ဟာဇက်ကို ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုစေလိုကြောင်း ဖာဘရီဂတ်စ် ပြောကြား

ဟာဇက်ကို ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုစေလိုကြောင်း ဖာဘရီဂတ်စ် ပြောကြား
Photos: AS & Getty Images
Photos: AS & Getty Images
Published 8 February 2019

မိုနာကိုအသင်းကွင်းလယ်လူ ဖာဘရီဂတ်စ်က အသင်းဖော်ဟောင်း ဟာဇက်ကို ချယ်လ်ဆီးအသင်းနှင့် စာချုပ်ချုပ်ဆိုစေလိုကြောင်း ပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်၏ ချယ်လ်ဆီးအသင်းနှင့် လက်ရှိစာချုပ်မှာ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ကုန်ဆုံးမည်ဖြစ်သည်။

ဟာဇက်သည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခြင်းမရှိသေးသည့်အတွက် ၎င်း၏အနာဂတ်မှာ လှုပ်ခတ်နေပြီး ယခုရာသီကုန်တွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများထွက်နေသည်။

ဟာဇက်က မိမိအနေဖြင့် အနာဂတ်အတွက် ဆုံးဖြတ်ချက်ချပြီးဖြစ်ကြောင်းနှင့် မကြာမီတွင် အားလုံးကိုအသိပေးသွားမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ဝန်ခံပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းကမှ ချယ်လ်ဆီးအသင်းမှ မိုနာကိုအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည့် စပိန်ဝါရင့်ကွင်းလယ်လူ ဖာဘရီဂတ်စ်က အသင်းဖော် ဟာဇက်အနေဖြင့် ချယ်လ်ဆီးနှင့် စာချုပ်သစ်ချုပ်ဆိုခြင်းမရှိပါက ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

ဖာဘရီဂတ်စ်က "ဟာဇက် ဘယ်လိုဆုံးဖြတ်ထားတယ်ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ သူရဲ့စာချုပ်က (၁)နှစ်ခွဲကျော်ကျော်ကျန်နေသေးပြီး သူဟာ ချယ်ဆီးမှာ ပျော်ရွှင်နေသလို၊ သူ့မိသားစုကလည်း လန်ဒန်မှာ ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ ဒါက ကစားသမားတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ဟာဇက်က ရီးယဲလ်မက်ဒရစ်အသင်းကို ချစ်တယ်။ ဒါကိုလည်း သူ အမြဲပြောတယ်။ ကျွန်တော်ကတော့ ဟာဇက်ကို ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ ချယ်လ်ဆီးနဲ့သာ စာချုပ်သစ်မချုပ်ခဲ့ဘူးဆိုရင်တော့ ဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ပါလိမ့်မယ်"ဟု

ပြောကြားခဲ့သည်။

ဟာဇက်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၃၁)ပွဲကစားရာ (၁၅)ဂိုးအထိ သွင်းယူထားနိုင်သော်လည်း အသင်းနည်းပြ ဆာရီ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ဟာဇက်အား လာမည့်ရာသီတွင် ပေါင်သန်း (၁၀၀)အထိ အသုံးပြုကာ အရခေါ်ယူသွားရန် စီစဉ်နေသည်ဟု စပိန်မီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent