အတ္တမာနနှင့် ခေါင်းဆောင်မှု

အတ္တမာနနှင့် ခေါင်းဆောင်မှု
Published 15 January 2019

အတ္တမာနသည် လူများ ထိရောက်စွာ ပူးပေါင်းလုပ်ဆောင်ရာ၌ အကြီးမားဆုံး အတားအဆီးတစ်ရပ် ဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ အတ္တမာနများအတွင်း ပိတ်မိသွားသည့်အခါ ၎င်းတို့၏ ထိရောက်မှုမှာ လှိုက်စားဖျက်ဆီးခြင်း ခံရလေသည်။ ယင်းမှာ မိမိတို့ကိုယ်တိုင်၏ အရေးပါမှုနှင့်ပတ်သက်သော အချိုးဖျက်ထားသည့် ရုပ်ပုံလွှာတစ်ရပ်ကိုသာ ပေးလိုက်သော အတ္တမာနက ဖန်တီးလိုက်သည့် တလွဲမာနနှင့် မိမိကိုယ်မိမိ သံသယရှိခြင်းတို့ နှစ်ခုပေါင်းကြောင့်ဖြစ်သည်။ ယင်းကဲ့သို့ဖြစ်သည့်အခါ လူများသည် မိမိတို့ ကိုယ်ကိုယ်မိမိတို့ စကြဝဠာကြီး၏ အချက်အချာဟုပင် ရှုမြင်သွားကြသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိတို့၏မာန၊ မနာလိုမှုနှင့် နာကြည်းမှုများအား မိမိတို့၏ ဆုံးဖြတ်ချက်များအပေါ် လွှမ်းမိုးစေရန် ခွင့်ပြုလိုက်သည့်အခါ မိမိတို့ကိုယ်တိုင်ကိုလည်းကောင်း၊ မိမိတို့၏ အသင်းကိုလည်းကောင်း၊ မိမိတို့၏ အဖွဲ့အစည်းကိုလည်းကောင်း ထိခိုက်စေသည့် ဆုံးဖြတ်ချက်များကို ချမှတ်တတ်ကြတော့သည်။

အတ္တက ၎င်းကိုယ်တိုင်ကို အဓိကနည်းလမ်းနှစ်သွယ်ဖြင့် ဖော်ထုတ်ပြသလေ့ရှိသည်။ ပထမတစ်ခုမှာ တလွဲမာနဖြစ်ပြီး မိမိကိုယ်မိမိ ရှိရင်းစွဲထက် ပို၍အထင်ကြီးကာ အခြားသူများကို အသိအမှတ်ပြု ချီးကျူးရန် ဘေးဖယ်လျက်တစ်ချိန်လုံး ကိုယ့်ကိုယ်ကိုယ်သာ ပရိုမိုးရှင်း လုပ်လေတော့သည်။ ဒုတိယတစ်ခုမှာ မိမိကိုယ်မိမိ သံသယရှိခြင်းဖြစ်ပြီး မိမိကိုယ်မိမိ ရှိရင်းစွဲထက် ပို၍အထင်သေးကာ မိမိကိုယ်တိုင်၏ အားနည်းချက်များနှင့်ပတ်သက်ပြီး တစ်ချိန်လုံး မလုံမလဲဖြစ်နေခြင်း ဖြစ်သည်။ မန်နေဂျာများအနေဖြင့် အတ္တမာန၏ ဖိစီးမှုခံရသည့်အခါ ၎င်းတို့ကိုယ်တိုင်၏ ထိရောက်မှု သို့မဟုတ် ၎င်းတို့ဌာနများ၏ ထိရောက်မှုတို့မှာ သိသိသာသာ ယိုယွင်း၍လာတော့သည်။ တလွဲမာန လွှမ်းမိုးနေသည့် မန်နေဂျာများကို ထိန်းချုပ်သူများ (Controller)  ဟုခေါ်ကြပြီး ၎င်းတို့အနေဖြင့် ဘာလုပ်ရမည်မှန်း မသိသည့်အခါ၌ပင်လျှင် အာဏာပြကာ အကြီးအကျယ် ထိန်းချုပ်မှုကို လုပ်ဆောင်လေ့ရှိသည်။ လူတိုင်းက ၎င်းတို့အား မှားယွင်းသည်ဟု သိသိသာသာ မြင်နေသည့်အခါ၌ပင်လျှင် ဘာပဲဖြစ်ဖြစ် မိမိတို့သာ မှန်သည်ဟု အခိုင်အမာ ပြောဆိုတတ်ကြသည်။ အဖွဲ့အစည်းတစ်ရပ်အတွင်း၌ ယင်းကဲ့သို့သော ခေါင်းဆောင်များကို မိမိတို့ ကိုယ်ကျိုးအတွက် မြှောက်ပင့်ပြောဆိုကာ ထောက်ခံခြင်းသည် ယင်းအဖွဲ့အစည်းအား ကျရှုံးမှုဆီ ပို၍အရှိန်မြှင့်ပေးလိုက်သကဲ့သို့သာ ရှိ၏။ အခြားတစ်ဖက်၌ မိမိကိုယ်မိမိ သံသယရှိနေသည့် အကြောက်တရား လွှမ်းမိုးနေသော မန်နေဂျာများကို ‘မလုပ်၊ မရှုပ်၊ မပြုတ်’ ခေါင်းဆောင်များဟု ခေါ်သည်။ ၎င်းတို့သည် ပဋိပက္ခ သို့မဟုတ် ပြဿနာမဖြစ်အောင်သာ ရှောင်ရှားတတ်ကြပြီး အဖွဲ့အစည်းအတွက် အကူအညီကောင်းစွာမရပေ။ ၎င်းတို့သည် မိမိတို့အသင်း၏ အဖွဲ့ဝင်များကို လွှတ်ထားတတ်ကြပြီး ၎င်းတို့ကိုယ်တိုင်ပင်လျှင် မလုံမခြုံဖြစ်ကာ အကူအညီ လိုအပ်နေတော့သည်။ ‘မလုပ်၊ မရှုပ်၊ မပြုတ်’ ခေါင်းဆောင်များသည် မိမိတို့ကိုယ်တိုင် ကိုသော်လည်းကောင်း၊ မိမိတို့၏ ဆုံးဖြတ်ချက်များကိုသော်လည်းကောင်း ကိုယ်တိုင်က ယုံကြည်မှုမရှိကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်ကူးများထက် အခြားသူများ၏ စိတ်ကူးများကို ပို၍အထင်ကြီးကြသည်။

