■ ဇင်းကျိုက်မြို့တွင် ပျောက်ဆုံးနေသည့် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား ထိုးသွင်းဒဏ်ရာအချို့နှင့် သေဆုံးလျက်ပြန်တွေ့

■ ဇင်းကျိုက်မြို့တွင် ပျောက်ဆုံးနေသည့် ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား ထိုးသွင်းဒဏ်ရာအချို့နှင့် သေဆုံးလျက်ပြန်တွေ့
Published 11 October 2024

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက် ကတည်းက ပျောက်ဆုံးနေသည်ဆိုသော မိန်းကလေးငယ်အား အောက်တိုဘာလ ၁၀ ရက်က အသက်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါ ပျောက်ဆုံးနေသည်ဆိုသော မိန်းကလေးငယ်မှာ ဇင်းကျိုက်မြို့၊ ဇင်းကျိုက်ရပ်ကွက်နေ အသက် (၁၄) နှစ်အရွယ်ခန့်ကရှိ မငယ်ငယ်လေး ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရေတံခွန်သို့သွားမည်ဟုဆိုကာ နေအိမ်မှထွက်သွားခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသည့် အတွက်ကြောင့် အုပ်ထိန်းသူမှ ဇင်းကျိုက်နယ်မြေရဲစခန်းတွင် လူပျောက်မှုတိုက်ချက်ဖွင့်ထားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မငယ်ငယ်ထွေးရဲ့ ရုပ်အလောင်းကို မနေ့ အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းက ဇင်းကျိုက်မြို့၊ ပန်းကုန်းကျေးရွာ၊ စိတ္တသုခလမ်းအောက်ပိုင်း တောစပ် ဝါးရုံတောအနီးမှာ ပြန်လည်တွေ့ရှိခဲ့ရတာပါ။ ရုပ်အလောင်းမှာကတော့ ပုပ်ပွနေပါပြီး။ ရုပ်အလောင်းမှာ ဝမ်းဗိုက်မှာထိုးသွင်းဒဏ်ရာတစ်ချက်တွေ့ရတယ်။ နောက်ပြီး ခန္ဓာကိုယ်မှာ အဝတ်အစားတွေကျွတ်နေတာမျိုးတွေ့ရတယ်။ နားကပ်လည်းချွတ်ယူသွားခြင်းခံထားရတယ်။  ရုပ်အလောင်းကိုတော့ ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ သက်ဆိုင်ရာက စစ်ဆေးမှုတွေလုပ်ဆောင်ပြီးနောက် မနေ့ညနေပိုင်းမှာဘဲ ဇင်းကျိုက်သုဿာန်မှ မီးသင်္ဂြိုဟ်ခဲ့ပါတယ် ဟု ပြောကြားသည်။

သေဆုံးသူ မငယ်ငယ်လေးမှာ ဇင်းကျိုက်မြို့၊ပန်းကုန်းကျေးရွာရှိ ရွှေဒင်္ဂါးမူလတန်းလွန်ကျောင်းတွင် Grade – 4 အတန်း၌ ပညာသင်ကြားခဲ့ပြီး လွန်ခဲ့သည့် နှစ်လခန့်ကတည်းက ကျောင်းတက်ခြင်းမရှိတော့ကြောင်းနှင့် ၎င်း၏မိဘများမှ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး၊ အဖိုးနှင့်အဖွားဖြစ်သူတို့နှင့်အတူ နေထိုင်နေသူတစ်ဦးဖြစ်ကြောင်း ၎င်းဒေသခံက ဆိုသည်။

မိန်းကလေးငယ်များအနေဖြင့် လူသူဝေးလံသည့်နေရာများသို့ ယုံကြည်မှုဖြင့် လိုက်ပါသွားခြင်းများသည် လွန်စွာမှ အန္တရာယ်ကြီးမားကြောင်းကို ယခုအဖြစ်အပျက်က သတိပေးလိုက်သကဲ့သို့ဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။

ထို မငယ်ငယ်လေး ဆိုသူမိန်းကလေးငယ်အသတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး မငယ်ငယ်လေးအား ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားသည်ဆိုသော လူငယ်တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားပြီး၊စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မငယ်ငယ်ထွေး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သူ့ကို ဆိုင်ကယ်နဲ့ ခေါ်ဆောင်သွားတဲ့ ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ်ကွက်၊ ဘူတာလမ်းမှာနေထိုင်တဲ့ အသက် (၁၇) နှစ်အရွယ် ထွန်းထွန်းဝင်းဆိုသူကို ဖမ်းဆီးရမိထားပြီးတော့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ် ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထွန်းထွန်းဝင်း ဆိုသူအား စစ်ဆေးရာ၌ မငယ်ငယ်လေးတွင် ကိုယ်ဝန်ရှိနေသည့်အတွက် အတည်ယူခိုင်းသည့်အတွက်ကြောင့် ထွန်းထွန်းဝင်း ဆိုသူမှ အသင့်ပါလာသည့် ဓါးဖြင့်ထိုးသတ်ခဲ့ပြီး ဓါးနှင့် မငယ်ငယ်လေး ဝတ်ဆင်ခဲ့သည့်၏ ထဘီတို့အား ဆိုင်ကယ်ဘောက်စ်အတွင်းထည့်ကာ အမှိုက်ပုံတစ်ခုတွင် စွန့်ပစ်ခဲ့ကြောင်းနှင့် မငယ်ငယ်လေး ၏နားတွင် ပန်ထားသည့် နားကပ်ကိုလည်း ဖြုတ်ယူခဲ့သည်ဟု ထွက်ဆိုချက်ပေးထားသည်ဟု သိရကြောင်း ၎င်းကဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇင်းကျိုက်နယ်မြေရဲစခန်းတွင် (ပ) ၇၁/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၀၂၊ အမှုကြီးအမှတ်စဉ် (၅/၂၀၂၄) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 ဘိုဘိုမြင့်