အစိုးရအချက်ပြမှ တိုက်ဖျက်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ အဂတိပါနေနိုင်မလား

အစိုးရအချက်ပြမှ တိုက်ဖျက်နိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ အဂတိပါနေနိုင်မလား
ဖမ်းဆီးတရားစွဲဆိုခံရသည့် ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ငါးဦးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် မတ် ၂၈ ရက်က ရုံးထုတ်စဉ် (ဓာတ်ပုံ-နေမျိုးဝင်း)
ဖမ်းဆီးတရားစွဲဆိုခံရသည့် ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူးပါ ငါးဦးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် မတ် ၂၈ ရက်က ရုံးထုတ်စဉ် (ဓာတ်ပုံ-နေမျိုးဝင်း)
Published 7 April 2019
ဖြိုးဝေ

 ( ၁ )

“ကျွန်မတို့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ စိတ်ဓာတ်ကို ပြောင်းလဲခြင်းဆိုတာဟာ ကျွန်မတို့ အဂတိတရား လေးပါးမှ ကင်းဖို့ပါပဲ။ တချို့ က အဂတိတရားဆိုတာဟာ ငွေ ရေးကြေးရေးနဲ့ ပတ်သက်တယ်လို့ပဲ ထင်ပါတယ်။ ဒါကြောင့် ကျွန်မ မကြာခဏ သတိပေးရပါတယ်။ အဂတိတရားလေးပါးဆိုတာ ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ။ ဒီတော့ အစိုးရတာဝန်ကို ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်များဟာ ဆန္ဒ၊ ဒေါသ ကင်းရမယ်ဆိုတာ မိမိတို့ချစ်ခင်တဲ့ ပုဂ္ဂိုလ်များ၊ မိမိတို့နဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်များရဲ့ အကျိုးအတွက်ကို ကြည့်ပြီးတော့ မလုပ်ရဘူး။ အမှန်တရားကိုပဲ ကြည့်ပြီးတော့ လုပ်ရမယ်။ ဒါ ဆန္ဒဂတိ ကင်းခြင်းဆိုတာ ဒါပဲဖြစ်ပါတယ်။ ပိုက်ဆံယူမှ အဂတိတရားနဲ့ မကင်းတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းရဲ့ အကျိုးကိုကြည့်ပြီးတော့ လုပ်ဆောင်တဲ့ပုဂ္ဂိုလ်များဟာ နိုင်ငံရဲ့အကျိုးမကြည့်ဘဲနဲ့ ကိုယ့်ရဲ့အသိုင်းအဝိုင်း၊ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ မိတ်ဆွေများရဲ့ မျက်နှာကြည့်ပြီး လုပ်တယ်ဆိုတာဟာ ဒါဟာလည်း အဂတိတရားတစ်မျိုးပါပဲ။ ဒေါသဂတိ ဆိုတာကတော့ ကိုယ်မကြိုက်တဲ့သူတွေ၊ မချစ်မနှစ်သက်တဲ့သူတွေကို နှိမ်တာ၊ ဒုက္ခရောက်အောင် လုပ်တာ၊ နည်းအမျိုးမျိုးနဲ့ ပြဿနာရှာတာ ဒီဟာတွေလည်း ကျွန်မတို့ အစိုးရက ကင်းတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဘယာဂတိ ဆိုတာကတော့ စိုးရိမ်ကြောင့်ကြမှုက ကင်းဝေးခြင်းပါ။ ဒါကတော့ အဓိက အရေးကြီးတာကတော့ ကျွန်မတို့ရဲ့ ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှုမှ ကင်းဝေးဖို့လည်း လိုပါတယ်။ ဒါပေမဲ့ အစိုးရဆိုတာလည်း စိုးရိမ် ကြောင့်ကြမှုကနေ ကင်းရမယ်။ ပြောရမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲရမယ်။ လုပ်သင့် လုပ်ထိုက်တာကို မလုပ်ရဲလို့ရှိရင် နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးတာဝန်ကို မယူသင့်ပါဘူး” ဆိုတဲ့ စကားဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့တာဝန်ယူမှု တစ်နှစ်ပြည့်မိန့်ခွန်းမှာ ပြောကြားခဲ့တဲ့ စကားပဲ ဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ကြည့်မယ်ဆိုရင် လည်း ကျောသားရင်သား မခွဲခြားဘဲ  အရေးယူဖို့အတွက် ငွေကြေးယူတာတင်မက ရာထူးအာဏာကို အလွဲသုံးတာမျိုးကို အရေးယူနိုင်ဖို့ပါ။ ပြဋ္ဌာန်းထားပြီး ပုဒ်မ (၃) က ပြဋ္ဌာန်း ချက်အချို့ကို ကြည့်မယ်ဆိုရင်

“၃ (က) အဂတိလိုက်စားမှု ဆိုသည်မှာ အောက်ပါတို့ကို ဆိုလိုသည်။

(၁) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန်၊ သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန်အားထုတ်ခြင်း၊ သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း။

(၂) မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း၊ သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲ ခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်းပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း။

( ခ ) တံစိုးလက်ဆောင်ဆိုရာတွင် အဂတိလိုက်စားမှုအလို့ငှာ အဖိုးစားနား သို့မဟုတ် ထိုက်သင့်သည့် တန်ဖိုးမပေးဘဲ လက်ခံခြင်း သို့မဟုတ် ပေးခြင်းပြုသော ငွေကြေး၊ ပစ္စည်း၊ လက်ဆောင်၊ ဝန်ဆောင်ခ၊ ဧည့်ခံပြုစုခြင်းနှင့် တရားမဝင်သော အခြားအကျိုးခံစားခွင့်များလည်း ပါဝင်သည်။

( ဂ ) အဂတိလိုက်စားမှုှုဖြင့် ကြွယ်ဝချမ်းသာလာခြင်း ဆိုသည်မှာ ရာထူးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် တာဝန်များ ကျင့်သုံးဆောင်ရွက်ရာမှ အဂတိလိုက်စားမှုဖြင့် ငွေကြေး နှင့် ပစ္စည်းများ တိုးပွားရရှိလာ ခြင်းကြောင့်သော်လည်းကောင်း၊ ပေးရန်တာဝန်များ လျှော့ချခြင်းကြောင့် သော်လည်းကောင်း၊ ငွေကြေး နှင့် ပစ္စည်းများကို မတရားရယူခြင်းကြောင့်သော် လည်းကောင်း ကြွယ်ဝ ချမ်းသာလာခြင်းကို ဆိုသည်။

