မြဝတီမြို့တွင် သီတင်းကျွတ်လပြည့်ည ဗျောက်အိုးဖောက်ကြရာမှ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွား

မြဝတီမြို့တွင် သီတင်းကျွတ်လပြည့်ည ဗျောက်အိုးဖောက်ကြရာမှ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွား
■Photo-ဘီဝမ်း
■Photo-ဘီဝမ်း
Published 18 October 2024

မြဝတီ မြို့တွင် သီတင်းကျွတ်လပြည့်ည ဗျောက်အိုးဖောက်ကြရာမှ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အမှတ်(၅)ရပ်ကွက်နေ ကလေးငယ်တစ်ဦးမှာ ယမ်းအားပြင်းသည့်ဘော်လုံးဗျောက်အိုးအား သာမာန်ဗျောက်အိုးထင်၍ မီးခိုးထွက်နေသည်ကို ငုံ့ကြည့်စဉ်ဗျောက်အိုးကွဲသွားကာ မျက်နှာကို ပြင်းထန်စွာထိခိုက်သဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ကလေးငယ်၏မိဘများမှာ တန်းလျားအခန်းငှားနေထိုင်းသူများဖြစ်ကာ လက်လုပ်လက်စား အလုပ်သမားများဖြစ်၍ ကလေးငယ်၏ ဆေးဖိုးဝါးခအတွက် အခက်အခဲဖြစ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါကလေးငယ်မှာ မျက်လုံးထိခိုက်သွားခြင်းဖြစ်၍ Z.Rescue လူမှုကယ်ဆယ်ရေးအသင်းမှ ထိုင်းနိုင်ငံမဲဆောက်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း Z.Rescue တာဝန်ခံကိုဇော်က ပြောကြားသည်။

ထို့နည်းတူ အမှတ် ၄ ရပ်ကွက် မေတ္တာလမ်းမှ ကလေးငယ်တစ်ဦးမှာလည်း လက်တွင်ဗျောက်အိုးကိုင်ထားစဉ် ဗျောက်အိုးပေါက်ကွဲသွား၍ လက်ချောင်းများထိခိုက်သွားပြီး မြဝတီပြည်သူ့ဆေးရုံတွင်ကုသမှုခံယူနေရကြောင်း သိရသည်။