FA Cup တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FA Cup တတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 5 January 2019

ယနေ့တွင် FA ဖလား ပွဲစဉ်(၂၂)ပွဲ ရှိပါသည်။

မန်ယူ နှင့် ရက်ဒင်း (စနေည ရးဝ၀ နာရီ)

မန်ယူအသင်းက ပုံစံကောင်းတွေဆက်တိုက်ပြနေတဲ့အသင်းဖြစ်ပြီး ရက်ဒင်းကတော့ လိဂ်ချန်ပီယံရှစ်မှာတောင် တန်းဆင်းဇုန်ထဲ ရုန်းကန်နေရတဲ့အသင်းဖြစ်တယ်။ မန်ယူနောက်ခံလူဟောင်းတွေဖြစ်တဲ့ အိုရှေး၊ ဘလက်ကတ်တို့လိုကစားသမားတွေရှိနေတဲ့ ခံစစ်ပိုင်းက ရုန်းကန်နေရသလို၊ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာလည်း ဘာကူညာလောက်ပဲ အားကိုးရတယ်။ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့အသင်းမျိုးမဟုတ်တော့ဘဲ အဖက်ဖက်က အားနည်းနေတဲ့အသင်းကို မန်ယူက အိမ်ကွင်းမှာ ဂိုးတွေသွင်းဖို့ မခက်ဘူး။ မန်ယူအသင်းရဲ့ ကစားသမားစာရင်းက ဒီပွဲအတွက် လုံလောက်တဲ့အရန်အင်အားမျိုးကို ပိုင်ဆိုင်ထားပြီး ရှေ့၊ လယ်၊ နောက် နေရာစုံမှာ ခြေစွမ်းပြခွင့်ရဖို့ အားပြိုင်နေတဲ့ ကစားသမားတွေရှိတယ်။ တိုက်စစ်ပိုင်းမှာ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်တို့ ကစားသည်ဖြစ်စေ၊ ဆန်းချက်ဇ်၊ လူကာကူတို့ ကစားသည်ဖြစ်စေ ရက်ဒင်းခံစစ်ကို ကျော်ဖြတ်ဖို့ မခက်ခဲသလို၊ ကွင်းလယ်မှာလည်း ပေါ့ဘာ၊ မာတစ်တို့ မကစားနိုင်ရင်တောင် တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားဆဲပါ။ ဂိုးမြူးနေတဲ့ မန်ယူတိုက်စစ်ပိုင်းက ဒီပွဲမှာလည်း ဂိုးတွေသွင်းဖို့အတွက် ဖိအားမရှိဘူး။ လိဂ်ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ ရက်ဒင်းကို မန်ယူအိမ်ကွင်းမှာ ဂိုးမိုးရွာဦးမယ်ထင်တယ်။

ဝက်စ်ဘရွန်း နှင့် ဝီဂန် (စနေည ရးဝ၀ နာရီ)

နှစ်သင်းစလုံးက လိဂ်ချန်ပီယံရှစ်က အသင်းတွေဖြစ်ပြီး လက်ရှိအချိန်မှာ ဝက်စ်ဘရွန်းက ပုံစံကောင်းပြနေတယ်။ ပရီးမီးယားလိဂ်ပြန်တက်လာဖို့ မျှော်လင့်ချက်ရှိနေပြီး ဝီဂန်ကတော့ ရှုံးပွဲဆက်နေတာကြောင့် တန်းမဆင်းရဖို့တောင် ရုန်းကန်နေရတယ်။ ဆာကို၊ ရော့ဘ်ဆင်ကနူး၊ ဒွိုက်ဂေးလ်၊ လစ်ဗာမိုးတို့လို ကစားသမားတွေနဲ့ ဝက်စ်ဘရွန်းနိုုင်ပွဲသေချာတယ်။

ရှရူးဘူရီ နှင့် စတုတ်စီးတီး (စနေည ရးဝ၀ နာရီ)

