တရုတ်နယ်စပ်လမ်းပိတ်မှုနှင့် သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ကုန်သည်များ စပါးဝယ်ယူသိုလှောင်မှုမရှိဟုဆို
တရုတ်နယ်စပ်လမ်းပိတ်မှုနှင့် သယ်ယူ စရိတ်ကြီးမြင့်မှုကြောင့် စစ်ကိုင်းတိုင်းအထက် ပိုင်းနှင့် ကချင်ပြည်နယ်တွင် ကုန်သည်များ စပါးမဝယ်ဖြစ်ကြောင်း ဒေသခံတောင်သူများ နှင့် ဆန်ကုန်သည်များက ပြောကြားသည်။
ကသာခရိုင်ရှိ မြို့နယ်များတွင် စပါးစျေး မှာ တစ်သောင်းဝန်းကျင်သာ ပေါက်စျေးရှိပြီး စိုက်ပျိုးထုတ်လုပ်မှုစရိတ်မှာ ပုံမှန်နှစ်များထက် သုံးဆခန့် ပိုသွားကြောင်း မဲဇာမြစ်ရိုးမှ တောင် သူများက ဆိုသည်။
“မိုးက ပုံမှန်မရွာတော့ ရေတင်ရတယ်။ဆီက တစ်ပီပါ ၁၇ သိန်း စျေးပေါက်တယ်။နှစ်ဧကပဲ တင်နိုင်မယ်။ စိုက်စရိတ်က တစ်သိန်း ခွဲ၊ အခု ရိတ်စရိတ်က တစ်သိန်းခွဲ ဝန်းကျင်၊ ကျန်တာ ထွန်တာ၊ ထယ်တာ စက်နဲ့လုပ်ရင် အကြွေးပါတင်ဦးမှာ”ဟု မဲဇာမြစ်ရိုးမှ တောင် သူတစ်ဦးက ပြောကြားသည်။
အင်းတော်မြို့မှ ဆန်ကုန်သည်တစ်ဦးက လည်း “မန္တလေးကို ပို့ခက ငါးထောင်ဝန်းကျင် ကနေ တစ်သောင်းခွဲဖြစ်သွားတယ်။ တရုတ် လမ်းပိတ်တော့ ဟိုမှာလည်း ဆန်တွေပုံနေတာ။ တစ်အိတ်မှ ရှစ်သောင်းဝန်းကျင်ပဲရှိတယ်။ဘယ်လိုတွက်တွက် မကိုက်ဘူး။ သိုလှောင်မယ် ဆိုတော့လည်း ပစ်ခတ်မှုတွေက အချိန်မရွေး ဖြစ်နိုင်တယ်။ မလှောင်ရဲကြဘူး” ဟု ဆိုသည်။
ကသာခရိုင်တွင် ၂၀၁၉ ခုနှစ်အတွင်း လယ်စိုက်ဧက သုံးသိန်းခြောက်သောင်းကျော် ရှိပြီး အများစုမှာ မိုးရေခံလယ်များဖြစ်သည်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်မူ လယ်စိုက်ဧက တစ်သိန်းသုံးသောင်းကျော်ရှိ ပြီး လယ်စိုက်ဧက ရှစ်သောင်းနီးပါးရှိသည့် အင်းတော်ကြီးဒေသတွင် ဒေသတွင်း မတည် ငြိမ်ခြင်း၊ ရွှေ့ပြောင်းလုပ်သားမရှိခြင်း၊ ဒေသ တွင်း လုပ်သားရှားပါးခြင်း၊ ရိတ်ခြွေစက်များ မလာနိုင်ခြင်းတို့ကြောင့် စပါးများမှည့်နေသော် လည်း မရိတ်သိမ်းနိုင်သေးကြောင်း တောင်သူ များက ပြောကြားသည်။
“လေးငါးဧက လုပ်တဲ့သူတွေက ကိုယ့် လယ်ကိုယ်ရိတ်ပေါ့။ ကျယ်တဲ့သူတွေ ပစ်ထား တုန်း။ ရာသီဖောက်လို့ မိုးကြီးလာရင်တော့ ရှုံးကြဦးမှာ။ စပါးက သိမ်းနိုင်ရင်လည်း အရင်း ပဲရမှာ။ လုပ်အားရှုံးပေါ့။ ဝယ်စားရတာတော့ ခရမ်းချဉ်သီးတစ်လုံး တစ်ထောင်ဗျ။ ကြက် သွန်ဖြူက နှစ်သောင်းခွဲစျေး။ ဒေသခံတွေ တအားကျပ်တည်းနေကြတာ။ လူငယ်တွေလည်း ထွက်ကုန်ပြီ”ဟု တောင်သူတစ်ဦးက ဆိုသည်။
ကချင်ပြည်နယ်တွင် စိုက်ပျိုးမြေဧက ပေါင်း ခုနစ်သိန်းခြောက်သောင်းကျော်ရှိပြီး အများဆုံးမှာ လယ်စိုက်ဧကဖြစ်ကာ စိုက်ဧက သုံးသိန်းရှစ်သောင်းကျော်ရှိသည်။
ထွန်းလင်းအောင် (မြစ်ကြီးနား)