(ဃ) အဂတိလိုက်စားမှုဖြင့် ကြွယ်ဝ ချမ်းသာလာခြင်းဆိုသည်မှာ ရာထူးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် တာဝန်များ ကျင့်သုံးဆောင်ရွက်ရာမှ အဂတိလိုက်စားမှုဖြင့် ငွေကြေး နှင့် ပစ္စည်းများတိုးပွားရရှိလာ ခြင်းကြောင့်သော်လည်းကောင်း၊  ပေးရန်တာဝန်များ လျှော့ချခြင်းကြောင့်သော်လည်းကောင်း၊ ငွေ ကြေးနှင့်ပစ္စည်းများကို မတရား ရယူခြင်းကြောင့်သော်လည်း ကောင်း ကြွယ်ဝချမ်းသာခြင်းကို ဆိုသည်ဟုဆိုပြီး အဂတိလိုက်စားတာ၊ တံစိုးလက်ဆောင်ယူတာနဲ့ အဂတိလိုက်စားမှုနဲ့ ကြွယ်ဝချမ်းသာလာတာတွေကို အရေးယူနိုင်ဖို့ ပြဋ္ဌာန်းခဲ့တာ တွေ့ရပါတယ်။ ဒီလိုမျိုး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပေမယ့် ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေဟာ တကယ်တမ်းမှာတော့ နိုင်ငံရေး ရာထူးတွေဖြစ်တဲ့ ဒုတိယဝန်ကြီးနဲ့ သူ့အထက်က လူတွေရဲ့ အဂတိလိုက်စားမှုကိုတော့ အရေးယူနိုင်ခြင်း မရှိတာနဲ့ ကျော်စောသတင်းတွေကို အရေးယူနိုင်ခြင်းမရှိတာကြောင့် အဆင့်ဆင့်ပြင်ဆင်ခဲ့ရပြီး ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကျမှ ထည့်သွင်းပြဋ္ဌာန်းနိုင် ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ ပြည့်စုံလုံလောက်တဲ့ ဥပဒေ မဟုတ် သလို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူဖို့တွေမှာလည်း နိုင်ငံရေးအရ အထက်တာဝန်ရှိသူတွေရဲ့ မီးစိမ်းပြမှုကို စောင့်နေရဆဲ ဖြစ်နေပါတယ်။ မီးစိမ်းမပြရင် အရေးယူမရတဲ့  ဖြစ်စဉ် မျိုးတွေကိုလည်း ပြည်သူတွေက မြင်နေရဆဲ ဖြစ်ပါတယ်။

“၃ (က) အဂတိလိုက်စားမှု ဆိုသည်မှာ အောက်ပါတို့ကို ဆိုလိုသည်။

(၁) မည်သူမဆို ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ တစ်စုံတစ်ရာကို ပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန်၊ သို့မဟုတ် တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကို တစ်ဦးတစ်ယောက်အား ပေးခြင်း၊ ပေးရန်အားထုတ်ခြင်း၊ သို့မဟုတ် တစ်ဦးတစ်ယောက်ထံမှ လက်ခံခြင်း၊ ရယူခြင်းနှင့် ရယူရန် အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း။

(၂) မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း၊ သို့မဟုတ် အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲ ခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်းပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူစာချုပ် တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေခြင်း။

( ၂ )

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆောင်ရွက်မှုတွေကိုကြည့်မယ်ဆိုရင် ၂၀၁၃ ခုနှစ် သြဂုတ် ဂ ရက်ရဲ့ရှေ့ပိုင်းက လုပ်ဆောင်ချက်တွေကို အရေးယူတာ မတွေ့ရပါဘဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအသက်ဝင်လာတဲ့ ၂၀၁၃ ခုနှစ် သြဂုတ် ဂ ရက် နောက်ပိုင်းက ကိစ္စတွေကိုပဲ အရေးယူတာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာတော့ ပြင်ဆင်ချက်ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းနေရင် အရေးယူချင်ယူပြီး အရေး မယူချင် မယူတဲ့ အခြေအနေမျိုးပါ။ ဥပမာအားဖြင့် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူဖြစ်တဲ့ NLD ပါတီက တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဟာ အာဏာရယူစ ၂၀၁၆ ခုနှစ် ဧပြီလကတည်းက စတင်ပြီး အဂတိလိုက်စားတယ်လို့ ဆိုရမှာပါ။ သူမဟာ လက်ရှိအချိန်မှာ အဂတိလိုက် စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူထားလို့ ထောင်တွင်းကနေ ရင်ဆိုင်နေရတာကို တွေ့ရပေမယ့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေနဲ့ ဆောင်ရွက်တဲ့လုပ်ငန်းတွေဟာ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းတွေ ကို လိုက်နာခြင်းမရှိတာကြောင့် အရေးယူပေးဖို့ မြစ်ကြီးနားက တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်ကြားရာမှာ ကော်မရှင်က ဒီကိစ္စဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းခြင်း မပြုမီ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကိစ္စဖြစ်လို့ အရေးယူ ဆောင်ရွက်ပေးနိုင်ခြင်း မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နှစ်ခုအပေါ် ပြည်သူတွေက သုံးသပ်ကြရာမှာ ဒေါက်တာ လဲ့လဲ့မော်ကိစ္စဟာ NLD အစိုးရအဖွဲ့က မီးစိမ်းပြလိုက်လို့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ဖြစ်တဲ့ ကိစ္စကို အရေးယူတာလို့ ကောက်ချက်ယူစရာဖြစ်ခဲ့သလို ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ တင်ဒါကိစ္စမှာ NLD အစိုးရအဖွဲ့က အချက်မပြတဲ့အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကိစ္စဖြစ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထ အကြိမ်ပြင်ဆင်သည့်ဥပဒေနဲ့ အကြောင်းပြပြီး ငြင်းတယ်လို့ မှတ်ချက်ယူခဲ့တာတွေ့ရပါတယ်။ လူမှု ကွန်ရက်မှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ  မြစ်ကြီးနားက တရားလွှတ်တော် ရှေ့နေ ဦးတင်ထွန်းသိန်းဆီ ပြန်ကြားတဲ့ စာကိုလည်း ကော်မရှင်ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာ ACC Myanmar ကို ကျောက်စိမ်းမြေ အကောင့်သုံးစွဲသူက အမှတ် (၂) သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ကို ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း ရာထူးတာဝန် အလွဲသုံးစားလုပ်တယ် ဆိုပြီး အမှုဖွင့်တဲ့ပို့စ်အောက်မှာ  “ဒါမျိုးကျ အရေးယူဖို့ကို ဥပဒေပြင်ဆင်တာနဲ့ ၂၀၁၇-၂၀၁၈ တောင် အကျုံးမဝင်တာ အခု ၂၀၁၄ လောက်ကဟာကျ အရေးယူလို့ရတယ်ပေါ့” လို့ မေးခွန်းထုတ်ခဲ့ပြီး  ACC Myanmar ကော်မရှင်ကလည်း အဲဒီကွန်းမန့်အောက်မှာ  “အလကား ကော်မရှင်ဟု စွပ်စွဲခြင်းထက် ဘာကြောင့် ဤသို့ဖြစ်ရသလဲဆိုတာ ထဲထဲဝင်ဝင်သိမှ Comment ရေးသင့်သည်။ ကိုယ်တိုင် (မရှင်းလင်းသူ) လာရောက်ဆွေးနွေးပါရန် အကြံပြု” လို့ တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

ကျော်စောမှုတွေ၊ နိုင်ငံရေး ရာထူးရှိသူတွေကို အရေးယူလို့ ရလာပြီဆိုပေမယ့် ကော်မရှင်ဟာ အရေးယူချင်သူကို အရေးယူပြီး အရေးမယူချင်သူကို အရေးမယူတာဟာ ဒီလိုဖြစ်စဉ်တွေမှ မဟုတ်ဘဲ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ ဦးကျော်ဝင်း ကိစ္စမှာလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့တာပါ။

ဦးကျော်ဝင်းကိစ္စမှာဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က “ကျွန်တော်တို့က အပြစ်မရှိဘူးလို့ ပြောဆိုခြင်းမဟုတ်ပါဘူး။ တိုင်ကြားချက်မှာ ဖော်ပြထားတဲ့ တိုင်တန်းချက်ဟာ ကျွန်တော်တို့ ဥပဒေ နဲ့ငြိစွန်းဖို့အတွက် ခိုင်လုံတဲ့ အထောက်အထား မရှိဘူးလို့ ပြောခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အရေးယူဆောင်ရွက်ခွင့်မရှိတဲ့ သဘောပါ။ အဲဒီတော့ ကျွန်တော်တို့ သမ္မတကြီးဆီ တင်ပြတဲ့ အခါမှာလည်း ဒီအတိုင်းပဲတင်ပြခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်း က ကျွန်တော်တို့ကိစ္စ မဟုတ်ပါဘူး။ ဒါကနိုင်ငံတော်သမ္မတနဲ့ အစိုးရ အဖွဲ့က နုတ်ထွက်ခွင့်ပြုခြင်း-မပြု ခြင်းဟာ အုပ်ချုပ်ရေးပိုင်းက ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ လုံးဝပတ်သက်မှု မရှိပါဘူး”လို့ ပြောကြားခဲ့တာပါ။ ဒီပြောကြားချက်ဟာ ဦးကျော်ဝင်းကို ကော်မရှင်အနေနဲ့ အရေးယူနိုင်တဲ့ အခြေအနေမဟုတ်ဘဲ အစိုးရအဖွဲ့ မှာပဲ တာဝန်ရှိတယ်။ အရေးယူနိုင်တယ်ဆိုတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီအချိန်အထိတော့ NLD အစိုးရဟာ ဦးကျော်ဝင်းနဲ့ ပတ်သက်တဲ့ အခြားအချက်တွေ၊ အရေးယူ-မယူဆိုတဲ့ အချက်တွေကို ရေငုံနှုတ်ပိတ်နေဆဲဖြစ်ပြီး တခြားတုံ့ပြန်မှုတော့ မရှိတာကို တွေ့ရပါတယ်။

အစိုးရအဖွဲ့က မီးစိမ်းမပြလို့ အရေးယူမရဘူးလို့ မှတ်ယူကြတဲ့ ဖြစ်စဉ်တွေ များစွာရှိနေပါသေး တယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းမှာ ဒေါက်တာညိုညိုသင်းဟာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာမှာပါတဲ့ ပြည်သူလူထုနစ်နာမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့အတွက်  အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားရာမှာလည်း ကော်မရှင်က အရေးယူဆောင်ရွက်ဖို့ မရှိသေးဘူးလို့ တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။

လက်ရှိအချိန်မှာ ပြန်ကြည့်မယ်ဆိုရင်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတ ီ (NDF) ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ့ YBS ၊ YP နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းတွေ လုပ်ဆောင်နေမှုအပေါ် ပြည်သူတွေသိရှိနိုင်ရေး ပွင့်လင်းမြင်သာ စွာထုတ်ပြန်ပေးဖို့နဲ့ အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်ကလည်း ရန်ကုန်တိုင်းအစိုးရအပေါ် တိုင်ကြားမှုတွေကို သမာသမတ်ကျစွာနဲ့ စိစစ်အရေးယူဆောင်ရွက်ပေးဖို့  လေးနက်စွာတောင်းဆိုတယ်လို့ မတ် ၂၅ ရက် သတင်းထုတ်ပြန်ခဲ့သလို ရန်ကုန်တိုင်းအစိုးရအဖွဲ့က လုပ်ဆောင်နေတဲ့ YBS ၊ YP နဲ့ ရန်ကုန်မြို့သစ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ကို တိုင်ကြားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဒီလိုမျိုး အစိုးရအချက်ပြမှ အရေးယူနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးဟာ အစိုးရလက်ကိုင်တုတ်လိုဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဝေဖန်ခံနေရတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး တိုင်ကြားဖို့ကိုတော့ စီစဉ်နေဆဲဖြစ်တယ်လို့ ဧပြီ ၆ ရက် မှာ ပြောပါတယ်။

 အဂတိလိုက်စားမှုဖြင့် ကြွယ်၀ ချမ်းသာလာခြင်းဆိုသည်မှာ ရာထူးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် တာဝန်များ ကျင့်သုံးဆောင်ရွက်ရာမှ အဂတိလိုက်စားမှုဖြင့် ငွေကြေး နှင့် ပစ္စည်းများတိုးပွားရရှိလာ ခြင်းကြောင့်သော်လည်းကောင်း၊  ပေးရန်တာဝန်များ လျှော့ချခြင်းကြောင့်သော်လည်းကောင်း၊ ငွေ ကြေးနှင့်ပစ္စည်းများကို မတရား ရယူခြင်းကြောင့်သော်လည်း ကောင်း ကြွယ်ဝချမ်းသာခြင်းကို ဆိုသည်ဟုဆိုပြီး အဂတိလိုက်စားတာ၊ တံစိုးလက်ဆောင်ယူတာနဲ့ အဂတိလိုက်စားမှုနဲ့ ကြွယ်ဝချမ်းသာလာတာတွေကို အရေးယူနိုင်ဖို့ . . .

( ၃ )

ဦးသိန်းစိန်အစိုးရလက်ထက် ဦးမြဝင်း ဦးဆောင်တဲ့ အဂတိလိုက်စားမ ှုတိုက်ဖျက်ရေးကော်မရှင်နဲ့ NLD အစိုးရလက်ထက် ဦးအောင်ကြည် ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပိုပြီး ပြည်သူလူထုယုံကြည်ကိုးစားမှု ရရှိတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူး၊  FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်၊ အမှတ် (၂) သတ္တုတွင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်၊ တနင်္သာရီဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ တာဝန်ရှိသူတွေ အပါအဝင် အကောက်ခွန်ဝန်ထမ်းအများစုကို အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေဟာ ခိုင်မာအား ကောင်းတဲ့ ကော်မရှင်အဖြစ် သက်သေပြခဲ့ပါတယ်။

တစ်ဖက်မှာလည်း NLD အစိုးရနဲ့ ပတ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့အပေါ် တိုင်ကြားမှုတွေကို ပွင့်လင်းစွာ စစ်ဆေးပြီး အရေးယူပြမှု မရှိသေးတာ၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး မရှင်းလင်းနိုင်တာ၊ ကချင်ပြည်နယ် အစိုးရနဲ့ တနင်္သာရီအစိုးရဖြစ်စဉ် နှစ်ခုမှာ တနင်္သာရီအစိုးရကိုပဲ အရေးယူခဲ့ပြီး ကချင်ပြည်နယ်အစိုးရကိုတော့ ဥပဒေကြောင့်လို့ ပြောခဲ့တာ၊ ရန်ကုန်တိုင်း စာရင်းစစ် ချုပ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး လတ်တလောမှာ စစ်ဆေးဆောင်ရွက်မှု မပြုနိုင်သေးတဲ့ အခြေအနေ တွေအားလုံးကလည်း NLD အစိုးရက အချက်ပြမှ လုပ်လို့ရတယ်ဆိုတဲ့ အခြေအနေလို့ ထင်မြင်ယူဆဖွယ်ရာ ဖြစ်စေခဲ့ပြီး ဥပဒေအထက်မှာ ဘယ်သူမှ မရှိဖို့နဲ့ အဂတိမှုတိုင်းကို အရေးယူမယ်ဆို တဲ့ကော်မရှင်ရဲ့ ကြွေးကြော်ရပ် တည်မှုကို အားပျော့နိုင်စေပါတယ်။

ဒီလိုအခြေအနေတွေထက် ပိုပြီးဆိုးရွားနေတဲ့ ဖြစ်စဉ်တစ်ခုကလည်း အဂတိလိုက်စားမှုတိုက် ဖျက်ရေး ကော်မရှင်ကို ဝန်ထုပ်ဝန် ပိုးဖြစ်စေခဲ့ပြီး အဲဒါကတော့ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ဝန်ကြီးဦးအုန်းမောင်၊ အမြဲတမ်းအတွင်းဝန်ဦးရည်မွန်နဲ့ ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်တို့ကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာပါ။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဝန်ကြီးဦးအုန်းမောင်၊ အမြဲ တမ်းအတွင်းဝန် ဦးရည်မွန်တို့ရဲ့ အဂတိလိုက်စားမှုကို  ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်က တိုင်ကြားရာမှာ အဂတိလိုက်စားတယ်လို့ အထောက်အထားတွေ ပြနေခဲ့တာတောင် ဒီနေ့ဒီအချိန်အထိ ကော်မရှင်က ဘာတစ်ခုမှ ဆက်မလုပ်နိုင်သေးတာကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ NLD အစိုးရ မီးစိမ်းပြမှ အရေးယူ ဆောင်ရွက်သလားဆိုတဲ့ အခြေအနေကို ပေါ်လွင်စေခဲ့တယ်လို့ဆို နိုင်ပါတယ်။

ဟိုတယ်လုပ်ငန်းရှင် ဦးဌေးအောင်ဟာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကနေ အငြိမ်းစား ယူသွားခဲ့သူ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်နဲ့ တာဝန်ရှိသူအချို့ရဲ့ အဂတိလိုက်စားမှုတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားတာ၊ သတင်းစာရှင်းလင်းပွဲပြုလုပ်တာ၊ လူမှုကွန်ရက်မှာ ရေးသားတာ စတဲ့အချက်တွေကြောင့်  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက တရားစွဲဆိုထားပြီး ဦးဌေးအောင်ကလည်း နန်းမြိုင်ဟိုတယ်နဲ့ပတ်သက်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကို ပြန်လည်တရားစွဲဆိုသွားမှာ ဖြစ်ကြောင်း နို့တစ်စာ ပေးပို့ထားပါတယ်။

