စီးပွားရေးဖွံ့ဖြိုးမှု၏ အရေးပါသော အကြောင်းခြောက်ရပ်

စီးပွားရေးဖွံ့ဖြိုးမှု၏ အရေးပါသော အကြောင်းခြောက်ရပ်
Published 8 January 2019

စီးပွားရေးဖွံ့ဖြိုးမှုသည် လုပ်ခမြင့်မားသည့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးခြင်း၊ ဘဝအရည်အသွေး တိုးတက်ရေး၌ အထောက်အကူပြုခြင်းတို့ဖြင့် စီးပွားရေးစနစ်အတွင်း စီးပွားရေးကြီးထွားမှုဖြစ်ပေါ်အောင် မောင်းနှင်ပေးသည့် အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့များက ဒေသတစ်ခုအတွက် တည်ရှိနေသည့်လုပ်ငန်းများကို တည်တံ့အောင် ထိန်းသိမ်းပေးခြင်းနှင့် လုပ်ငန်းများ ချဲ့ထွင်အောင်နှင့် လုပ်ငန်းအသစ်များ ထူထောင်အောင် ဆွဲဆောင်ခြင်းတို့ ပြုလုပ်ရသည်။ စီးပွားရေးဖွံ့ဖြိုးအောင် ပြုလုပ်သူများ၏ အလုပ်သည် မြင်သာထင်သာ မရှိတတ်သော်လည်း အောင်မြင်သည့် စီးပွားရေးတစ်ရပ်နှင့် လူ့အသိုင်းအဝိုင်းတစ်ရပ်အတွက် ဒေသတစ်ခုအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ထိန်းသိမ်းခြင်းနှင့် ဖန်တီးခြင်းတို့ လုပ်ဆောင်ပေးခြင်းက အရေးပါသည်။ မည်သည့်ဒေသ၏ စီးပွားရေးမဆို၌ စီးပွားရေးဖွံ့ဖြိုးမှုသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ အဘယ်ကြောင့် ပါဝင်သနည်းဟူသည်အတွက် အဓိကအကြောင်းခြောက်ရပ် ရှိသည်။

(၁) အလုပ်အကိုင်ဖန်တီးခြင်း - စီးပွားရေးဖွံ့ဖြိုးအောင် ပြုလုပ်သူများသည် စီးပွားရေး တစ်ရပ်အတွင်း အလုပ်အကိုင်များကို ဖန်တီးပေးသည့် ကုမ္ပဏီများအား အရေးပါသည့် ထောက်ကူမှုများနှင့် အချက်အလက်များ ပေးကြသည်။ ၎င်းတို့သည် စျေးကွက်အတွင်းသို့ အသစ်ဝင်ရောက်လာသည့် ကုမ္ပဏီများနှင့် တည်ရှိဆဲကုမ္ပဏီများကို ၎င်းတို့ လုပ်ငန်း ချဲ့ထွင်ရန် လိုအပ်သော ရင်းမြစ်များ၊ မိတ်ဖက်များနှင့် ချိတ်ဆက်ပေးရန် ကူညီလေ့ရှိသည်။

(၂) လုပ်ငန်းကွဲပြားခြားနားစွာ တည်ရှိမှု - စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကအစိတ်အပိုင်းတစ်ရပ်မှာ ဒေသတစ်ခုအနေဖြင့် တစ်ခုတည်းသောလုပ်ငန်းသာ ထွန်းကားသည့် နေရာဖြစ်နေခြင်းကို လျှော့ချရန် လုပ်ငန်းအမျိုးမျိုး ကွဲပြားခြားနားစွာ တည်ရှိမှုကို ဖြစ်ထွန်းစေခြင်း ဖြစ်သည်။

(၃) လုပ်ငန်းများကို ထိန်းသိမ်းခြင်းနှင့် ချဲ့ထွင်ခြင်း - အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားသည့် ကုမ္ပဏီများကို ဆက်လက်တည်တံ့အောင် ထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ထွန်းအောင် ၎င်းကုမ္ပဏီများ လုပ်ငန်းချဲ့ထွင်မှုကိုလည်း အားပေးရမည် ဖြစ်သည်။

(၄) စီးပွားရေးဆိုင်ရာခံတပ် - စီးပွားရေးဖွံ့ဖြိုးမှုသည် ဒေသတစ်ခုအတွင်း အဓိက အလုပ်အကိုင်ပေးနိုင်သည့် လုပ်ငန်းရှင်များကို ဆွဲဆောင်ခြင်းနှင့် ရှိပြီးသားလုပ်ငန်းများ ထပ်မံချဲ့ထွင်လိုလာအောင် ပြုလုပ်ခြင်းတို့ဖြင့် ဒေသ၏ စီးပွားရေး အကျဘက်သို့ ရောက် မသွားအောင် ကာကွယ်ပေးသည်။

(၅) အခွန်ငွေ တိုးတက်လာခြင်း - ဒေသတစ်ခုအတွင်း၌ ကုမ္ပဏီများ တိုးပွားလာခြင်းသည် ယင်းဒေသရှိ လူများအတွက် စီမံကိန်းများနှင့် ဒေသ၏ အခြေခံအဆောက်အအုံများအတွက် အခွန်ငွေတိုးတက်ရရှိလာသည့် သဘောဆောင်သည်။

(၆) ဘဝအရည်အသွေး တိုးတက်လာခြင်း - ပိုမိုကောင်းမွန်သည့် အခြေခံအဆောက်အအုံနှင့် ပိုမိုလာသည့် အလုပ်အကိုင်အခွင့်အလမ်းများသည် ဒေသ၏ စီးပွားရေးကို တိုးတက်စေပြီး ဒေသခံများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးသည်။

မည်သို့ပင်ဆိုစေကာမူ ဒေသတစ်ခုအား စီးပွားရေးဖွံ့ဖြိုးအောင် ပြုလုပ်ရမည့်သူများ အနေဖြင့် သက်ဆိုင်ရာဒေသအတွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးရန်အတွက် တည်ရှိဆဲကုမ္ပဏီများ တည်တံ့ရေး၊ ယင်းကုမ္ပဏီများ လုပ်ငန်းချဲ့ထွင်ရေး၊ ကုမ္ပဏီအသစ်များ လာရောက်ရင်းနှီးမြှုပ်နှံအောင် ဆွဲဆောင်ရေးတို့ ပြုလုပ်ရန် လိုအပ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီ ၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent