လီဗာပူးလ်အသင်း၏အန်ဖီးလ်ကွင်းမှာ မိမိကစားသမားဘဝတွင် ရလဒ်အဆိုးရွားဆုံးကွင်းဖြစ်သည်ဟု  ရော်ဘင် ဖွင့်ဟ

လီဗာပူးလ်အသင်း၏အန်ဖီးလ်ကွင်းမှာ မိမိကစားသမားဘဝတွင် ရလဒ်အဆိုးရွားဆုံးကွင်းဖြစ်သည်ဟု  ရော်ဘင် ဖွင့်ဟ
Photos: Getty Images   / thesportreview.com
Photos: Getty Images / thesportreview.com
Published 17 February 2019



ဘိုင်ယန်မြူးနစ်အသင်း နယ်သာလန်ဝါရင့်တောင်ပံကစားသမား အာဂျန်ရော်ဘင်က လာမည့်ကြားရက်တွင် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်အဖြစ်ရင်ဆိုင်ရမည့် လီဗာပူးလ်အသင်း၏အန်ဖီးလ်ကွင်းမှာ မိမိကစားသမားဘဝတွင် ရလဒ်အဆိုးရွားဆုံးကွင်းဖြစ်သည်ဟု ဖွင့်ဟဝန်ခံခဲ့ကြောင်း သိရသည်။



အသက် (၃၅)နှစ်ရှိပြီဖြစ်သည့် ရော်ဘင်သည် ယခုရာသီကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာတော့မည်ဟု အတည်ပြုပြောကြား ထားသူဖြစ်ပြီး ဂျာမန်ထိပ်သီးအသင်းအတွက် နောက်ဆုံးရာသီတွင် လီဗာပူးလ်အသင်းအား ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှုရယူနိုင်ရန် မျှော်လင့်လျက်ရှိသည်။ 

 

 

အန်ဖီးလ်၌ ကစားခဲ့သည့် ၂၀၀၄-၀၅ ရာသီချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (ဒု-ကျော့)တွင် လူးဝစ်ဂါစီယာက လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးသွင်းယူနေစဉ် 

 

ရော်ဘင်သည် ချယ်လ်ဆီးအသင်းကစားသမားဘဝတွင် လီဗာပူးလ်နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ (၂)ကြိမ်တိုင် တွေ့ဆုံခဲ့ဖူးပြီး (၂)ကြိမ်စလုံး ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ရောဘင်ပါဝင်သည့် ချယ်လ်ဆီးအသင်းသည် ၂၀၀၄-၀၅ ရာသီချန်ပီယံလိဂ်ပြိုင်ပွဲ၏ဆီမီးဖိုင်နယ် တွင် လီဗာပူးလ်အသင်းအား အန်ဖီးလ်ကွင်းတွင် (၀-၁)ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၀-၁)ဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။ ထို့ပြင် ၂၀၀၆-၀၇ ရာသီတွင်လည်း ဆီမီးဖိုင်နယ်၌ လီဗာပူးလ်အသင်းနှင့် ထပ်မံတွေ့ဆုံခဲ့ပြီး အန်ဖီးလ်ကွင်း၌ နှစ်ကျော့ပေါင်းရလဒ် (၁-၁)ဖြစ်သောကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာတွင် ရော်ဘင်မှာ ပယ်နယ်တီလွဲချော်ခဲ့ပြီး (၄-၁)ရလဒ်ဖြင့် လီဗာပူးလ်က နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။ သို့ဖြစ်ရာ ရော်ဘင်က လီဗာပူးလ်အသင်း၏အန်ဖီးလ်ကွင်းမှာ မိမိ၏ကစားသမားဘဝတွင် အဆိုးရွားဆုံးကွင်းဖြစ်ပြီး ရလဒ်ကောင်းရယူ နိုင်ရန် အမြဲခက်ခဲခဲ့သည်ဟု ဝန်ခံခဲ့ခြင်းဖြစ်သည်။ 

 

 

အန်ဖီးလ်၌ ကစားခဲ့သည့် ၂၀၀၆-၀၇ ရာသီချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (ဒု-ကျော့)တွင် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ ရော်ဘင်ကန်သွင်းနေစဉ် 

 

ရော်ဘင်က '' ကျွန်တော့်ကစားသမားဘဝမှာ ရင်ဆိုင်ရအခက်ခဲဆုံးနဲ့ ရလဒ်အဆိုးရွားဆုံးကွင်းကိုပြောပါဆိုရင် လီဗာပူးလ်အသင်းရဲ့အိမ်ကွင်း (အန်ဖီးလ်)လို့ပဲ ဆိုရမှာပါ။ အဲဒီကွင်းဟာ ပြိုင်ဘက်အသင်းတွေအတွက် အနုတ်လက္ခဏာဆောင်တဲ့အရာတွေကိုသာ ပေးအပ်လေ့ရှိပါတယ်။ သူတို့အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးခဲ့တုန်းက သူတို့ရဲ့အိမ်ကွင်းခြေစွမ်းအရမ်းကောင်းခဲ့တယ်။ တစ်ရာသီလုံးမဟုတ်ပေမယ့် ရှုံးထွက်ပွဲစဉ်တွေမှာ သူတို့ရဲ့အိမ်ကွင်းခြေစွမ်းက အားသာချက်တစ်ခုလိုဖြစ်ခဲ့တယ်။ အခုဆို ပိုတိုးတက်လာတာတွေ့ရပြီး ပြီးခဲ့တဲရာသီကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ခဲ့တယ်။ ဒီရာသီမှာလည်း အမှတ်ပေးချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့အသင်းဖြစ်လို့ သတိထားကစားရလိမ့်မယ် '' ဟု ပြောကြားခဲ့သည်။

 

 

၂၀၁၂-၁၃ ရာသီက ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဖလားရယူခဲ့စဉ် 

 

ရော်ဘင်သည် ၂၀၀၉ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ၂၀၁၂-၁၃ ရာသီက ချန်ပီယံလိဂ်ဆုဖလား (၁)ကြိမ်အပါအဝင် ဘွန်ဒစ်လီဂါချန်ပီယံဆု (၇)ကြိမ်၊ ဂျာမန်ဖလား (၄)ကြိမ်နှင့် ဥရောပစူပါဖလား (၁)ကြိမ်ရရှိထားသည်။ 

 

Most Read

Most Recent