ဗင်နီစီယပ်စ်အား ဆော်ဒီပရိုလိဂ်သို့ရောင်းထုတ်ရန် ရီးယဲလ်မက်ဒရစ်အသင်းကို အသင်းဥက္ကဋ္ဌ ပီရက်ဇ်၏သားဖြစ်သူ တိုက်တွန်း

ဗင်နီစီယပ်စ်အား ဆော်ဒီပရိုလိဂ်သို့ရောင်းထုတ်ရန် ရီးယဲလ်မက်ဒရစ်အသင်းကို အသင်းဥက္ကဋ္ဌ ပီရက်ဇ်၏သားဖြစ်သူ တိုက်တွန်း
Photo: AFP
Photo: AFP
Published 16 November 2024

 

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်၏သားဖြစ်သူ ချီဗိုပီရက်ဇ်က ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်အား ဆော်ဒီပရိုလိဂ်သို့ ရောင်းထုတ်ရန် အသင်းကို တိုက်တွန်းခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဘရာဇီးလ်ကြယ်ပွင့်ကစားသမား ဗင်နီစီယပ်စ်သည် ပြီးခဲ့သည့်  ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလက ဆော်ဒီကလပ်များ၏ ချိတ်ဆက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ဆော်ဒီပရိုလိဂ် ကလပ်အသင်းများသည် ၂၀၂၂ ဒီဇင်ဘာ တွင် ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုကို ခေါ်ယူပြီးနောက် ဥရောပတွင် ကစားနေသည့် ထိပ်တန်းကစားသမားများကို လစာများစွာပေးချေကာ ခေါ်ယူနေခြင်း ဖြစ်သည်။ 

လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖေမီနို ကစားလျက်ရှိသည့် ဆော်ဒီကလပ် အယ်လ်အာလီအသင်းသည် ပြီးခဲ့သည့်နွေရာသီက ဗင်နီစီယပ်စ်အား ယူရိုတစ်ဘီလီယံတန် ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း Goal.com က ဖော်ပြခဲ့သည်။ သို့သော် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဗင်နီစီယပ်စ်အား လျော်ကြေး ယူရိုတစ်ဘီလီယံတန်စာချုပ် ချုပ်ဆိုထားသည့်အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းမရှိခဲ့ပေ။ 

ယင်းနောက် ဗင်နီစီယပ်စ်က ၎င်းအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားသမားဘဝတစ်လျှောက်လုံး ကစားသွားလိုသည်ဟု ပြောကြားခဲ့သည်။ သို့သော် ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုအခါ အသင်းနှင့် ၂၀၂၇ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံး မည့် ဗင်နီစီယပ်စ်အား ရောင်းထုတ်ရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ်နေသည်။ 

လက်ရှိ ရီးယဲလ်တိုက်စစ်တွင် ဗင်နီစီယပ်စ်နှင့် ဘာပေတို့မှာ ကစားသည့်နေရာထပ်နေပြီး ဘာပေအား အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုရာတွင် အဆင်မပြေဖြစ်နေသည်။ ထို့ကြောင့် ရီးယဲလ်တာဝန်ရှိသူများသည် ဗင်နီစီယပ်စ်နှင့် ဘာပေတို့ထဲမှ တစ်ဦးကို ရောင်းချရန် စီစဉ်နေရာ ဗင်နီစီယပ်စ်အား ရောင်းထုတ်လိုသူများနေကြောင်း သိရသည်။ ယခုအခါ ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်၏သားဖြစ် သူ ဗင်နီစီယပ်စ်အား ဆော်ဒီမှ ကမ်းလှမ်းလာပါက ရောင်းထုတ်ရန် အသင်းကိုတိုက်တွန်းခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

ဆော်ဒီကလပ် အယ်လ်အာလီသည် ဗင်နီစီယပ်စ်အား စံချိန်လစာပေးချေမည် ဖြစ်သလို ပြောင်းရွှေ့ကြေးကိုလည်း ယူရို သန်း ၄၀၀ နှင့် ယူရိုသန်း ၅၀၀ ကြား ပေးချေ ဖွယ်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယင်းကြေးရပါက ဗင်နီစီယပ်စ်အား ရောင်းထုတ် ရန် ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်၏သားဖြစ်သူ ချီဗိုပီရက်ဇ်က ထိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

လက်ရှိတွင် ဆော်ဒီကလပ် အယ်လ်အာလီအသင်းအနေဖြင့် ဗင်နီစီယပ်စ်အတွက် ကမ်းလှမ်းမှု မရှိသေးသော်လည်း တရားဝင်ကမ်းလှမ်းမှုရှိပါလာက ရီးယဲလ်အသင်းက ၎င်းကိုရောင်းထုတ်ဖွယ်ရှိကြောင်း သိရသည်။ 

Most Read

Most Recent