အငှားယာဉ်၊ ကျောင်းကားနှင့် နှစ်တန်အထက်အငှားယာဉ်များ လိုင်စင်သက်တမ်းတိုးရာတွင် ယာဉ်စစ်ခံယူရမည်

အငှားယာဉ်၊ ကျောင်းကားနှင့် နှစ်တန်အထက်အငှားယာဉ်များ လိုင်စင်သက်တမ်းတိုးရာတွင် ယာဉ်စစ်ခံယူရမည်
Published 18 July 2024

အငှားယာဉ်၊ ကျောင်းကားနှင့် နှစ်တန်အထက်အငှားယာဉ်များ ယာဉ်လိုင်စင်သက်တမ်းတိုးရာတွင် ယာဉ်စစ်ခံယူရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၂၂ ရက်မှစတင်ကာ အငှားယာဉ်၊ ကျောင်းကား၊ နှစ်တန်အထက်အငှားယာဉ်များကို ယာဉ်သက်တမ်းတိုးမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာဉ်စစ်ဆေးခြင်းကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကညနက ထုတ်ပြန်သည်။

ထို့ပြင် သက်တမ်းတိုးခြင်းအတွက် ခရီးလွန်ယာဉ်စစ်ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ရုံးများမှအပ ကျန်ရုံးများအားလုံးတွင် ပြန်လည်စစ်ဆေးရမည့်ယာဉ်များအနက် သက်တမ်းတိုးဆောင်ရွက်ရမည့်ယာဉ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လွိုင်ကော်၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်နှင့် ကော့ကရိတ်ရုံးများတွင် အခြားရုံးများမှ ယာဉ်များအား ခရီးလွန်ယာဉ်စစ်ဆေးခြင်းနှင့် ၎င်းရုံးများ၏ မှတ်ပုံတင်မော်တော်ယာဉ်များအား အခြားရုံးများ၌ ခရီးလွန်ယာဉ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့်မပြုကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ကိုယ်ပိုင်လူစီးမော်တော်ယာဉ်များ၊ နှစ်တန်အောက်လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များနှင့် ထော်လာဂျီများအားလုံးကို သြဂုတ် ၃၀ ရက်အထိ ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ယာဉ်စစ်ဆေးခြင်းကင်းလွတ်ခွင့်ဖြင့် ဆက်လက်သက်တမ်းတိုး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များနှင့် ထော်လာဂျီများကို နယ်ဝင်နယ်ထွက် မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်းများကို ယာဉ်စစ်ဆေးခြင်း ကင်းလွတ်ခွင့်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

လက်ရှိတွင် ယာဉ်လိုင်စင်သက်တမ်းတိုးရာ၌ ယာဉ်စစ်ခံယူနေရသည့် မော်တော်ယာဉ်များမှာ လုပ်ငန်းသုံး အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များဖြစ်ပြီး ယာဉ်မှန်မမှန် စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက်လည်း ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းနှင့် အကျုံးဝင်သည့် ယာဉ်များကိုလည်း စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိသည်။

Most Read

Most Recent