ ရှမ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုများကို တိုင်းရင်းသားများ သိရှိနိုင်စေရန် ယခုလိုပဲ ဆက်လက် မျှဝေနိုင်ဖို့ ကြိုးစားပါဦးမည်။

Most Read

Most Recent