ပင်လယ်ပြင်အတွင်း ထိုင်းနိုင်ငံမှ ငါးခိုးဖမ်းသည့် လှေများ ဝင်ရောက်နေဆဲဖြစ်ပြီး ငါးခိုးဖမ်းသည့် လှေများကို တပ်မတော် (ရေ) က ဖမ်းဆီးရမိနေ

ပင်လယ်ပြင်အတွင်း ထိုင်းနိုင်ငံမှ ငါးခိုးဖမ်းသည့် လှေများ ဝင်ရောက်နေဆဲဖြစ်ပြီး ငါးခိုးဖမ်းသည့် လှေများကို တပ်မတော် (ရေ) က ဖမ်းဆီးရမိနေ
ဖမ်းဆီးရမိသည့် လှေအချို့အား ကော့သောင်းဆိပ်ကမ်းတွင် တွေ့ရစဉ်
ဖမ်းဆီးရမိသည့် လှေအချို့အား ကော့သောင်းဆိပ်ကမ်းတွင် တွေ့ရစဉ်
Published 18 January 2019
ဇော်မိုးဦး (မြိတ်)

ပင်လယ်ပြင်အတွင်း ထိုင်းနိုင်ငံမှ ငါးခိုးဖမ်းသည့် လှေများ မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းနေဆဲဖြစ်ပြီး တပ်မတော် (ရေ) က ငါးခိုးဖမ်းနေသည့် လှေများကို ဖမ်းဆီးရမိနေကြောင်း သိရသည်။

မြိတ်ကျွန်းစု ပင်လယ်ပြင်အတွင်း ထိုင်းနိုင်ငံမှ ငါးခိုးဖမ်းနေသည့် လှေများ နေ့စဉ် ဝင်ရောက်ပြီး ငါးခိုးဖမ်းနေကြောင်း၊ ကမ်းဝေးလှေကြီးများကလည်း လှေအမည်နှင့် နံပါတ်များကို ဖုံးအုပ်ပြီး ကမ်းနီးသို့ ဝင်ရောက် ငါးခိုးဖမ်းနေကြောင်း ဒေသခံများက ဓာတ်ပုံ အထောက်အထားများနှင့်တကွ တင်ပြခဲ့သလို လွှတ်တော် ကိုယ်စားလှယ်ကလည်း ပင်လယ်ထဲအထိဆင်း၍ သက်သေ အထောက်အထားများ ရှာဖွေကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့ရာတွင် ပင်လယ်ပြင်အတွင်း ငါးခိုးဖမ်းသည့် လှေကြီးများမှာ ကန့်သတ်ဧရိယာအတွင်း ဝင်ရောက်နေဆဲ ဖြစ်သလို ထိုင်းနိုင်ငံမှ ငါးခိုးဖမ်းသည့် လှေကြီးများမှာလည်း ဝင်ရောက် ငါးခိုးဖမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၃ ရက်ကလည်း ကတယ (၄၂၄) ရေက ပင်လယ်ပြင်အတွင်း ကင်းလှည့်နေစဉ် မသင်္ကာဖွယ် လှေတစ်စင်းအား ချဉ်းကပ်ပြီး မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးခဲ့ကြောင်း သိရသည်။

ထွက်ပြေးသည့် လှေနောက်သို့ သတိပေး ပစ်ခတ်ဖမ်းဆီးရာ လုံးခွက်ကျွန်း အရှေ့တောင်ဘက် ၃ ဒသမ ၈ မိုင်အကွာတွင် AM348A နှင့် ထိုင်းစာတန်းပါ ထိုင်းလက်ခွမ်းဝါလတ် ငါးခိုးဖမ်းလှေတစ်စင်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလျား ၆၉ ပေ၊ အနံ ၁၅ ပေကျော်ရှိသည့် လှေတစ်စင်းပေါ်တွင် မြန်မာလှေသား ခြောက်ဦးဖြစ်သည့် ဦးဇေယျာသန်း (၃၇ နှစ်) ချောင်းဆုံမြို့နယ်၊ ဦးစိုးသန်း (၄၆ နှစ်) လောင်းလုံးမြို့နယ်၊ ဦးစောလားကဲဘလု (၂၀ နှစ် ) ငပုတောမြို့နယ်၊ ဦးနိုင်နိုင် (၂၉ နှစ်) မြိတ်မြို့နယ်၊ ဦးသန်းလှ (၂၂ နှစ်) ကျွန်းစုမြို့နယ်၊ ဦးဂျွန်နီ (၃၂ နှစ်) မြောက်ဥက္ကလာပမြို့နယ်တို့အား ဖမ်းဆီးရမိခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာန၏ နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေပုဒ်မ ၃၈ (ခ) ဖြင့် ကော့သောင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုဦးစီးမှူး ဦးဟန်ဝင်းရွှေက တရားလိုပြုလုပ် တိုင်တန်းရာ ကော့သောင်းမြို့မရဲစခန်းက (ပ) ၇၆/၂၀၁၉၊ နိုင်ငံခြားငါးဥပဒေ ပုဒ်မ ၃၈ ( ခ ) အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

လှေဖမ်းဆီးစဉ် ထိုင်းလူမျိုး ပဲ့နင်းတစ်ဦးနှင့် မြန်မာလူမျိုး ပဲ့နင်းငယ်တစ်ဦးတို့ ရေထဲသို့ ခုန်ချထွက်ပြေးခဲ့ပြီး လိုက်လံ ရှာဖွေသော်လည်း တွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ငါးခိုးဖမ်းသည့် လှေကြီးများနှင့် ပတ်သက်၍ မြိတ်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သံသယရှိသည့် လှေအဖြစ်သာ အဖြေထွက်ခဲ့ပြီး အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent