ဆီးရီးယားတွင် အစ္စရေး၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး

ဆီးရီးယားတွင် အစ္စရေး၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး
ဇန်နဝါရီ ၂၁ ရက်တွင် ဒမတ်စကတ်လေဆိပ်အနီး ဝေဟင်၌ ဒုံးများကို ရိုက်ကူးထားသည့် ဓာတ်ပုံအား အစိုးရသတင်းအေဂျင်စီက ထုတ်ပြန်ပေးခဲ့စဉ်
ဇန်နဝါရီ ၂၁ ရက်တွင် ဒမတ်စကတ်လေဆိပ်အနီး ဝေဟင်၌ ဒုံးများကို ရိုက်ကူးထားသည့် ဓာတ်ပုံအား အစိုးရသတင်းအေဂျင်စီက ထုတ်ပြန်ပေးခဲ့စဉ်
Published 21 January 2019
Ref: AFP

ဆီးရီးယားနိုင်ငံထဲမှ အီရန် ပစ်မှတ်များကို ဇန်နဝါရီ ၂၁ ရက် အစောပိုင်းက လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ခဲ့သည်။ 

ယင်းမတိုင်မီ နာရီအနည်းငယ်အကြာက ဆီးရီးယားဘက်မှ ပစ်ခတ်လိုက်သည့် ရော့ကတ်တစ်စင်းကို အစ္စရေးက ကြားဖြတ် ပစ်ချခဲ့ရသည်ဟု သိရသည်။ အစ္စရေးကမူ ယင်းသည် အီရန်၏ လက်ချက်ဟု ပြစ်တင်ထားသည်။ 

ဆီးရီးယားနိုင်ငံထဲရှိ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ Quds တပ်ခွဲကို ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အစ္စရေးနယ်မြေ သို့မဟုတ် တပ်ဖွဲ့များကို ထိခိုက်စေရေးအတွက် ကြိုးပမ်းမှုများ မလုပ်ဆောင်ရန် ဆီးရီးယားစစ်တပ်ကိုလည်း သတိပေးကြောင်း အစ္စရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။  

ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့် အဖွဲ့၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၀ ရက် တစ်ညလုံးနှင့် ၂၁ ရက်တို့တွင် လုပ်ဆောင်ခဲ့သည့် အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများ၊ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် ဆီးရီးယားနှစ်ဦး အပါအဝင် တိုက်ခိုက်ရေးသမား ၁၁ ဦးခန့် သေဆုံးခဲ့သည်ဟု သိရသည်။ 

အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများသည် ဒမတ်စကတ် ဝန်းကျင်ရှိ အီရန် နှင့် ဆီးရီးယားပစ်မှတ်များအပြင် မြို့တော် တောင်ပိုင်းရှိ စစ်တပ်လေယာဉ်ကွင်း တစ်ခုအနီးမှ နေရာကိုလည်း ထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

ဆီးရီးယားဘက်မှ ပစ်ခတ်လိုက်သော ရော့ကတ်တစ်စင်းကို နိုင်ငံ၏ လေကြောင်းကာကွယ်ရေး စနစ်များက ကြားဖြတ် ပစ်ချခဲ့ရသည်ဟု အစ္စရေးစစ်တပ်က ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းမတိုင်မီကမူ ဆီးရီးယားအစိုးရက ၎င်းတို့နိုင်ငံ၏ တောင်ပိုင်းသို့ အစ္စရေးက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သေးသည်။

တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း အစ္စရေး စစ်တပ်က ဇန်နဝါရီ ၂၁ ရက် အစောပိုင်း၌ ကြေညာခဲ့စဉ် တစ်ဖက်တွင်လည်း ဆီးရီးယားအစိုးရ သတင်းအေဂျင်စီ SANA က  ၎င်းတို့နိုင်ငံ၏ လေကြောင်းကာကွယ်ရေး စနစ်များသည် ရန်သူဘက်မှ ပစ်ခတ်မှုများကို ပစ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယမန်နှစ် မေလနောက်ပိုင်း ဆီးရီးယားတွင် ပြုလုပ်ခဲ့သည့် အစ္စရေး၏ တိုက်ခိုက်မှုများအနက် ယခုတိုက်ခိုက်မှုများသည် လူသေဆုံးမှု အများဆုံးဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ဆိုသည်။ ပစ်မှတ်ထားခံရသည့် နေရာများတွင် လက်ဘနွန်မှ ရှီအိုက်လှုပ်ရှားမှုအဖွဲ့ ဟဇ်ဘိုလာနှင့် အီရန် တိုက်ခိုက်ရေးသမားများ ပိုင်ဆိုင်သည့် လက်နက်တိုက်များ ပါဝင်ကြောင်း သိရသည်

အစ္စရေးသည် အိမ်နီးချင်းဆီးရီးယားနိုင်ငံတွင် ၎င်း၏ အဓိကရန်သူဖြစ်သူ အီရန်အား ခြေကုပ်မရသွားစေရန် ကာကွယ်မည်ဟု ကတိပြုထားသည်။ 

အစ္စရေးသည် အီရန်စစ်ရေး ပစ်မှတ်များ ၊ အီရန် ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာသို့ အဆင့်မြင့်လက်နက် တင်ပို့မှုများကို ပစ်မှတ်ထားရန်ဟုဆိုပြီး ဆီးရီးယားထဲသို့ ဝင်ကာ လေကြောင်းတိုက်ခိုက်မှုများ ရာနှင့်ချီ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ သို့သော် အစ္စရေးသည် ဆီးရီးယားတွင် ပြုလုပ်ခဲ့သော ၎င်း၏ လေကြောင်းတိုက်ခိုက်မှုများကို ယခုကဲ့သို့ လူသိရှင်ကြားကြေညာမှုမှာ အလွန်ရှားပါးသည်။                                         

 

Most Read

Most Recent