ထားဝယ်ရိုးရာသပိတ်မျှောပွဲ ပြုလုပ်မည့် သဲကွင်းနေရာအနီးတွင် နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

ထားဝယ်ရိုးရာသပိတ်မျှောပွဲ ပြုလုပ်မည့် သဲကွင်းနေရာအနီးတွင် နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား
Published 15 October 2024

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်ရိုးရာသပိတ်မျှောပွဲ ကျင်းပပြုလုပ်မည့် သဲကွင်းနေရာအနီးတွင် အောက်တိုဘာလ ၁၄ ရက် နှင့် ယနေ့ အောက်တိုဘာလ ၁၅ ရက် နှစ်ရက်ဆက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များနှင့် ဒေသတွင်း သတင်းအရင်းအမြစ်များ၏ သတင်းဖေါ်ပြချက်များအရ သိရသည်။

အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီခန့်က အဆိုပါ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ကမ်းနားဈေး အနောက်ဘက်ခြမ်းတွင် ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပေါက်ကွဲမှုဖြစ်တဲ့နေရာက ဈေးအနောက်ပိုင်း ကားတွေ၊ ဆိုင်ကယ်တွေထားတဲ့ နေရာအနီးမှာဖြစ်ပွားတာပါ။ လူထိခိုက်မှုတော့မရှိဘူး”ဟု ပြောကြားသည်။

ထိုပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကမ်းနားဈေးရှိ ဈေးဆိုင်များ ဆိုင်များပိတ်သိမ်းကာ ပြန်သွားကြရကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာအနီး သဲတွင်းတွင် ထားဝယ်ရိုးရာသပိတ်မျှောပွဲ အခမ်းအနားကျင်းပပြုလုပ်ရန် ပြင်ဆင်နေကြောင်း ၎င်းမြို့ခံဆိုသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက်ပိုင်းအချိန်ကလည်း ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပပြုလုပ်မည့် သဲကွင်းအနီးတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထားဝယ်မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်တွင် အဆိုပါ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ သဲကွင်းနေရာအနီးတွင် ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းနှင့် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ကြားသိရကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “နောက်ထပ် မိနစ် (၂၀) လောက်အကြာမှာတော့ နောက်ထပ်တစ်ကြိမ် ပေါက်ကွဲသံထပ်ကြားရပါတယ်။ ထိခိုက်မှုအခြေအနေတော့ ထပ်မသိရသေးဘူး” ဟု ပြောကြားသည်။

ထိုသို့ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထားဝယ်မြို့၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ထားဝယ်မြို့အဝင်အထွက်နေရာများ၌ လုံခြုံရေးတင်ကြပ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား အများအပြားဖြင့် စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။

ယင်းဖြစ်စဉ်ကြောင့်လည်း ထားဝယ်မြို့၊ ကမ်းနားဈေးမှ ဈေးဆိုင်များလည်း ယနေ့တွင် ထပ်မံပိတ်သိမ်းခဲ့ရကြောင်း ဈေးသမားများထံမှ သိရသည်။

“မနေ့ကလည်း ကမ်းနားဈေးအနောက်ဘက်ခြမ်းမှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ ဈေးဆိုင်ပိတ်ပြီး အိမ်ပြန်ခဲ့ရတယ်။ ဒီနေ့မှာလည်း ပေါက်ကွဲမှု နှစ်ကြိမ်ထပ်ဖြစ်လို့ ဆိုင်ပိတ်ရပြန်ပြီး” ဟု ဈေးသမားတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့၊ မနက်ပိုင်းကလည်း ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပပြုလုပ်မည့် သဲကွင်းရှိ ဖျော်ဖြေရေးမဏ္ဍပ်အနီးတွင် ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည့်အပြင်၊ (၂၀၂၂) ခုနှစ် ကလည်း ထားဝယ်ရိုးရာသပိတ်မျှောပွဲမကျင်းပခင် တစ်ရက်အလိုတွင် ယင်းနေရာ၌ပင် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ (Guerrilla Dawei) က မိုင်ထောက်ဖောက်ခွဲခဲ့ဖူးကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent