ဆိုးလ်ရှားလက်ထက် မန်ယူအသင်းနိုင်ပွဲဆက်စံချိန်ရပ်တန့်ခဲ့ပြီး မန်စီးတီးအသင်း ရှုံးပွဲတွေ့

ဆိုးလ်ရှားလက်ထက် မန်ယူအသင်းနိုင်ပွဲဆက်စံချိန်ရပ်တန့်ခဲ့ပြီး မန်စီးတီးအသင်း ရှုံးပွဲတွေ့
Photos: Getty Images &  Reuters
Photos: Getty Images & Reuters
Published 30 January 2019

ပရီးမီးယားလိဂ်ပွဲစဉ် (၂၄)မှာတော့ အာဆင်နယ်အသင်း အိမ်ကွင်းမှာ နိုင်ပွဲပြန်တွေ့ခဲ့ပေမယ့် နည်းပြ ဆိုးလ်ရှားလက်ထက်မှာ နိုင်ပွဲဆက်နေတဲ့ မန်ယူအသင်းဟာ ဘန်လေကို သရေကျခဲ့သလို၊ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ အဝေးကွင်းမှာ နယူးကာဆယ်အသင်းကို အရှုံးပေးခဲ့ရပါတယ်။ 

အာဆင်နယ်နဲ့ ကာဒစ်ဖ်တို့ရဲ့ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ ကာဒစ်ဖ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပွဲထွက်စာရင်းမှာ အိုဇေးလ်ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ အာဆင်နယ်တို့ ထင်သလောက် မပေါက်ခဲ့ဘဲ ဒုတိယပိုင်းသွင်းဂိုးတွေကြောင့်သာ အနိုင်ရခဲ့တာပါ။ 

ပွဲချိန် (၆၆)မိနစ်မှာ အူဘာမီယန်းက ပယ်နယ်တီကနေ အာဆင်နယ်အတွက် ဦးဆောင်သွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ အူဘာမီယန်းအတွက်တော့ ဒီရာသီ တန်းတက်အသင်းတွေနဲ့ တွေ့ဆုံရာမှာ (၅)ဂိုးမြောက်သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၈၃)မိနစ်မှာ လာကာဇက်က အူဘာမီယန်းရဲ့ ဖန်တီးပေးမှုကနေ သွင်းယူခဲ့တာပါ။ ကာဒစ်ဖ်အတွက် ချေပဂိုးကိုတော့ (၉၀+၃)မိနစ်မှာ လူစားဝင်ကစားသမား မန်ဒက်ဇ်လိန်းက သွင်းယူခဲ့တာပါ။

ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ နိုင်ပွဲဆက်နေတဲ့ မန်ယူအသင်းဟာ ဘန်လေကို နောက်ကျဂိုးတွေကြောင့် (၂-၂)ဂိုးနဲ့ သရေကစားနိုင်ခဲ့တာပါ။

မန်ယူအသင်းရဲ့ ပွဲထွက်စာရင်းမှာ လူကာကူပြန်လည်ပါဝင်ခဲ့ပြီး ဘန်လေအသင်းကို ပွဲစကတည်းက တောက်လျှောက်ဖိကစားခဲ့ပါတယ်။ 

ပထမပိုင်းမှာတင် လူကာကူ၊ ရပ်ရှ်ဖို့ဒ်၊ ပေါ့ဘာတို့ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ ဘန်လေဂိုးသမား ဟီတန်ကလည်း လက်စွမ်းပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပထမပိုင်းမှာ ပေါ့ဘာရဲ့ သွင်းဂိုး လူကျွံနေခဲ့တာကလည်း မန်ယူအတွက် ကံဆိုးမှုလို့ဆိုရမှာပါ။

ဒုတိယပိုင်းမှာလည်း မန်ယူအသင်းကပဲ ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ပွဲချိန် (၅၁)မိနစ်မှာ ဘန်လေတို့  ဦးဆောင်ဂိုးရခဲ့ပါတယ်။ ပယ်ရေရားဆီက ဂျက်ကော့ခ်ဖြတ်လုပေးပြီး ချပေးတာကို ဘားနက်စ်က သွင်းယူခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာ မန်ယူတို့ တိုက်စစ်ပိုဖွင့်ခဲ့ပေမယ့် ပွဲချိန် (၈၁)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘန်လေတို့အတွက် ဒုတိယဦးဆောင်ဂိုးကို ခရစ္စဝုဒ်က ခေါင်းတိုက်သွင်းယူခဲ့ပြန်ပါတယ်။ မန်ယူအသင်း ရှုံးပွဲတွေ့တော့မယ်လို့ ထင်မှတ်ခဲ့ရပေမယ့် ပွဲချိန် (၈၇)မိနစ်မှာ လင်ဂတ်ကို ဟင်ဒရစ်လူချကစားလို့ မန်ယူတို့ ပယ်နယ်တီရခဲ့ပါတယ်။ 

အဲဒီပယ်နယ်တီက ပေါ့ဘာက အမှားအယွင်းကန်သွင်းယူခဲ့သလို၊ ပွဲချိန် (၉၀+၂)မိနစ်မှာလည်း အက်ရှ်လေယန်းရဲ့ ဖြတ်တင်ဘောကနေ ဆန်းချက်ဇ်ရဲ့ ခေါင်းတိုက်ချက်ကို ဘန်လေဂိုးသမား ဟီတန်ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို အသင့်ရှိနေတဲ့ လင်ဒီလော့ဖ်က အပြင်းကန်သွင်းခဲ့လို့ မန်ယူတို့ အိမ်ကွင်းမှာ ဘန်လေကို (၂-၂) ဂိုးနဲ့ သရေကျခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် ဆိုးလ်ရှားလက်ထက် မန်ယူအသင်းရဲ့ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန် ရပ်တန့်ခဲ့ရသလို အဆင့် (၅)က အာဆင်နယ်အသင်းနဲ့ (၂)မှတ် ပြန်ကွာသွားခဲ့ပါတယ်။ 

လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ အဝေးကွင်းမှာ နယူးကာဆယ်အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ရပါတယ်။ 

မန်စီးတီးအသင်းမှာ လူစုံပါဝင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု (၇၆)ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ မန်စီးတီးတို့ ကံမကောင်းခဲ့သလို နောက်တန်းကလည်း အမှားများခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို ပွဲစပြီး (၂၄)စက္ကန့်အကြာမှာပဲ ဒေးဗစ်ဆေးလ်ဗားရဲ့ ပေးပို့မှုကနေ အဂွဲရိုးက သွင်းယူခဲ့တာပါ။ 

အဲဒီနောက်ပိုင်းမှာလည်း မန်စီးတီးအသင်းဟာ ဂိုးသွင်းခွင့်ပေါင်းများစွာ ဖန်တီးနိုင်ခဲ့ပြီး နယူးကာဆယ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးတော့ ထပ်မရခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း မန်စီးတီးက ဖိကစားခဲ့ပေမယ့် ပွဲချိန် (၆၆)မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ နယူးကာဆယ် ဂိုးရခဲ့ပါတယ်။ ဟေဒန် တင်ပေးတာကို ရွန်ဒွန်က သွင်းယူခဲ့တာပါ။ ဒါ့အပြင် ပွဲချိန်မိနစ် (၈၀)မှာ ဖာနန်ဒင်ဟိုရဲ့ အမှားကနေ နယူးကာဆယ်အသင်း ပယ်နယ်တီ ရရှိခဲ့ပြီး အဲဒီပယ်နယ်တီကို ရစ်ချီက အမှားအယွင်းမရှိ ကန်သွင်းပြီး ပွဲကို (၂-၁)ဂိုးနဲ့ ဦးဆောင်စေခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာ မန်စီးတီးတို့ ချေပဂိုးရဖို့ ကွင်းတစ်ဝက်နီးနီးဖိကစားခဲ့ပေမယ့် နယူးကာဆယ်ခံစစ်နဲ့ ဂိုးသမားကို မကျော်နိုင်ဘဲ (၂-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ဒီရှုံးပွဲဟာ မန်စီးတီးအတွက် ဒီရာသီအတွင်းပရီးမီးယားလိဂ် (၄)ပွဲမြောက် ရှုံးပွဲဖြစ်ခဲ့ပြီး လက်စတာကိုသာ လီဗာပူးလ်နိုင်ခဲ့မယ်ဆိုရင်တော့ လီဗာပူးလ်နဲ့ မန်စီးတီးကြားက အမှတ်ကွာဟမှုဟာ (၇)မှတ်အထိ ဖြစ်သွားမှာပါ။ 

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

အာဆင်နယ် ၂-၁ ကာဒစ်ဖ်

ဖူလ်ဟမ် ၄-၂ ဘရိုက်တန်

ဟတ်ဒါဖီးလ် ၀-၁ အဲဗာတန်

ဝုလ်ဗ် ၃-၀ ဝက်စ်ဟမ်း

မန်ယူ ၂-၂ ဘန်လေ

နယူးကာဆယ် ၂-၁ မန်စီးတီး



စပိန်ဘုရင့်ဖလား (ကွာတားဖိုင်နယ်၊ ဒု-ကျော့)

ဗလင်စီယာ ၃-၁ ဂီတာဖေး

(နှစ်ကျော့ပေါင်း ၃-၂ ဂိုးဖြင့် ဗလင်စီယာနိုင်)

ကိုပါအီတာလီယာဖလား (ကွာတားဖိုင်နယ်)

အေစီမီလန် ၂-၀ နာပိုလီ

လိဂ်ချန်ပီယံရှစ်

ဆွမ်ဆီး ၃-၃ ဘာမင်ဂမ်

ဘော်လ်တန် ၁-၁ ရက်ဒင်း