အတ္တအတားအဆီးများကြောင့် ဖြစ်ပွားသည့် အဓိကပြဿနာမှာ မိမိကိုယ်တိုင်ကို ဖျက်ဆီးခြင်းနှင့် မိမိအဖွဲ့အစည်း၏ အကျိုးစီးပွားကို ဖျက်ဆီးခြင်းဆီသို့ ဦးတည်သွားခြင်း ဖြစ်သည်။ အတ္တလွှမ်းမိုးသော မန်နေဂျာများသည် ယခင်က အလုပ်မဖြစ်ခဲ့သည့် စိတ်ကူးများကို အသုံးပြုခြင်း၊ အခြားသူများ၏ အကြံပြုချက်များကို ငြင်းဆိုခြင်း၊ မိမိတို့ မကြိုက်သူများ ပါဝင်မှုကို လျစ်လျူရှုခြင်းနှင့် မှားမည်စိုးသောကြောင့် ဘာမျှမလုပ်ဘဲနေခြင်းတို့ ပြုလုပ်လေ့ရှိသည်။ စုပေါင်းလုပ်ဆောင်ရသည့် လုပ်ငန်းဝန်းကျင်များသာ  များပြား၍လာနေ သော ယနေ့ခေတ်တွင် အတ္တမာနသည် အဆိုးရွားဆုံးအားနည်းချက် ဖြစ်လာသည်။ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ရယူနိုင်ရန်အတွက် ပူးပေါင်းလုပ်ဆောင်မှုနှင့် အခြားသူတို့၏ အစွမ်းအစများကို ရယူမှုတို့ လိုအပ်သည်သာဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်မိမိ နှိမ့်ချမှုကို ကျင့်သုံးခြင်း၊ ရိုးသားစွာ တုံ့ပြန်မှုများအတွက် လမ်းဖွင့်ထားခြင်းနှင့် အခြားသူများထံမှ အဆက်မပြတ် လေ့လာသင်ယူခြင်းတို့အားဖြင့် မိမိတို့၏ မသိနိုင်မှုများကို လျော့နည်းလာသည်ထက် လျော့နည်းအောင် ပြုလုပ်ပြီး ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏တန်ဖိုးကို  မြှင့်တင်ရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာအာဘေ်ာ)

Most Read

Most Recent