တပ်မတော်က AA အဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

တပ်မတော်က AA အဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး (လယ်) အား သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး (လယ်) အား သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
Published 25 March 2019
စိုးမင်းထိုက်၊ အောင်မင်းသိန်း

တပ်မတော်က AA အဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

မတ် ၂၅ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ပြုလုပ်သည့် အပစ်အခတ်ရပ်စဲထားသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အခြေအနေများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက AA အဖွဲ့အနေဖြင့် အစိုးရနှင့် တပ်မတော်ဘက်က ရေးထိုးစေချင်သည့် Deep of Commitment ကိုလက်မခံဘဲ Bilateral ရေးထိုးလိုပြီး ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်၏ သဘောထား မည်သို့ရှိကြောင်း မေးမြန်းမှုကို တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အတိုဆုံး တစ်လုံးတည်းပြောရမယ်ဆိုရင် တပ်မတော်က AA ကို အကြမ်းဖက်သောင်းကျန်းသူလို့ သတ်မှတ်ထားပါတယ်” ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်သောင်းကျန်းသူဟု သုံးနှုန်းသတ်မှတ်ရခြင်းမှာ တရားဥပဒေစိုးမိုး ရေးဆောင်ရွက်နေသည့် ရဲစခန်းများ၊ အုပ် ချုပ်ရေးယန္တရားအဆင့်ဆင့်တွင် ပါဝင်သူများ ကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် လုပ်ရပ်များကြောင့်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

“ခုနကပြောတဲ့ အကြမ်းဖက်သောင်း ကျန်းသူလို့ ကျွန်တော်တို့က သုံးနှုန်းတယ်။ အကြမ်းဖက်သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းကလည်း ရှင်းရှင်းလေးပဲ။ ခုနကပြောတဲ့ ရဲစခန်းတစ်ခုကို ဟုတ်လား၊ ရဲစခန်းဆိုတာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ကြတာ။ ပြည်သူလူထုအတွက်ကို အကူအညီပေးတဲ့ ရဲတပ်ဖွဲ့၊ ပြီးရင် အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားအဆင့်ဆင့် ခုနကပြောတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တွေကစပြီးတော့မှ ခုနက ဒီအုပ်ချုပ်မှုယန္တရားအဆင့်ဆင့်မှာ ပါဝင်ကြတဲ့လူတွေကို ဥပဒေမဲ့လုပ်ရပ်တွေနဲ့ သတ်တာဖြတ်တာ၊ ခြိမ်းခြောက်တာ၊ အနိုင်ကျင့်တာ၊ ဆက်ကြေးတွေတောင်းတာ၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာ စတဲ့လုပ်ရပ်တွေ၊ ပြီးရင်ဖျက်ဆီးတယ်။ မီးရှို့တယ်။ ဒီလုပ်ရပ်တွေက အကြမ်းဖက်လုပ်ရပ်မဟုတ်လို့ ကျွန်တော်တို့က ဘာလုပ်ရပ်လို့ ပြောရမှာလဲ။ အဲတော့ အကြမ်းဖက်သောင်းကျန်းသူလို့ သတ်မှတ်တာ ရိုးရိုးလေးပဲ ရှင်းရှင်းလေးပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ခွဲခြားပြီးမြင်ဖို့တော့ လိုတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စု၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး ညီညီညွတ်ညွတ်ရှိနေကြရန်လိုအပ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားကြောင်း ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “လက်ရှိ ရှိနေတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းမှာရှိနေသူအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိနေကြဖို့ လိုအပ်တာဖြစ်ပါတယ်။ အဲဒီလို စည်းစည်းလုံးလုံး နေကြဖို့လိုအပ်တဲ့ အချိန်မှာ ကျွန်တော်တို့မှာ ခုနကပြောတဲ့ အန္တရာယ်မျိုးစုံရှိတာပေါ့။ အဲ့ဒီအန္တရာယ် မျိုးစုံတွေအတွက် ကျွန်တော်တို့က စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်မနေကြဘဲ တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားပွားနေရင်တော့ ကျွန်တော်တို့ တိုင်းပြည်ကို သူများရန်ရှာခံရမှာပဲ ဖြစ်ပါတယ်။ ဒါက ဘယ်လို လွယ်လွယ်လေးပါပဲ။ ဘယ်လိုပဲတွေးတွေး ကျွန်တော်တို့ အခုဒီမှာလည်း အားလုံးအများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ကြတာပေါ့။ ကျွန်တော်တို့လည်း နိုင်ငံသားပါပဲ။ တပ်မတော်သားတွေလည်း နိုင်ငံသားတွေပဲ တိုင်းရင်းသားပြည်သူလူထုတွေအားလုံးလည်း နိုင်ငံသားတွေပဲ။ ဒီနိုင်ငံသားတွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အမုန်းမပွားဘဲ ခုနကပြောတဲ့ EAO တွေဆိုတာလည်း ကျွန်တော်တို့ သူတို့အယူအဆနဲ့သူတို့ ဒီဆောင်ရွက်နေကြတဲ့ အချိန်မှာ ကျွန်တော်တို့ ဒီလိုမျိုး စည်းစည်းလုံးလုံးဖြစ်စေချင်လို့ ငြိမ်းချမ်းရေးလမ်းဖွင့် ပေးထားတဲ့ အဲ့ဒီငြိမ်းချမ်းရေးလမ်း ဖွင့်ပေးထားတဲ့အပေါ်မှာ အကြောင်းအမျိုးမျိုးတွေ ဖြစ်အောင်လို့ ခုနကပြောတဲ့ သတင်းအမျိုးမျိုးတွေ ထုတ်လွှင့်နေတာရှိတာပေါ့။ ဒါကြောင့် မလို့ကျွန်တော်တို့က ရပ်တည်ချက်ပြောင်းလည်း မပြောင်းဘူး။ ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်လည်း မဖြစ်ဘူး” ဟု ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ နိုင်ငံအတွင်းစည်းလုံးရေး၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ လူမှုရေးအခြေအနေနှင့် နိုင်ငံရေး အခြေအနေများသည် တည်ငြိမ်အေးချမ်းမှု မရှိပါက မည်သို့မျှ လုပ်ဆောင်၍ရမည် မဟုတ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

