ရခိုင်ပြည်နယ်သည် ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် အလုပ်လုပ်ကိုင်သူဦးရေ အနိမ့်ဆုံးနှင့် အလုပ်လက်မဲ့နှုန်းအမြင့်ဆုံးဖြစ်ကြောင်း စစ်တမ်းတွင်ဖော်ပြ

ရခိုင်ပြည်နယ်သည် ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် အလုပ်လုပ်ကိုင်သူဦးရေ အနိမ့်ဆုံးနှင့် အလုပ်လက်မဲ့နှုန်းအမြင့်ဆုံးဖြစ်ကြောင်း စစ်တမ်းတွင်ဖော်ပြ
Published 28 February 2019
ဇေယျာငြိမ်း

ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များစွာ ရှိသော်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် အလုပ်လုပ်ကိုင်သူဦးရေ အနိမ့်ဆုံးနှင့် အလုပ်လက်မဲ့နှုန်း အမြင့်မားဆုံးဖြစ်ကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ထောင်စုအဆင့်တွင် အလုပ်လုပ်ကိုင်သူဦးရေ ၆၇ ရာခိုင်နှုန်းရှိပြီး အလုပ်လက်မဲ့နှုန်းမှာ ၃ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိသည်။

သို့သော်လည်း ရခိုင်ပြည်နယ်တွင်မူ အလုပ်လုပ်ကိုင်သူဦးရေ ၅၂ ဒသမ ၆ ရာခိုင်နှုန်းသာရှိပြီး အလုပ်လက်မဲ့နှုန်းမှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းအထိရှိပြီး တခြားပြည်နယ်နှင့် တိုင်းများနှင့် နှိုင်းယှဉ်ပါက အလုပ်လုပ်ကိုင်သူဦးရေ အနိမ့်ဆုံးနှင့် အလုပ်လက်မဲ့နှုန်းအမြင့်မားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးအနက် အလုပ်လုပ်ကိုင်သူဦးရေအမြင့်ဆုံးနှင့် အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံးမှာ ရှမ်းပြည်နယ်ဖြစ်ပြီး အလုပ်လုပ်ကိုင်သူဦးရေ ၇၅ ဒသမ ၉ ရာခိုင်နှုန်းကျော်နှင့် အလုပ်လက်မဲ့နှုန်း နှစ်ရာခိုင်နှုန်းကျော်သာ ရှိသည်။

ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတများ ပြည့်စုံပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များ၊ ပင်လယ်သယံဇာတများအပြင် ရေနက်ဆိပ်ကမ်းများရှိသည့် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အလားအလာကောင်းများ ရှိနေသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ ဒသမ၂၂ သန်းခန့်နေထိုင်လျက်ရှိရာ စုစုပေါင်းလူဦးရေ ၏ ၈၄ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ၁၆ ရာခိုင်နှုန်းသာ မြို့ပေါ်တွင်နေထိုင်ကြသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ဖွ့ံ ဖြိုးမှုအနောက်ကျဆုံး ပြည်နယ်ဒေသတစ်ခုသည်။ လူဦးရေ၏ ရာခိုင်နှုန်း ၇၀ သည် လယ်ယာကဏ္ဍနှင့်ဆက်စပ်သည့် လုပ်ငန်းများဖြင့် အသက်မွေးကြပြီး ငါးဖမ်းလုပ်ငန်းသည် ဒုတိယအကြီးဆုံးစီးပွားရေးကဏ္ဍ ဖြစ်သည်။

ရှည်လျားသော ကမ်းရိုးတန်းရှိသည့် ရခိုင်ပြည်နယ်တွင် ငါးအမျိုးအစားများစွာရှိပြီး ကမ်းရိုးတန်းတစ်လျှောက် ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများ ထူထောင်ရန် အခွင့်အလမ်းများစွာရှိသည့်အပြင် မွေးမြူသည့် နည်းလမ်းအပေါ်မူတည်၍ ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပပို့ရန်အတွက် ပြည့်မီနိုင်စွမ်းရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ဒေသခံများမှာ ငါးဖမ်းခြင်း မွေးမြူခြင်းများကို သမာရိုုးကျနည်းလမ်းများကိုသာ အသုံးပြုနေဆဲဖြစ်သဖြင့် ရခိုင်ပြည်နယ်နည်းတူ ကမ်းရိုးတန်းရှိသည့် ဧရာဝတီ နှင့် တနင်္သာရီတိုင်းဒေသကြီးများနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှုတွင်ရာခိုင်နှုန်း ၈၀ ကျော်အထိ လျော့ကျနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်၏ ရေမြေသဘာဝအခြေခံအခွင့်အလမ်းများကို ထိထိရောက်ရောက် အသုံးမချနိုင်သည့်အတွက် ဖွံ့ဖြိုးမှုရှိ သင့်သလောက်မရှိကြောင်း၊ ယင်းကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်ပြည်နယ် အစိုးရတစ်ခုတည်းဖြင့် မဆောင်ရွက်နိုင်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောကြားသည်။ 

 

Most Read

Most Recent