“သတင်းစာရှင်းလင်းပွဲတွေ လည်း လုပ်ထားပါတယ်။ ကျွန်တော့်ကိစ္စက တစ်နှစ်လောက်ကို ရှိနေပါပြီ။ တိုင်ထားတာတော့ တစ်နှစ်နီးပါးရှိပြီ။ ကျွန်တော်သတင်းစာ ရှင်းလင်းပွဲတွေလုပ်ပြီးလည်း ပြောနေတာပါ။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လုပ်နေတာလည်း မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ၊ အဲဒီတော့ သမ္မတရုံးကနေ ကိုယ်စားတာဝန်ခံပြီးတော့ လက်မှတ်ထိုးပြီးတော့ ဦးအောင်ကြည်ဆီကိုလည်း စာပို့ထားပြီးသားပါ။ အဲဒါတွေကိုလည်း ကျွန်တော့် Facebook မှာ တွေ့မှာပါ။ အဲဒီမှာ နံပါတ် (၁) က ဦးအောင်ကြည်က ကျွန်တော့်ဆီကို ကျွန်တော့်တိုင်စာ လက်ခံရရှိကြောင်းစာကို မပို့သေးဘူး။ ဥပဒေအရ စာပို့ရမယ်။ ပြီးလို့ရှိရင် စစ်ဆေးတယ်ဗျ။ ကျွန်တော့်ကို တစ်ပတ်တိတိ။ ငါးရက်ပေါ့ဗျာ။ တနင်္လာကနေ သောကြာ။ ရုံးထိုင်သလို ကျွန်တော့်ကို အခန်းထဲထားပြီး စိစစ်တာ။ ကျွန်တော်လိုက်ရတယ်ဗျ။ သွားပြီးအကောင့်တွေ စိစစ်တယ်။ ကျွန်တော်ပါတယ်။ မော်တော်ကားအတုကို ဝှက်ထားပြီး အစစ်ကို ထုတ်သုံးတယ်။ ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် လိုက်ပါပြီး ဖော်ထုတ်ခဲ့တာ။ အဲဒီတော့ စစ်ဆေးတဲ့့သူတွေက ဘာပြောလဲဆိုတော့ ဦးဌေးအောင် အမှုကိုမှ အရေးမယူနိုင်ရင် ကျုပ်တို့ အဂတိကတော့ဖြင့် ရှိဖို့တောင် မလိုတော့ဘူးလို့ကို ကျွန်တော့်ကို စစ်ဆေးနေတဲ့ကာလမှာ ပြောပါတယ်။ ပေါ်လွင်နေပြီ။ ဒီဟာကိုတော့ အရေးယူနိုင်မှာပါလို့ အဲဒီက ဒုဝန်ကြီး အဆင့်ရှိတဲ့သူတွေ ကိုယ်တိုင်ကကို ပြောတာပါ။ ဦးဌေးအောင်က တော်တော်တိကျတယ်။ ကျွန်မတို့ အများကြီး အကူအညီရတယ်။ သူများတွေက တိုင်စာလေးပို့ရုံပဲ။ ဦးဌေးအောင်က ကိုယ်တိုင်လိုက်ဖမ်းပေးတယ်။ ကိုယ်တိုင်ဖော်ထုတ်ပေးတယ်။ ကျွန်မတို့ ကျေးဇူးတင်တယ်လို့ ကျွန်တော့်ကို တာဝန်ခံစစ်ဆေးပေးတဲ့ ဒေါ်လဲ့လဲ့သွင်ကိုယ်တိုင် ပြောတဲ့စကားတွေပါ။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော် ဆက်သွယ်လို့ကို မရတော့ဘူး။ ကျွန်တော်ဖုန်းခေါ်ရင် ဘယ်သူမှလည်း မကိုင်တော့ဘူး။ အဲဒီမှာ ကျွန်တော်က ဘာနို့တစ်မှ မပေးဘဲ အဂတိရုံးကို ရောက်သွားတယ်။ ဘယ်သူနဲ့ တွေ့ရမလဲဆိုတော့ ဒေါ်လဲ့လဲ့သွင်က ကျွန်တော့်ကို အတွေ့ခံပါတယ်”။  “ဦးဌေးအောင်ရေ...ကျွန်မတို့လည်း ဦးဌေး အောင် ကိုဘာဆက်ပြောရမယ် မသိဘူး။ ဦးဌေးအောင်ကို ဖြေနိုင်မယ့်သူက ဥက္ကဋ္ဌကြီး ဦးအောင်ကြည် တစ်ယောက်ပဲ ရှိတော့တယ်”တဲ့။ အဲဒါဆို ကျွန်တော့်ကို ဥက္ကဋ္ဌနဲ့တွေ့ပေးပါ။ ကျွန်တော်တွေ့ပါမယ်ဆိုတော့ “ ဦးဌေးအောင်...အဲဒီလိုတော့ မလုပ်နဲ့လေ။ ကျွန်မတို့ Procedure အရ လုပ်ပေးပါ့မယ်။ စာလေးဘာလေး ကောက်တင်လိုက်ပါ။ အဲဒီကျရင် ကျွန်မတို့ တွေ့ပေးပါ့မယ်”ဘာညာပြောတာပေါ့ဗျာ။ အဲဒီတော့ ကျွန်တော်က လည်း ဒီလို စာပေါင်းမြောက်မြားစွာ ရေးပြီးပြီဆိုတော့ ဘာမှမထူးခြားတဲ့အခါကျတော့ နောက်တစ်ရက်မှာ ဥက္ကဋ္ဌရုံး သွားလိုက်တယ်။ အဲဒီမှာ PSO နဲ့ တွေ့ရတာပေါ့။ အဲဒီတော့ PSO က စီစဉ်ပေးမယ်ပေါ့။ အဲဒါတွေလည်း ကျွန်တော့် Facebook တင်ထားပြီးသားပါ။ အဲဒါတွေကလည်း ကျွန်တော်ရှင်းနိုင်လို့ တင်ထားတာပါ။ လိုက်ပြီးတော့ သူများကို သိက္ခာကျအောင် သွားပုပ်လေလွင့် ပြောတာလည်း မဟုတ်ပါဘူး။ အဲဒါ ဒီနေ့အထိလည်း ကျွန်တော့်ကို ဘာတစ်ခုမှ မပေးသေးဘူးဗျ။ အမှန်ကတော့ ဦးအောင်ကြည်တို့ ဘက်ကလည်း တော်တော်ပျက်ကွက်နေပြီဗျ “လို့ု ဦးဌေးအောင်က ဆိုပါတယ်။

ဦးဌေးအောင်ပြောကြားမှု အရ  ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့  ပတ်သက်ပြီး အဂတိ လိုက်စားသူတွေကို အရေးယူပေးဖို့ တင်ပြထားတာ တစ်နှစ်ခန့်ရှိနေပြီ ဖြစ်ပေမယ့်လည်း ဘယ်လို့တုံ့ပြန်မှုမှ မရသေးတဲ့အပြင် အဂတိလိုက်စားမ ှုတိုက်ဖျက်ရေး ကော်မရှင်ဘက်က ပျက်ကွက်မှုတွေလည်း ရှိနေတယ်ဆိုတာ မြင်နေရပါတယ်။

