နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံသူ နိုင်ငံသားအားလုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ပြီး ခွဲခြားဆက်ဆံမှု ကင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် ဦးတည်ကြိုးပမ်းနေကြောင်း ဒုတိယဝန်ကြီး ပြောကြား

နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံသူ နိုင်ငံသားအားလုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ပြီး ခွဲခြားဆက်ဆံမှု ကင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် ဦးတည်ကြိုးပမ်းနေကြောင်း ဒုတိယဝန်ကြီး ပြောကြား
နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ဧပြီ ၂ ရက်က ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို တွေ့ရစဉ်
နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ဧပြီ ၂ ရက်က ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို တွေ့ရစဉ်
Published 2 April 2019
နေရိုင်း

နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံသူနိုင်ငံသားအားလုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ပြီး ခွဲခြားဆက်ဆံမှုကင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် ဦးတည်ကြိုးပမ်း ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။

နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ဧပြီ ၂ ရက်က ပြုလုပ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ပေါင်းစပ်ထည့်သွင်း ဆောင်ရွက်မည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲချမှတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံသူ နိုင်ငံသားအားလုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်သော၊ ခွဲခြားဆက်ဆံမှုကင်းသော၊ အားလုံးပေါင်းစည်းနိုင်သော၊ သာယာကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေးကို မျှော်မှန်းချက် တစ်ရပ်အဖြစ် ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ယင်းမျှော်မှန်းချက် ပြည့်မီစေရန်အတွက် ကလေးနှင့်လူငယ်များ၊ အမျိုးသမီးငယ်များ၊ အမျိုးသမီးများ၊ ဘိုးဘွားများ၊ ရွှေ့ပြောင်းသွားလာ နေထိုင်သူများ၊ မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ် အခြေအနေတွင် ရှိသူများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ၊ လူကုန်ကူးခံရသူများ၏ ဘဝလုံခြုံရေး၊ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ ပေါင်းစည်းနေထိုင်ရေးများသည် အရေးပါသည့် ကဏ္ဍတွင် ပါဝင်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် အထက်ပါကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေး ဦးစီးဌာနကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ စတင်၍ ဦးစီးဌာနအသစ်တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ပြီး လုပ်ငန်းတာဝန် ၁၀ ရပ်ဖြင့် ချမှတ် ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက “အဲဒီလုပ်ငန်းတာဝန် ၁၀ ရပ်အနက် မသန်စွမ်းသူများအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် မသန်စွမ်းသူများ အနေဖြင့် လူသားတိုင်း ခံစားခွင့်ရှိတဲ့ အခြေခံ လူ့အခွင့်အရေးတို့ကို မသန်စွမ်းမှုအပေါ် အကြောင်းပြုပြီး ခွဲခြားဆက်ဆံခံရခြင်း မရှိဘဲ တန်းတူညီမျှ အပြည့်အဝ ရရှိခံစားနိုင်ရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ မသန်စွမ်းသူများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်စေရေးတို့ကို အလေးထားပြီး မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု ပြောကြားသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ (၂၀၁၅)၊ မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများ (၂၀၁၇) ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဥပဒေနှင့်အညီ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော် ကောင်စီအဆင့် ကော်မတီ၊ ဆပ်ကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ အမျိုးသားကော်မတီက ဦးဆောင်ပြီး မသန်စွမ်းသူတွေ အကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ နိုင်ငံတကာမှ အသိအမှတ်ပြုထားရှိတဲ့ ကွန်ဗင်းရှင်း၊ အာရှနှင့် ပစိဖိတ်ဒေသတွင်း သဘောတူညီချက်များအပြင် အာဆီယံဒေသဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် မူတည်ပြီး ဆောင်ရွက်တာတွေ ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။