လာလီဂါ ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်

လာလီဂါ ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်
Published 6 January 2019

 

အီဘာ နှင့် ဗီလာရီးယဲလ် (တနင်္ဂနွေ ည ၅:၃၀ နာရီ)

၂၀၁၈ အကုန်မှာ တန်းဆင်းဇုန်ထဲရောက်သွားခဲ့တဲ့ ဗီလာရီးယဲလ် ဘယ်လောက်အထိ ပြန်နိုးထပြနိုင်မလဲ စောင့်ကြည့်ရတော့မယ်။ ဒီပွဲမတိုင်မီ ရီးယဲလ်မက်ဒရစ်နဲ့လည်း ကစားထားရသေးတဲ့အပြင် အခုပွဲကလည်း ကစားရခက်တဲ့ အီဘာကို အဝေးကွင်း ထပ်ရင်ဆိုင်ရမှာဆိုတော့ ဗီလာရီးယဲလ်ကို သိပ်မျှော်လင့်မထားရဲဘူး။ ဂိုးနည်းသရေပွဲလို့ပဲ ထင်မိတယ်။

ဆီဗီလာ နှင့် အက်သလက်တီကို (တနင်္ဂနွေ ည ၉:၄၅ နာရီ)

ဒီပွဲက အဆင့် (၂)နေရာလုမယ့်ပွဲမျိုးပါပဲ။ လက်ရှိ အက်သလက်တီကိုက (၂)မှတ်အသာနဲ့ အဆင့် (၂)နေရာမှာ ရှိနေပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် အခက်တွေ့နေတာ။ တိုက်စစ်ပိုင်းဂိုးသွင်းနှုန်း ပုံမှန်မရသေးတာနဲ့ အဝေးကွင်းမှာ ခံစစ်က ဂိုးတွေ ပုံမှန်ပေးနေရသလိုပါ တွေ့နေရတာတွေကြောင့် ဆီဗီလာကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ရမှာ သေချာနေတယ်။ ဆီဗီလာကလည်း အဝေးကွင်းမှာ သရေပွဲတွေဆက်ခဲ့လို့ အမှတ်တွေလျော့သွားပေမယ့် အိမ်ကွင်းမှာတော့ နိုင်ပွဲတွေဆက်အောင် ကစားပြနေတယ်။ ပြိုင်ပွဲစုံအိမ်ကွင်းနောက်ဆုံး (၄) ပွဲမှာဆိုရင် နိုင်ပွဲတွေဆက်ခဲ့သလို၊ ပေးဂိုးလည်း တစ်ဂိုးမှမရှိအောင် ကစားပြ ထားတယ်။ အိ်မ်ကွင်းမှာ ဆီဗီလာတိုက်စစ်ကလည်း ဂိုးရဖို့သိပ်မပူရလို့ အဝေးကွင်းပေးဂိုးတွေဆက်နေတဲ့ အက်သလက်တီကိုအတွက် ဒီပွဲလည်း ဆီဗီလာတိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ မလွယ်လောက်ပါဘူး။ နောက်ပြီး အိမ်ကွင်းခံစစ်ကစားပုံ ငြိမ်နေတဲ့ ဆီဗီလာကြောင့် အဝေးကွင်းဂိုးရဖို့ ခက်တတ်တဲ့ အက်သလက်တီကိုတိုက်စစ်က ဂိုးရဖို့လည်း ရုန်းကန်ရဦးမယ်ပုံပါပဲ။ ဒါကြောင့် လက်ရှိအနေအထားမှာတော့ အက်သလက်တီကို နှစ်သစ်အဖွင့်လှဖို့ မလွယ်လောက်ပါဘူး။ ဆီဗီလာနဲ့ ဂိုးအနည်းပဲကောင်းမယ်။

ရီးယဲလ်မက်ဒရစ် နှင့် ဆိုစီဒက် (တနင်္ဂနွေ ည ၁၂ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ နည်းပြသစ်ဆိုလာရီနဲ့ ၂၀၁၈ ကိုဆုဖလားတစ်လုံးယူပြီး အဆုံးသတ်ပြနိုင်ခဲ့တယ်။ ဆိုလာရီနဲ့ ရီးယဲလ်နှစ်သစ်မှာရော ဘယ်လောက်အထိ ဆက်လျှောက်ပြနိုင်ကြဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဇီဒန်းနဲ့ ရော်နယ်လ်ဒို ခေတ်တုန်းကတော့ ရီးယဲလ်ဟာ ဒုတိယရာသီဝက်တွေမှာ ပိုခြေစွမ်းပြတတ်တယ်။ ဒါကို ဆိုလာရီ ဆက်ထိန်းပြသွားဦးမှာလား။ ဒီပွဲမတိုင်မီ ဗီလာရီးယဲလ်နဲ့ ပွဲစဉ် (၁၇) ပွဲကျန်ကစားထားရလို့ ရီးယဲလ်ကတော့ (၄)ရက်အတွင်း (၂)ပွဲကစားရဖို့ရှိနေတယ်။ ဆိုစီဒက်ကလည်း ၂၀၁၈ အကုန်မှာ အဆင့် (၁၅)အထိ ရောက်နေလို့ ၂၀၁၉ မှာ ပြန်ရုန်းထပြရမယ့်အခြေအနေမျိုး ဖြစ်နေတယ်။ ဒီရာသီ ဆိုစီဒက်ရဲ့ခြေစွမ်းအတက်အကျမမှန်ပေမယ့်လည်း အဝေးကွင်းစွမ်းဆောင်ရည်တော့ သိပ်မဆိုးလှဘဲ အဝေးကွင်းစွမ်း ဆောင်ရည်အဆင့် (၃)မှာ ရှိနေတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေများခဲ့လို့ နှစ်ကုန်ခါနီးမှာ ရုန်းကန်ခဲ့ရတယ်။ စဉ်းစားရမှာက ရီးယဲလ်က ဗီလာရီးယဲလ်နဲ့ အဝေးကွင်းပွဲစဉ် နွှဲထားရသလို၊ ဆိုစီဒက်ကလည်း အဝေးကွင်းမှာ ခံစစ်ကစားပြီး အမှတ်ရှာနေတဲ့ ပုံမျိုးဆိုတော့ ရီးယဲလ် အနိုင်ပြတ်သားပါ့မလား စဉ်းစားစရာပါပဲ။ ရီးယဲလ်နဲ့ ဂိုးအနည်းလို့ပဲ မှန်းထားချင်မိတယ်။

ဂီတာဖေး နှင့် ဘာစီလိုနာ (တနင်္လာနံနက် ၂:၁၅ နာရီ)

နှစ်ကုန်ခါနီး တောက်လျှောက်ခြေတွေ့နေတဲ့ ဂီတာဖေးရဲ့ ကစားပုံနဲ့ အိမ်ရှင်အားကြောင့် ဘာစီလိုနာသတိထားရမယ့်ပွဲပါပဲ။ ပြီးခဲ့တဲ့ရာသီကလည်း ဂီတာဖေးဟာ နူးကမ့်မှာ ဘာစီလိုနာကို ဂိုးမပေးရအောင်ကစားပြီး သရေခံကစားပြထားတယ်။ အခုလည်း ဂီတာဖေးကစားပုံက အိမ်ကွင်းမှာ ဘာစီလိုနာကိုအခက်တွေ့စေဦးမှာပါ။ ဂိုးနည်းနည်းနဲ့ပဲ ဘာစီလိုနာ နိုင်လောက်တယ်။

Most Read

Most Recent