The National Trading ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဌေးအောင်ဟာ ဒီဖြစ်စဉ်တွေအပြင် လတ်တလောမှာ ဝေဖန်မှုများစွာရှိနေတဲ့ မန္တလေးမြို့က မင်းသားကြီးဟိုတယ်၊ မန္တလေးစီးတီး ဟိုတယ်နဲ့ ဟိုတယ်မန္တလေး တို့ကို တစ်လကျပ်ခြောက်သိန်း၊ ရှစ်သိန်းနဲ့ ငါးသိန်း စတဲ့စျေးနှုန်းတွေနဲ့ နှစ်ရှည်ငှားရမ်းထားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၇-၂၀၁၈ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒီဟိုတယ်တွေ ငှားရမ်းမှုမှာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နဲ့ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်တို့ လာဘ်ငွေရယူမှု ရှိခဲ့တာကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားပြီးဖြစ်တာ နဲ့ ဒီနေ့အထိ ဘယ်လိုတုံ့ပြန်မှုမှ မရှိကြောင်း ဦးဌေးအောင်က သူ့ရဲ့ Facebook  မှာ ‘ကိုမျိုးရန်နောင်သိန်း ခင်ဗျာ။ မန္တလေးတိုင်းအစိုးရ၏ စုံစမ်းစစ်ဆေးမှုများ မပြည့်စုံပါ။နိုင်ငံတော်ပိုင် မန္တလေးဟိုတယ်မှ ငှားရမ်းခ မည်မျှရကြောင်း ဖော်ပြမထားပါ။ သိလိုပါက ကျွန်တော် အထောက်အထားဖြင့် ပြောပြနိုင်ပါတယ်။ ဟိုတယ်ခရီးဝန်ကြီးနှင့် အတွင်းဝန်ဦးရီမွန်တို့ မန္တလေး ဟိုတယ်မှ လာဘ်ငွေရယူရန် စင်ကာပူကျွန်းအထိ သွားရောက်ခဲ့သည်ကို အဂတိကော်မရှင်ကို တိုင်ကြားခဲ့ပြီး ဖြစ်ပါတယ်။ NLD ဝန်ကြီးမို့ အရေးယူရန်ခက်ခဲနေကြောင်း ကော်မရှင်မှ တာဝန်ရှိသူများ ရှင်းပြ၍ သိခဲ့ရပါသည်။ ကျေးဇူးပြု၍ အမဒေါ်အောင်ဆန်းစုကြည် နားပေါက်အောင် ပြောပေးပါခင်ဗျာ။ မဟုတ်မှန်ပါက သေဒဏ်ကျခံပါ မည်” ဟု ရေးသားခဲ့ပြီး ဒီဖြစ်စဉ်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ ဘယ်အချိန် က တိုင်ကြားခဲ့သလဲလို့  Weekly Eleven ဂျာနယ်က မေးမြန်းရာမှာ ဦးဌေးအောင်က “ဟုတ်ပါတယ်ခင်ဗျ။ တိုင်ပြီးသားပါ။ စစ်လည်း စစ်ပါတယ်။ လေယာဉ်လက်မှတ်က အစ သူတို့ဘယ်လိုသွားတယ်။ တည်းတယ် ဆိုတာကအစ။ ဘယ်လောက်ယူတယ်။ နောက်ဆုံးမှာ ပွဲပျက်သွားတယ်။ ဆိုတော့ သူတို့ လာဘ်ဘယ်လို စားတယ်ဆိုတာကအစ ကျွန်တော်က ဂဃနဏ တိုင်ခဲ့တာပါ။ ပေါ်လည်း ပေါ်ပါတယ်။ ဘာမှ မထူခြားတာပါ။ Stand ဟိုတယ်ကို ဒေါ်လာ ၅၀၀၀၀ ဗျာ။  Date မပါဘူးဗျာ။ လာဘ်စားတဲ့ ပိုက်ဆံဆိုတော့ ဝန်ကြီးကိုယ်စား ဆိုပြီး ရည်မွန်ဆိုပြီးလက်မှတ်ထိုးပြီး ဒေါ်လာတွေတောင်းတယ်ဗျာ။ အဲဒီ ဒေါ်လာတွေကို ကျပ်ငွေ နဲ့လဲတယ်။ ပြီးတော့ သိန်း ၅၈၀၀ ကျော်ကျော် သူတို့လာဘ်စားတဲ့ ငွေတွေစုထားတဲ့အကောင့်ကိုလည်း ကျွန်တော်ဖော်ထုတ်ပေးတယ်။ အဲဒါတွေက ဘာတစ်ခုမှ အရေးယူလို့မရဘူးဆိုတော့ ကျွန်တော်လည်း ဘာနဲ့ပြောရမယ်ကို မသိပါဘူး”လို့ ဖြေခဲ့ပါတယ်။

ဦးဌေးအောင်ရဲ့ Facebook မှာ ရေးသားမှုတွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင် ကြားမှုတွေဟာ မမှန်မကန်သာ ပြောနေရေးနေမယ်ဆိုရင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေနဲ့ အရေးယူနို်င်တဲ့အပြင် အဂတိလိုက်စားမ ှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့လည်း အရေးယူနိုင်တဲ့ အခြေအနေပါ။ အထူးသဖြင့် ဦးဌေးအောင်သာ မမှန်မကန်တိုင် တန်းတာဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၉ အရ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ် ကျခံရနိုင်တဲ့ အခြေနေပါ။ ဒီလိုမျိုးအခြေအနေဆိုပေမယ့် ဦးဌေးအောင်ကို အရေးယူတာ မရှိသလို ဟိုတယ်/ခရီး တာဝန်ရှိ သူတွေကို လျစ်လျူရှုထားတာကလည်း ကောင်းတဲ့အနေအထားတစ်ခုတော့ မဟုတ်ပါဘူး။ ဒီလိုမျိုး အခြေအနေလို့ ပြည်သူတွေ ရှုမြင်နေပေမယ့်လည်း လက်ရှိအချိန်အထိ ဦးဌေးအောင်ရဲ့ရေးသားမှုတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တုံ့ပြန်မှု မရှိဘဲ မသိကျိုးကျွန် နေနေတာကြောင့် ဦးဌေးအောင်ဟာ မှန်တာတွေကို ပြောနေတယ်လို့ အများက ရှုမြင်နေတဲ့ အခြေအနေဟာ တာဝန်ရှိသူတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အတွက်တော့ ထိခိုက်နိုင်တဲ့ အခြေ အနေပါ။

ဦးဌေးအောင်ရဲ့ ပြောကြားမှုတွေနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်ဆီ ဆက်သွယ်ရာမှာ ဦးဌေးအောင်ကိစ္စအတွက် ဥပဒေနဲ့အညီလုပ်ဆောင်ကြောင်း ဖြေပါတယ်။  အဲဒီအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေ ကော်မရှင်က ပြောရေးဆိုခွင့်အဖွဲ့ ခေါင်းဆောင် ဦးဟန်ညွန့်ထံ ဆက်သွယ်ရာမှာ ဒီကိစ္စက အဂတိလိုက်စားမ ှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်ချုပ် ဦးကျော်စိုး ကိုင်တွယ်သည့် ကိစ္စဖြစ်လို့ ဦးကျော်စိုးကို ဆက်သွယ်ဖို့ ပြောကြားတာကြောင့် ဦးကျော်စိုးထံ ဦးဌေးအောင် တိုင်ကြားထားတဲ့ ဟိုတယ်/ခရီးဝန်ကြီးနဲ့ အမြဲတမ်းအတွင်းဝန်တို့ရဲ့ အဂတိလိုက်စားမှုအပေါ် စုံစမ်းစစ်ဆေးပြီးမှ ဘာ့အတွက်ကြောင့် တုံ့ပြန်မှုမရှိပါသလဲလို့ ဆက်လက်မေးမြန်းရာမှာ ဦးကျော်စိုးက “ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာစကား မရှိပါဘူး ခင်ဗျ” လို့ ဖြေဆိုခဲ့ပါတယ်။  ဒီလိုမျိုး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် တာဝန်ရှိသူတွေက တုံ့ပြန်တာကြောင့် ဦးဌေးအောင် ပြောကြားနေတဲ့ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နဲ့ အမြဲတမ်းအတွင်းဝန်ဦးရည်မွန်တို့ လာဘ်ငွေရယူမှု ရှိ-မရှိ ဆိုတဲ့ အချက်တွေနဲ့ လက်ရှိတရားရင်ဆိုင်နေရတဲ့ အချက်တွေကို မေးမြန်းဖို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးက ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးထံ ဆက်သွယ်မေးမြန်းရာမှာ ဖုန်းကိုင်ဆောင်ဖြေဆိုသူက ဦးလှိုင်ဦး အစည်းအဝေးသွားနေသဖြင့် နောက် ၁၀ မိနစ်နေမှ ဆက်သွယ်ဖို့ ပြောကြားပြီး ၁၀ မိနစ်အကြာ ပြန်လည်ဆက်သွယ်ရာမှာ ဖုန်းကိုင်ဆောင် ဖြေဆိုမှု မရှိတော့ပါဘူး။

တစ်ဖက်မှာလည်း NLD အစိုးရနဲ့ ပတ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်အချို့အပေါ် တိုင်ကြားမှုတွေကို ပွင့်လင်းစွာစစ်ဆေးပြီး အရေးယူပြမှု မရှိသေးတာ၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး မရှင်းလင်းနိုင်တာ၊ ကချင်ပြည်နယ်အစိုးရနဲ့

တနင်္သာရီ အစိုးရဖြစ်စဉ်နှစ်ခုမှာ တနင်္သာရီအစိုးရကိုပဲ အရေးယူခဲ့ပြီး ကချင်ပြည်နယ်အစိုးရကိုတော့ ဥပဒေကြောင့်လို့ ပြောခဲ့တာ၊ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာနဲ့ပတ်သက်ပြီး လတ်တလောမှာ စစ်ဆေးဆောင်ရွက်မှု မပြုနိုင်သေးတဲ့

အခြေအနေတွေအားလုံးကလည်း . . .

( ၄ )

အဂတိလိုက်စားမ ှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ကော်မရှင် အဟောင်းလက်ထက်မှာ တိုင်စာပေါင်း ၄၄၇၁ စောင်ပဲတိုင်ကြားခဲ့ပေမယ့် ကော်မရှင်သစ်လက်ထက်မှာတော့ တိုင်စာပေါင်းဟာ ၁၃၀၀၀ လောက်ဖြစ်လာတာ ကြောင့် ကော်မရှင်အသစ်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ အားကိုးမှု မြင့်တက်လာတာကို တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ပြည်သူလူထုယုံကြည်မှုနဲ့ အားကိုးမှု မြင့်တက်လာရလောက်အောင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဟာ ငါးကြီးကြီးတွေ ဆက်တိုက်ကြော်ပြလာနေတာကို တွေ့ရပါတယ်။ ဒီလို ကြော်ပြနေပေမယ့်လည်း တစ်ဖက်မှာတော့ အာဏာရပါတီ၊ အာဏာရအစိုးရနဲ့ ပတ်သက်တာတွေကိုတော့ မီးစိမ်းပြမှ လုပ်လို့ရတဲ့အခြေအနေမျိုးလို့ ပြည်သူတွေက ရှုမြင်တွေ့ကြုံခံရ နိုင်တာနဲ့ မီးစိမ်းမပြရင် အရေးယူ မရဘူး ဆိုတဲ့ အခြေအနေမျိုး ဖြစ်နေနိုင်တာကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ရော “အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ ဆောင်ရွက်မည်”ဆိုတဲ့ အဂတိလိုက်စားမှုကို ဦးစားပေး တိုက်ဖျက်မည်လို့ ကြွေးကြော်လာ တဲ့ အာဏာရပါတီအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။

နောက်တစ်ချက်က ဥပဒေအထက်မှာ ရောက်နေသလားဆိုတာနဲ့ ဒီလိုမျိုး အဂတိလိုက်စားသူတွေကို တစ်သက်လုံးကာကွယ် နိုင်မလားဆိုတာ ပြန်လည်ချိန်ဆဖို့ လိုပါတယ်။ ရွေးကောက်ခံ အစိုးရ တစ်ရပ်ရဲ့ တာဝန်ယူချိန်သက်တမ်းဟာ ငါးနှစ်ပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၆) မှာလည်း နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက်မပို သော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပုဒ်မရဲ့ ဆိုလိုရင်းဟာ နိုင်ငံရေး ရာထူးယူပြီး အဂတိလိုက်စားသွား သူတွေကို အာဏာမရှိချိန်ကျမှ အစိုးရအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်း မရှိချိန်ကျမှ ထောင်ထဲထည့်နိုင်ဖို့ ရည်ရွယ်ရင်းလို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ အာဏာရှိချိန် လာဘ်စားမှုကို အရေးမယူရင်လည်း အာဏာမရှိချိန်ကျမှ ပြန်ပြီးတော့ အရေးယူ ခံရတာမျိုး ဖြစ်နိုင်တယ်ဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်။