“ကျွန်တော်တို့ နိုင်ငံရေးစနစ်တွေ အဆင့်ဆင့်ပြောင်းခဲ့တယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ နိုင်ငံရေးစနစ် ပြောင်းလဲမှု မရှိသလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ လွတ်လပ်ရေးရကတည်းက စလိုက်တဲ့ နိုင်ငံရေးစနစ်က အခုချိန်အထိ အပြောင်းအလဲတွေ၊ ခုနကပြောတဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကစပြီးတော့မှ ခုနကပြောတဲ့ ဒီကြားထဲမှာ အိမ်စောင့်အစိုးရ၊ တော်လှန်ရေး ကောင်စီ၊ ပြီးရင် ခုနက ဆိုရှယ်လစ်၊ ဆိုရှယ်လစ်တစ်ပါတီခေတ်၊ ဒီကနေပြီးကျတော့မှ တပ်မတော်အစိုးရ၊ ပြီးရင်ကျွန်တော်တို့ ပါတီစုံ၊ အခု ကျွန်တော်တို့အားလုံး သွားချင်နေတယ်ဆိုတဲ့ ဒီမိုကရေစီ၊ အားလုံး ပြည်သူလူထုက သွားချင်နေတယ်။၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကလည်း သွားချင်တယ်။ အားလုံးသွားချင်ကြတာပဲ။ သွားချင်ကြတဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက်ကို ကျွန်တော်တို့ တည်ထားပေးတယ်။ တည်ထားပေးထားတယ်။ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လို့။ ခုနက Transition ကာလကို ကမ္ဘာပေါ်မှာ မြန်မာ Model လို့တောင် ပြောရလောက်အောင် ဟုတ်လား၊ ကျွန်တော်တို့ ခုနကပြောတဲ့ ဒီတပ်မတော်အစိုးရကနေပြီးတော့ အရပ်သားအစိုးရကို ငြင်ငြင်သာသာနဲ့ သွေးထွက်သံယိုမရှိဘဲနဲ့ လွှဲပေးလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးတော့ ဆောင်ရွက်တာဟာ အင်မတန်မှ ရှင်းပါတယ်” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိပါက တရားဥပဒေစိုးမိုးမှုရှိမည်မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှုမရှိပါက စီးပွားရေးလည်း အဆင်ပြေမည်မဟုတ်ကြောင်း၊ ပြည်သူများလိုလားသည့် အေးအေးချမ်းချမ်းနှင့် စားဝတ်နေရေး မဆင်ပြေစေရန်အတွက် တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက “အခု တည်ငြိမ်အေးချမ်းနေတဲ့ ကျွန်တော်တို့ ဒီနေရာတွေနဲ့ တည်ငြိမ်အေးချမ်းမှု မရှိတဲ့နေရာ၊ ဒုက္ခရောက်နေတဲ့ လူတွေပြည်သူလူထုပဲ။ ကျွန်တော်တို့ ဒီမှာ အေးအေးချမ်းချမ်းနေရတဲ့သူ ပြည်သူလူထုပဲ။ နေရာဒေသနဲ့ ခုနကပြောတဲ့ တည်ငြိမ်အေးချမ်းမှုရှိတာနဲ့ မရှိတာနဲ့ ကွာခြားချက်ကို ကျွန်တော်တို့က သိကြပြီးသားပဲ။ ဒါကြောင့်မလို့ ကျွန်တော်တို့က တပ်မတော်ကိုယ်၌ကိုယ်က လိုလိုလားလားနဲ့ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ပြီးတော့မှ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေး လမ်းကြောင်းကိုလည်း ကျွန်တော်တို့ ဖွင့်ထားပြီ။ ၂၀၂၀ မှာလည်း ဒီငြိမ်းချမ်းရေးကို မြန်မြန်ဖြစ်မြောက်အောင် သန္နိဋ္ဌာန်ချထားတာ။ ဒီမှာ ကျွန်တော်တို့ အားလုံးကို ဖိတ်ခေါ်ထားတာ။ မလာနဲ့လို့ တစ်ယောက်မှ မပြောဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဖိတ်ခေါ်ထားတာကို အကြောင်းအမျိုးမျိုးပြပြီးတော့လာတယ်၊ မလာဘူး။ ဆွေးနွေးတယ်၊ မဆွေးနွေးဘူး။ ခုနကပြောတဲ့ ကျွန်တော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက်တော့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ ဘုံရည်မှန်းချက်နဲ့ ကျွန်တော်တို့ ဒီလိုပဲ သွားရမှာပေါ့။ တပ်မတော်က တစ်မျိုးဖြစ်လို့ မရဘူး။ အစိုးရကလည်း တစ်မျိုးဖြစ်လို့ မရဘူး။ ပြည်သူလူထုလည်း တစ်မျိုးဖြစ်လို့ မရဘူး။အားလုံးက ဒီနိုင်ငံထဲမှာ ရှိနေကြတဲ့ ဒီနိုင်ငံသူ နိုင်ငံသားအားလုံး ဘုံအကျိုးစီးပွားအတွက်ကို အမျိုးသားအကျိုးစီးပွားအတွက်ကို ကျွန်တော်တို့ အတူတူသွားကြဖို့၊ ညီညီညွတ်ညွတ်ရှိဖို့၊ တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေမပွားဖို့ ဒါရှင်းရှင်းလေးပါ။ ခုနကပြောတဲ့ ဒီအပေါ်မှာ စကားလုံးတွေ အကျအနလိုက်ကောက်ပြီးတော့မှ ပြောနေမယ်ဆိုလို့ရှိရင်တော့ တစ်သက်လုံးတစ်ယောက်နဲ့တစ်ယောက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကိုတော့ ကျွန်တော်တို့ အထူးမေတ္တာရပ်ခံလိုပါတယ်” ဟု ပြောကြားသည်။

 

Most Read

Most Recent