ကယားပြည်နယ်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်မှု အောင်မြင်သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် ဆက်လက်ဆောင်ရွက်မည်

ကယားပြည်နယ်တွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်မှု အောင်မြင်သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် ဆက်လက်ဆောင်ရွက်မည်
အာဆီယံအမွေအနှစ် ခေါနူးစုမ်အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
အာဆီယံအမွေအနှစ် ခေါနူးစုမ်အမျိုးသားဥယျာဉ်သို့ လာရောက်လည်ပတ်သည့် ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း)
Published 12 March 2019
နီလာ

အမျိုးသားပို့ကုန်မဟာဗျူဟာအရ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ကယားပြည်နယ်တွင် အကောင်အထည်ဖော်မှု အောင်မြင်သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တွင် ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“အခု ခရီးသွားလုပ်ငန်းက ကယားပြည်နယ်မှာ အောင်မြင်တဲ့အတွက် တနင်္သာရီနဲ့ ချင်းတောင်မှာ ဆက်လက်အကောင်အထည်ဖော်မယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပို့ကုန်တိုးတက်ရေးအကောင်အထည်ဖော်နေသည့် အမျိုးသားပို့  ကုန်မဟာဗျူဟာစီမံကိန်းအရ ဦးစားပေး ကဏ္ဍကြီး ၁၁ ရပ်ပါဝင်ပြီး ပို့ကုန်မြှင့်တင်မည့် ကုန်စည်ကဏ္ဍ ငါးရပ်ပါဝင်ပြီး ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်နှင့် သစ်တောထွက်ကုန်၊ အထည်ချုပ်လုပ်ငန်းနှင့် ရော်ဘာတို့ဖြစ်သည်။ ဦးစားပေးဆောင်ရွက်မည့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ခရီးသွားလုပ်ငန်း ကို ရွေးချယ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးစားပေးကဏ္ဍများအနက် ကယားပြည်နယ်တွင် ဗဟိုခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းမှာလည်း ထိရောက်မှုရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ကယားပြည်နယ်အခြေပြုခရီးသွား လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့အတွက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ ဆက်လက်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်မြှင့်တင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ လုပ်ငန်းရှင်များ၏ တောင်းဆိုမှုအရ ပို့ကုန်မြှင့်တင်ရန်အတွက် အဆိုပါအမျိုးသား ပို့ကုန်မဟာဗျူဟာတွင် အလားအလာကောင်းသည့် သစ်သီးဝလံ၊ ကျောက်မျက်အချောထည်နှင့်  ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ စသည့်ကဏ္ဍအသစ် ငါးရပ်ကို ထပ်မံထည့်သွင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

“ပို့ကုန်ကို အထောက်အကူပြုမယ့် ဝန်ဆောင်မှုလုပ်ငန်းများလည်း လိုအပ်တဲ့အတွက် ဒါကိုဦးစားပေးရွေးချယ်ပြီး အဓိကလို အပ်တဲ့ကဏ္ဍလေးရပ်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲဒါတွေကတော့ သတင်းအချက်အလက်ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၊ ငွေကြေးအရင်းအနှီးရရှိရေးကဏ္ဍ၊ အရည်အသွေးမြှင့်တင်ရေးကဏ္ဍတို့ ပါဝင်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်ဦးအောင်စိုးက ပြောကြားသည်။

“ဒါ့အပြင် လုပ်ငန်းရှင်များရဲ့ တောင်း ဆိုချက်အရ ပို့ကုန်မြှင့်တင်ဖို့ အလားအလာကောင်းတဲ့ ကဏ္ဍအသစ်ငါးရပ်ကိုလည်း ထပ်မံထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေကတော့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်ကဏ္ဍ၊ ကျောက်မျက်အချောထည်ကဏ္ဍ၊ လက်မှုအနုပညာပစ္စည်း ကဏ္ဍ၊ လယ်ယာထွက်စားသောက်ကုန်ချော ထုတ်လုပ်ရေးကဏ္ဍနဲ့ ဒီဂျစ်တယ်စီးပွားရေး ကဏ္ဍတို့ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လကပြောကြားသည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် သယံဇာတနှင့် အခွင့်အလမ်းများစွာရှိသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ များစွာနိမ့်ကျနေသဖြင့် မဟာဗျူဟာစီမံချက်များ ချမှတ်ဆောင်ရွက်ရန် အထူးလိုအပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ချုပ်ဦးအောင်စိုးကဆိုသည်။

အမျိုးသားအဆင့်ပို့ကုန်မဟာဗျူဟာ (Nation Export Strategy –NES) ကို ITC ၏ နည်းပညာအကူအညီရယူပြီး ၂၀၁၃ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ကာ စီမံကိန်းကာလမှာ ၂၀၁၉ ခုနှစ်အထိ ငါးနှစ်ဖြစ်သည်။                    

Most Read

Most Recent