ကစားသမား ၁၀ ဦးအထိ လွဲချော်ဖွယ်ရှိသော်လည်း PSG နှင့်ပွဲအတွက် ယုံကြည်မှုရှိဟု ဆိုးလ်ရှား ပြောကြား

ကစားသမား ၁၀ ဦးအထိ လွဲချော်ဖွယ်ရှိသော်လည်း PSG နှင့်ပွဲအတွက် ယုံကြည်မှုရှိဟု ဆိုးလ်ရှား ပြောကြား
Photos : AFP
Photos : AFP
Published 5 March 2019

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက PSGအသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲအား ကစားသမား ၁၀ ဦးအထိ လွဲချော်ဖွယ်ရှိနေသော်လည်း ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားသည်။

မန်ယူအသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အိမ်ကွင်းပွဲ၌ PSG အသင်းအား နှစ်ဂိုးပြတ်ရှုံးနိမ့်ထားပြီး ဒုတိယအကျော့ပွဲကို မတ် ၆ ရက်တွင် ပါရီမြို့၌ သွားရောက် ကစားရမည်ဖြစ်သည်။

ပထမအကျော့တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည့် ကွင်းလယ်လူ ပေါ့ဘာသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒုတိယအကျော့ပွဲကို လွဲချော်မည်ဖြစ်ပြီး ဆန်းချက်ဇ်၊ ဟာရဲရား၊ လင်ဂတ်၊ မာတာ၊ မာစီယဲလ်၊ မာတစ်၊ ဖီးလ်ဂျုံးစ်၊ ဒါမီယန်၊ ဗလင်စီယာ စသည့် စီနီယာကစားသမားကိုးဦးမှာလည်း ဒဏ်ရာပြဿနာများကြောင့် လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

သို့သော် ဆိုးလ်ရှားက ''ပထမအကျော့မှာ (၂-၀) ဂိုးနဲ့ရှုံးထားတဲ့ရလဒ်ကို ပြောင်းပြန်လှန်နိုင်မယ်လို့ ကစား သမားတွေက ယုံကြည်နေကြတယ်။ အဲဒီပွဲက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ အရမ်းကောင်းတဲ့အသင်းကို သူတို့ကွင်းမှာ သွားကစားရမယ်။ ကျွန်တော်တို့ဆီမှာလည်း ဒဏ်ရာပြဿနာတွေ တော်တော်လေးများနေတယ်။ ကစားသမားနည်းနည်းပဲရှိတော့ပေမဲ့ သူတို့ကလည်း ဒီပွဲမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခွင့်ရချင်နေကြတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီတောင်ကိုကျော်ဖြတ်ရမှာပါ။ အသင်းမှာ အရည်အချင်းပြည့်ဝတဲ့ ကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ ကြည့်ကြရအောင်''ဟု ပြောကြားသည်။

ယင်းပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာနိုင်သည့် ကစားသမားရှိမရှိ မေးမြန်းမှုကို ဆိုးလ်ရှားက ငြင်းဆန်ပယ်ချပြီး မာစီယဲလ်မှာ ဒဏ်ရာသက်သာလာပြီဖြစ်သော်လည်း စွန့်စား၍ အသုံးပြုမည်မဟုတ်ကြောင်း ဆက်လက်ပြောကြားသည်။

''ကြံ့ခိုင်မှုပြည့်ဝလာနိုင်တဲ့ ကစားသမားမရှိလောက်ပါဘူး။ သူ့ (မာစီယဲလ်) ကိုလည်း အရဲစွန့်ပြီး အသုံးပြုဖြစ်မယ်လို့ မထင်ပါဘူး။ သူက လေ့ကျင့်ခန်းတောင် မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ဒီပွဲမှာ သူကစားနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး''ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဆိုးလ်ရှားက သမိုင်းဝင်ဖလားသုံးလုံးအောင်မြင်မှုရခဲ့သည့် ၁၉၉၈-၁၉၉၉ ရာသီ ဆီမီးဖိုင်နယ်တွင် ဂျူဗင်တပ်စ်အသင်းနှင့် အိမ်ကွင်း၌ တစ်ဂိုးစီသရေကျပြီး အဝေးကွင်းတွင် (၂-၀) ဂိုးဖြင့် ထပ်မံရှုံးနိမ့်နေရာမှ သုံးဂိုးပြန်လည်သွင်းယူ၍ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့်အခြေအနေကို ဥပမာယူရန်လည်း တိုက်တွန်းပြောကြားသည်။

မန်ယူအသင်း၏ ဒဏ်ရာရကစားသမားစာရင်း

အမည်    ဒဏ်ရာ    ကစားနိုင်မည့်ရက်

ဆန်းချက်ဇ်    ဒူး    မသိရသေး

ဟာရဲရား    တံကောက်ကြော    မသိရသေး

လင်ဂတ်    တံကောက်ကြော    မသိရသေး

မာတာ    တံကောက်ကြော    မသိရသေး

မာတစ်    ကြွက်သား     ၁၀-၃-၁၉

ဖီးလ်ဂျုံးစ်    ဖျားနာ    ၆-၃-၁၉

မာစီယဲလ်    ပေါင်ခြံ    ၆-၃-၁၉

ဒါမီယန်    ခြေထောက်    ၁၀-၃-၁၉

ဗလင်စီယာ    ခြေသလုံး    ၁၆-၃-၁၉

Most Read

Most Recent