အခုအချိန်မှာ အဖြစ်သင့်ဆုံးက အဂတိနဲ့တိုင်ကြားခံရသူတွေကို ပွင့်လင်းမြင်သာစွာစစ်ဆေးခွင့် ရဖို့  ကော်မရှင်အတွက်လိုအပ်သလို ပြည်သူကြားမှာ သံသယဖြစ်ဖွယ် ရှိနေတဲ့ အဂတိလိုက်စားသူလို့ ရှုမြင်ခံ နေရသူတွေနဲ့ ပတ်သက်ပြီးတော့လည်း ကော်မရှင်ဟာ ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသခွင့် ရှိဖို့ လိုအပ်ပါတယ်။ ကော်မရှင်အနေနဲ့ ပေးထားတဲ့ ဥပဒေဘောင်ကျဉ်းကျဉ်းလေးထဲကနေ ဥပဒေ နဲ့အညီ လုပ်နေပါတယ်ဆိုတာနဲ့ လွှတ်ပေးလိုက်ရတဲ့ ငါးကြီးကြီးတွေဟာ ပြည်သူ့ဘဏ္ဍာကို ဆက်ပြီးတော့ အဝစားနေခွင့် မရထိုက်ပါဘူး။ ဥပမာအားဖြင့် အဂတိလိုက်စားမ ှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က BBC နဲ့ သီးသန့်အင်တာဗျုးမှာ ‘ပြတ်ပြတ်သားသား လုပ်သွားမယ်။ ဒါကို လုံးဝ သံသယ မရှိပါနဲ့။ ဘာကိုမှ ငဲ့စရာ အကြောင်းမရှိပါဘူး’ ။ ‘လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှန်သမျှ ပြတ်ပြတ်သားသား လုပ်သွားမယ်၊ အရေးယူ ဆောင်ရွက်မှုတွေ တိုးလာပြီး အမှုကြီးတွေလည်း ပါဝင်လာမယ်’ လို့ ပြောကြားမှုအပေါ် ဦးဌေးအောင်က ‘အဘ ဦးအောင်ကြည် ဟိုတယ်/ခရီးဝန်ကြီး ဦးအုန်းမောင် ကို အရေးယူပြနိုင်မှ ယုံကြည်ကြပါလိမ့်မည်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ မှတ်ချက်ပြုမျှဝေထားတာ တွေ့ရပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဥပဒေချုပ်၊ ဝန်ကြီးချုပ်နဲ့ လုပ်ငန်းရှင်တွေ အပြင် ဝန်ထမ်းအများအပြားကို စစ်ဆေးအရေးယူထားပေမယ့်လည်း အာဏာရပါတီနဲ့ ပတ်သက်ပြီး စစ်ဆေးအရေးယူမှုတွေက ဝေဖန်စရာအဖြစ် ရှိနေဆဲဖြစ်သလို လက်ရှိအခြေအနေတွေအပေါ် ဦးဌေးအောင်က “ဦးအောင်ကြည် ဆိုတာက ဒေါ်အောင်ဆန်းစုကြည် ခန့်မှ ဖြစ်လာတာပဲ။ သူက NLD ပါတီကလူကို လုပ်ရတော့မယ်ဆို NLD ပါတီ ခေါင်းဆောင်ဆီက လိုတယ်ဆိုတာ မြေကြီးလက်ခတ် မလွဲဘဲ။ ဒါကလည်း မှားတယ်လို့ ပြောမရပါဘူး”လို့ သူ့ရဲ့ ကိုယ်တွေ့ ဖြစ်စဉ်နဲ့ နှိုင်းယှဉ်ပြောပါတယ်။

ရွေးကောက်ပွဲကြေညာစာတမ်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ထိရောက်စွာဆောင်ရွက်မည်လို့ ကြွေးကြော်ခဲ့သလို နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ သူ့ရဲ့ ကတိသစ္စာပြုပွဲအခမ်းအနားမှာ အဂတိလိုက်စားမှုကို ပိုမို တိုက်ဖျက်ရပါလိမ့်မယ်လို့ သစ္စာပြု ပြောခဲ့ပါတယ်။ ဒီလိုမျိုး သစ္စာပြုခဲ့သလို တကယ်လည်း လုပ်နေတာ တွေ့ရပေမယ့် ပြည်သူတွေရဲ့ ရာနှုန်းပြည့်ယုံကြည်မှုရဖို့ဆိုရင် လက် ရှိအချိန်မှာ ပြည်သူတွေအမြင် မရှင်းတဲ့ နိုင်ငံရေးရာထူးရထားသူတွေရဲ့ အဂတိလိုက်စားမှု ရှိနေနိုင်တာတွေကို စနစ်တကျ အရေးယူဖို့ လိုအပ်သလို ပြည်သူတွေ မတိုင်ကြားရင်တောင် ရာထူး နေရာရလာမှ အရင်ထက် ပိုချမ်းသာလာသူတွေကို စစ်ဆေး အရေးယူပေးဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုမျိုး ရာထူးနေရာရလာမှ အဂတိလိုက်စားသူတွေကို ပြည်သူတိုင်မှ အရေးယူတာထက် အစိုးရအဖွဲ့ဆီမှာ ရှိနေပြီးသားဖြစ်တဲ့ နိုင်ငံရေး ရာထူးမရခင် ပိုင်ဆိုင်မှုနဲ့ နိုင်ငံရေး ရာထူးရအပြီး သုံးနှစ်အတွင်း ပိုင်ဆိုင်မှုတွေကို စိစစ်ပြီး အရေးယူပြတာဟာ နောက်တစ်ကြိမ်ရွေး ကောက်ပွဲအနိုင်ရဖို့အတွက်လည်း အထူးအာမခံချက်ဖြစ်လာပါမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

အဂတိတိုက်ဖျက်ရေး ကော်မရှင် ပေါ်လာတော့ အတော်မျှော်လင့်ခဲ့ကြတာ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ လူထုမျှော်လင့်သလောက် လုပ်မပြနိုင်တော့ လူထုယုံကြည်မှုက အရင်လောက်မရှိတော့တာ တွေ့ရတယ်။ ဒီလောက် လူထုကြားမှာ ဟော့ဖြစ်နေတဲ့ အကြောင်းအရာတွေမှာ ကော်မရှင်က ဝင်ရောက် ကိုင်တွယ်မှုတွေ သိပ်မတွေ့ရဘူး။ အဲဒီတော့ ကော်မရှင်က သူ့လူ ငါ့လူကြည့်နေရသေး လား။ အထက်က ခွင့်ပြုမှ လုပ်ရတဲ့ အခြေအနေတွေများ ရှိနေသလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေ ပါတယ်။

ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်က ဟိုတယ်ခရီးဝန်ကြီးနဲ့ အတွင်းဝန် အဂတိလိုက်စားမှုနဲ့တိုင်ကြားတာမှာလည်း အဂတိလိုက်စားကြောင်း ပေါ်ပေါက်ခဲ့ပေမယ့် NLD က လူကြီးမို့လို့ အရေးယူ မရဘူးလို့ ကော်မရှင်ကပြန်ပြောတယ် လို့ ဦးဌေးအောင်က ပြောထားတာ တွေ့ရတယ်။ သူပြောတာ မှန်တယ်ဆိုရင် အစိုးရနဲ့ အဂတိလိုက်စားမ ှုတိုက်ဖျက်ရေးကော်မရှှင် ဂုဏ်သိက္ခာ အတော်ကျစရာ ဖြစ်နေတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လုပ်နေတဲ့ အဂတိကင်းစင်တဲ့ အစိုးရဖြစ်ရေးဆိုတဲ့ အပေါ် မှာလည်း လူထုယုံကြည်မှု ကျဆင်းသွားမှာ စိုးမိတယ်။ အဲဒီတော့ အဂတိကင်းစင်တဲ့ အစိုးရအဖွဲ့ အစည်း တကယ်ဖြစ်ချင်ရင် သူ့လူငါ့လူ မခွဲခြား တန်းတူညီမျှ အရေးယူပြမှ အောင်မြင်မယ်လို့ ပြောချင်တယ်” လို့ ဆောင်းပါးရှင် ကျော်ကြီး (MDY) က ပြောပါတယ်။

 

Most Read

Most Recent