လူငယ်ကစားသမားများကို တရားမဝင်ခေါ်ယူမှုဖြင့် ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံရ

လူငယ်ကစားသမားများကို တရားမဝင်ခေါ်ယူမှုဖြင့် ချယ်လ်ဆီးအသင်း အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံရ
Photo: PA
Photo: PA
Published 22 February 2019

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ချယ်လ်ဆီးအသင်းအား အသက် (၁၈)နှစ်အောက် လူငယ်ကစားသမားများကို တရားမဝင်ခေါ်ယူမှုဖြင့် အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကစားသမားခေါ်ယူခွင့်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ၂၀၁၄ ခုနှစ်တွင် ဘာထရန်ထရာအိုရေးကို ခေါ်ယူမှကြောင့် စစ်ဆေးခံခဲ့ရပြီးနောက် ၂၀၁၅ ခုနှစ်မှစတင်ကာ (၃)နှစ်အတွင်း လူငယ်ကစားသမားများကို ခေါ်ယူရာတွင် FIFA ၏ စည်းမျဉ်းများကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုပြစ်ဒဏ်ကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့နှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလအပြောင်းအရွှေ့များတွင် ကစားသမားခေါ်ယူခွင့်ရရှိမည်မဟုတ်ပေ။ 

ချယ်လ်ဆီးအသင်း ချမှတ်ခံခဲ့ရသည့်ပြစ်ဒဏ်မှာ ကစားသမားခေါ်ယူခွင့်ရှိသော်လည်း မှတ်ပုံတင်ခွင့်မရှိကြောင်း သိရသည်။ ယင်းပြစ်ဒဏ်မျိုးကို အက်သလက်တီကိုအသင်း ကြုံတွေ့ခဲ့ရသည်။ အက်သလက်တီကိုအသင်းသည် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရသည့်ကာလအတွင်း ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာကို ခေါ်ယူခဲ့ပြီး ပြစ်ဒဏ်စေ့မှသာ မှတ်ပုံတင်ကာ အသုံးပြုခဲ့သည်။ 

FIFA ၏ ထုတ်ပြန်ချက်တွင် "ချယ်လ်ဆီးအသင်းနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) တို့ကို အသက် (၁၈) နှစ်အောက် ကစားသမားတွေကို ခေါ်ယူရာမှာ စည်းကမ်းချိုးဖောက်မှုနဲ့ FIFA စည်းကမ်းထိန်းသိမ်းရေးကော်မတီက အရေးယူလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လူငယ်ကစားသမား (၂၉) ဦးကို FIFA က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ခေါ်ယူခဲ့ပါတယ်။ ဒါကြောင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချယ်လ်ဆီးအသင်းကို အပြောင်းအရွှေ့ကာလနှစ်ခု ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခဲ့တာပါ။ ဒီပြစ်ဒဏ်က ချယ်လ်ဆီးအသင်းတွေအကုန်လုံးကို သက်ရောက်မှာဖြစ်ပြီး ချယ်လ်ဆီးအမျိုးသမီးအသင်းတွေနဲ့ ဖူဆယ်အသင်းတွေပဲ ကင်းလွတ်ခွင့်ရမှာပါ။ အပြောင်းအရွှေ့ကာလနှစ်ခုအတွင်းမှာ ကစားသမားသစ်ခေါ်ယူတာကို ပိတ်ပင်ခဲ့ပေမယ့် ကစားသမားတွေ ထွက်ခွာမှုကိုတော့ တားဆီးခွင့်မရှိပါဘူး"ဟု ပါရှိသည်။

FIFA သည် ချယ်လ်ဆီးအသင်းကို အပြောင်းအရွှေ့ကာလနှစ်ခုအတွင်း ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခဲ့သလို ဒဏ်ကြေး ဆွစ်ဖရန့် (၆၀၀၀၀၀)နှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကိုလည်း အသက် (၁၈) နှစ်အောက်ကစားသမားများကို ခေါ်ယူနေသည့်အသင်းများကို ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ဒဏ်ကြေး ဆွစ်ဖရန့် (၅၁၀၀၀၀)ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် FIFA မှ ချမှတ်ခဲ့သည့် ယခုပြစ်ဒဏ်ကို (၃) ရက်အတွင်း ပြန်လည်ချေပခွင့်ရှိကြောင်းလည်း သိရသည်။ ဟာဇက်အပါအဝင် အသင်းမှထွက်ခွာမည့် ကစားသမားများ များပြားနေချိန်တွင် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရခြင်းမှာ ချယ်လ်ဆီးအသင်းအတွက် ကြီးမားသည့်ထိုးနှက်ချက်ဖြစ်ကြောင်း Daily Mail သတင်းစာက သုံးသပ်ရေးသားခဲ့သည်။

Most Read

Most Recent