သံလွင်တံတား(မော်လမြိုင်) လုံခြုံရေးဂိတ်တွင် လက်နက်နှင့် ကျည်ဆန်များ ဖမ်းမိ

သံလွင်တံတား(မော်လမြိုင်) လုံခြုံရေးဂိတ်တွင် လက်နက်နှင့် ကျည်ဆန်များ ဖမ်းမိ
Published 2 November 2024

သံလွင်တံတား(မော်လမြိုင်) မော်လမြိုင်ဘက်ခြမ်း လုံခြုံရေးဂိတ်အနီးတွင်  နိုဝင်ဘာ ၁ ရက် က Pajero ယာဉ်တစ်စီးပေါ်မှ လက်နက်နှင့် ကျည်ဆန်များ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁  ရက်‌  ၊ နေ့လယ် ၁ နာရီ ၅၀ မိနစ် ခန့် က  မော်လမြိုင်မြို့မှ တဆင့် ရန်ကုန်မြို့ဘက်သို့ အသက် (၃၅) နှစ်အရွယ် ယာဉ်မောင်း သူရဇော် (ခ) အောင်ကြီး မောင်းနှင်သည့် Pajero အပြာရောင်ယာဉ် အား သံလွင်တံတား (မော်လမြိုင်) မော်လမြိုင်ဘက်ခြမ်းရှိ လုံခြုံရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့သို့ စစ်ဆေးစဉ် ယာဉ်ပေါ်မှ AK - 47 (၇) လက်၊ MA-1 (၁) လက်၊ AK ကျည်ဘောက်  (၇) ခု၊ MA-1 ဖိုက်ဘာ ကျည်ဘောက် (၃) ခု၊  ၅.၅၆ ကျည် (၈၈၀) တောင့်၊ ပွိုင့် - ၃၈ ကျည် (၂၄) တောင့်ပွိုင့် ၉ - မမ ကျည် (၇၀) တောင့် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီ "လက်နက်နဲ့ ကျည်ဆံတွေ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သူရဇော် (ခ) အောင်ကြီး ကို စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြိုမရဲစခန်းတွင် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၃) ရက်နေ့ ညပိုင်းကလည်း  ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရန်ကုန် - မော်လမြိုင် ကားလမ်းမပေါ်ရှိ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော “ရာဇာအောင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်လိုက်ပါလာသည့် ခရီးသည်အမျိုးသားတစ်ဦးထံမှ လက်နက်နှင့်ကျည်ဆုံများဖမ်းဆီးရမိခဲ့သေးကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ (၂၈) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်ခန့်က အဆိုပါ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော “သိင်္ဂီအောင် ခရီးသည်တင်မှန်လုံယာဉ်ငယ်ပေါ်တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား X-ray စက်ဖြင့် စစ်ဆေးစဉ် ယာဉ်ပေါ်တွင် လက်နက်နှင့် ကျည်ဆံများအား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။