အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် နိုဝင်ဘာ ၁၄ ရက် ညအချိန်က မီးခိုးမြူဖုံးလွှမ်းမှုများ ပိုမိုဆိုးရွား လာသောကြောင့် နောက်ထပ်ညွှန်ကြားချက် မထုတ်ပြန်မီအထိ မူလတန်းကျောင်းများ အားလုံးကို ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
လူဦးရေ သန်း ၃၀ နေထိုင်သည့် နယူးဒေလီနှင့် အနီးဝန်းကျင် မြို့ပြနေရာများသည် ဆောင်းရာသီတွင် ကမ္ဘာ့လေထု အညစ်ညမ်းဆုံး စာရင်းတွင် ထိပ်ဆုံးနေရာ၌ အစဉ်အမြဲ ရပ်တည်နေလေ့ရှိသည်။
မီးခိုးများကြောင့် နှစ်စဉ်နှစ်တိုင်း လူပေါင်းထောင်ချီသည် အရွယ်မတိုင်မီ သေဆုံးခဲ့ကြကာ ပြန့်ကြဲနေသော အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများသည် ပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းနိုင်မှုကြောင့်မြို့နေ လူထုအတွက် နှစ်စဉ် စိတ်တိုဒေါသဖြစ်နေကြသည်။နှစ်စဉ် မီးခိုးမြူပြဿနာကြုံတွေ့သည့် အဆိုးရွားဆုံး သီတင်းပတ်များအတွင်း စာသင်ကျောင်းများကို ပိတ်ထားလေ့ရှိသည်။
အာဏာပိုင်များသည် နယူးဒေလီမြို့တော်ကို အဆိပ်ရှိ မြူခိုးများ ဖုံးလွှမ်းမှုကို ကာကွယ်တားဆီးရန် ကြိုးပမ်းသည့်အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းဆောင်တာများကို တားမြစ်ပိတ်ပင်ခြင်းနှင့် နိုင်ငံ၏အခြားဒေသများမှ ဒီဇယ်စွမ်းအင်သုံး ကုန်ပစ္စည်းသယ်ယာဉ်များကို ကန့်သတ်ခြင်းများ ပုံမှန်ချမှတ် လုပ်ဆောင်လေ့ရှိသည်။
Fine particle matter သို့မဟုတ် ဟုခေါ်သည့် အမှုန်လေးများသည် ကားအိတ်ဇောသို့မဟုတ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတို့မှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်လာသော အမှုန်အမွှား လေးများဖြစ်သည်။
၎င်းတို့၏ အရွယ်အစား သေးငယ်ခြင်းကြောင့် ၎င်းတို့သည် အသက်ရှူလမ်းကြောင်း၏ အတွင်းထဲကို ရောက်သွားနိုင်ရာ ချောင်းဆိုးရင်ကျပ်နာ၊ ပန်းနာ၊ အဆုတ်ရောဂါဖြစ်ပွားမှု အန္တရာယ်ကို ပိုမိုဆိုးရွားစေသည်။
နယူးဒေလီမြို့တော်သည် နှစ်စဉ် အန္တရာယ်ရှိသော လေထုညစ်ညမ်းမှု ကြုံတွေ့နေရပြီး အထူးသဖြင့် အိမ်နီးချင်းဒေသများမှ လယ်သမားများ၏ ကောက်ပဲသီးနှံ အကြွင်းအကျန်များ မီးရှို့ဖျက်ဆီးမှုကြောင့် ဖြစ်သည်။
ဆောင်းရာသီတွင် ပိုမိုအေးမြသော အပူချိန်နှင့် ဖြေးညှင်းစွာ ရွှေ့လျားသော လေတိုက်နှုန်းတို့သည် အန္တရာယ်ရှိသော ညစ်ညမ်းမှုများကို လေထုအတွင်း ပိတ်မိနေစေခြင်းဖြင့် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေသည်။ ယင်းပြဿနာသည် အောက်တိုဘာလလယ် မှ ဇန်နဝါရီလအထိ ကြာမြင့်လေ့ရှိသည်။
သန့်ရှင်းသော လေရရှိမှုသည် လူ့အခွင့်အရေးအတွက် အခြေခံကြကြောင်း အိန္ဒိယတရားရုံးချုပ်က လွန်ခဲ့သည့်လတွင် ထုတ်ပြန်ခဲ့ပြီး ဗဟိုအစိုးရနှင့် ပြည်နယ်အဆင့် အာဏာပိုင်များအနေဖြင့် လေထုညစ်ညမ်းမှုကို အရေးတယူကိုင်တွယ် ဖြေရှင်းကြရန် တိုက်တွန်းခဲ့သည်။
သို့သော် အိမ်နီးချင်းပြည်နယ်များရှိ ပြိုင်ဘက်နိုင်ငံရေးသမားများအကြား ငြင်းခုန်မှုများနှင့် ဗဟိုနှင့်ပြည်နယ်အဆင့် အာဏာပိုင်များအကြား သဘောထားကွဲလွဲမှုများသည် ပြဿနာကို ပိုမိုရှည်ကြာစေကြောင်း ဝေဖန်သူများက သုံးသပ်ထားသည်။
နိုင်ငံရေးသားများသည် ၎င်းတို့၏မဲဆန္ဒ နယ်များတွင် အဓိကပုဂ္ဂိုလ်များ အထူးသဖြင့် အင်အားကြီးလယ်သမား အုပ်စုများကို စိတ်တိုဒေါသ မဖြစ်စေလိုကြကြောင်း ဝေဖန်သူများက စွပ်စွဲခဲ့သည်။နယူးဒေလီအာဏာ ပိုင်များသည် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ပဏာမလုပ်ဆောင်ချက် အများအပြားကို ချမှတ်ထား သော်လည်း အမှန်တကယ် ကျင့်သုံးလုပ်ဆောင်မှု၌ အားနည်းလျက်ရှိသည်။
ကမ္ဘာသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ကန့်သတ်ချက် ပြည့်မီစေရန် အဆိုပါ ညစ်ညမ်းစေသော အရာများကို အမြဲတမ်း လျှော့ချမည်ဆိုပါက သာမန်လူတစ်ဦးသည် ၎င်း၏ ပျမ်းမျှသက်တမ်း တွင် ၂ ဒသမ ၃ နှစ် ပိုနေရမည်ဟု ဆိုသည်။
Ref:AFP