ရှရူးဘူရီက League Two မှာ ရုန်းကန်နေရတဲံ့အသင်းလို့ ပြောလို့ရပြီး အဆင့် (၁၇)နေရာအထိ ရောက်နေတယ်။ ပရီးမီးယားလိဂ်နန်းကျအသင်းဖြစ်တဲ့ စတုတ်စီးတီးကလည်း ရလဒ်ပိုင်းတက်လာတာ မတွေ့ရသေးဘူး။ ဒါပေမဲ့ FA ဖလားပြိုင်ပွဲတွေမှာဆို စတုတ်စီးတီးက အတိုင်းအတာတစ်ခုအထိ ပုံစံကောင်း ပြလေ့ရှိတယ်။ စတုတ်စီးတီး ရလဒ်ကောင်းမယ်။

ဘုန်းမောက် နှင့် ဘရိုက်တန် (စနေည ရးဝ၀ နာရီ)

ပရီးမီးယားလိဂ်ရဲ့အလယ်အလတ်အသင်းကောင်းနှစ်သင်းဖြစ်တယ်။ အထက်အောက် ကပ်လျက်ရပ်တည်နေတဲ့အသင်းတွေဖြစ်ပြီး လက်ရှိရလဒ်ရော၊ ခြေစွမ်းပါသိပ်မကွာကြဘူး။ ဘုန်းမောက်က လူအင်အားသာသလို အိမ်ကွင်းဖြစ်နေတာက မျှော်လင့်ချက်ရှိပါတယ်။ ဘရိုက်တန်က ပြန်ကန်ပွဲကစားရဖို့ မျှော်လင့်ပြီးကစားမှာဖြစ်ပေမယ့် ဘုန်းမောက်ပဲကြိုက်တယ်။

ဝက်စ်ဟမ်း နှင့် ဘာမင်ဂမ် (စနေည ရးဝ၀ နာရီ)

ဝက်စ်ဟမ်းအသင်းရဲ့တိုက်စစ်ကစားပုံက တော်တော်လေးကောင်းပြီး ပရီးမီးယားလိဂ်အသင်းတွေရဲ့ခံစစ်ပိုင်းတွေကိုတောင် ဒုက္ခပေးလေ့ရှိတယ်။ ဘာမင်ဂမ်ကတော့ လိဂ်ချန်ပီယံရှစ်ကအသင်းပါ။ အိမ်ကွင်းရလဒ်မဆိုးပေမယ့် အဝေးကွင်း အားနည်းပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့တိုက်စစ်ပိုင်းက ဂိုးတွေသွင်းလိမ့်မယ်။

ဘန်လေ နှင့် ဘန်စလေ (စနေည ရးဝ၀ နာရီ)

ဘန်လေက ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်ထဲရောက်နေပြီး ဘန်စလေကတော့ League One မှာအခြေအနေကောင်းနေတဲ့အသင်းပါ။ ဒုတိယအဆင့်တုန်းက League One ကလပ် အသင်းတစ်သင်းပဲဖြစ်တဲ့ ဆောက်အန်းကို အဝေးကွင်းမှာ အနိုင်ယူပြီးတက်လာခဲ့ပေမယ့် ဘန်လေအသင်းရဲ့ ကွင်းမှာ တော့ ဘန်စလေ အခွင့်အရေးမရှိနိုင်ဘူး။

ဘရန့်ဖို့ဒ် နှင့် အောက်စဖို့ဒ် (စနေည ၉း၃၀ နာရီ)

ဘရန့်ဖိုဒ်က လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၁၈)နေရာမှာ ရောက်နေပြီး အောက်စ်ဖို့ဒ်က League One မှာ အဆင့် (၂၀)နေရာမှာ ရပ်တည်နေတယ်။ ရုန်းကန်နေရတာချင်းတူပေမယ့် လိဂ်အဆင့်အတန်းကွာသလို၊ နောက်ဆုံး (၄)ပွဲမှာ ဘရန့်ဖို့ဒ်က ရှုံးပွဲမရှိခဲ့ဘူး။ အောက်စဖို့ဒ်ရဲ့အဝေးကွင်းရလဒ်ကလည်း စိတ်ပျက်စရာဖြစ်နေလို့ ဘရန့်ဖို့ဒ်နောက်တစ်ဆင့်တက်မယ်။

ချယ်လ်ဆီး နှင့် နော်တင်ဟမ် (စနေည ၉း၃၀ နာရီ)

နော်တင်ဟမ်ဖောရက်စ်က လိဂ်ချန်ပီယံရှစ်မှာ အဆင့် (၇)နေရာမှာရပ်တည်နေပြီး ပရီးမီးယားလိဂ် ပြန်တက်ဖို့ မျှော်လင့်ချက်ရှိနေတဲ့အသင်းပါ။ ဂရက်ဘန်း၊ ဆူဒါနီတို့က နော်တင်ဟမ်တိုက်စစ်မှာ ခြေစွမ်းပြနေကြတယ်။ ချယ်လ်ဆီးကအိမ်ကွင်း မှာ လူငယ်ကစားသမားအများစုကိုပွဲထုတ်လာမှာဖြစ်ပြီး အနိုင် သေချာပေမယ့် ဂိုးတွေအများကြီးပြတ်ဖို့ခက်မယ်။

အက်စတွန်ဗီလာ နှင့် ဆွမ်ဆီး (စနေည ၉း၃၀ နာရီ)

လိဂ်ချန်ပီယံရှစ်မှာရပ်တည်မှုသိပ်မကွာကြသလို၊ ခြေစွမ်းလည်းမကွာပါဘူး။ ဗီလာမှာ ဂရီးလစ်ရှ်၊ ယဲလ်ဒီနက်၊ ဝှီလန်၊ ဘိုလာဆီတို့လို ကစားသမားကောင်းတွေရှိသလို၊ ဆွမ်ဆီးမှာလည်း နာဆင်း၊ ဘိုနီ၊ ရော့တ်လတ်၊ ဒိုင်ယာ၊ မွန်တဲရိုးတို့လို ပရီးမီးယားလိဂ်မှာခြေစွမ်းပြခဲ့သူတွေရှိတယ်။ သရေကျသွားနိုင်တဲ့ပွဲဖြစ်ပြီး နောက်တစ်ကျော့ပြန်ကစားရနိုင်တယ်။

ဂီလင်ဟမ် နှင့် ကာဒစ်ဖ် (စနေည ၉း၃၀ နာရီ)

League One မှာ ဇယားအောက်ခြေရောက်နေတဲ့ ဂီလင်ဟမ်အတွက် ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဖ်ကို ယှဉ်ကစားဖို့တော့ ခက်တယ်။ ဒါပေမဲ့ League One အဆင့်လောက်ဆိုရင် အိမ်ကွင်းမှာ ချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်အောက်အသင်းတွေကို ဒုက္ခပေးနိုင်လေ့ရှိပါတယ်။ ကာဒစ်ဖ်က ပိုကောင်းပေမယ့် သရေကျသွားရင် အံ့သြစရာမရှိဘူး။

အဲဗာတန် နှင့် လင်ကွန်းစီးတီး (စနေည ၉း၃၀ နာရီ)

လင်ကွန်းက ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားပေမယ့် League Two အသင်းတစ်သင်းပါ။ အဲဗာတန်က ရလဒ်တွေ ဆက်တိုက်ဆိုးနေပေမယ့် တောင့်တင်းတဲ့လူစာရင်းရှိပြီး လင်ကွန်းလိုအသင်းမျိုးကို  အနိုင်ယူဖို့ မခက်ဘူး။ အိမ်ကွင်းလည်း ဖြစ်နေလို့ အဲဗာတန်အရန်ကစားသမားတွေ သုံးလာရင်တောင် ဒီပွဲမှာ ဂိုးပြတ်နိုင်ဖို့များတယ်။

 

ဒါဘီ နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)

ဒါဘီက လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကိုတက်လာဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပြီး အခြေအနေကောင်းပါတယ်။ ဟတ်ဒယ်စတုန်း၊ အော်လ်ဆန်၊ ဝစ်ဒမ်းတို့လို ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပြီး မနှစ်ကလိဂ်ဖလားမှာ ခြေစွမ်းပြခဲ့တာကို သတိပြုရမယ်။ ဒါဘီကို ကြိုက်တယ်။

နယူးကာဆယ် နှင့် ဘလက်ဘန်း (စနေည ၁၂းဝ၀ နာရီ)

ဘလက်ဘန်းက လိဂ်ချန်ပီယံရှစ် နောက်ဆုံး (၁၀)ပွဲမှာ နှစ်ပွဲပဲအနိုင်ရခဲ့တဲ့အသင်းဖြစ်ပြီး ဇယားအလယ်မှာ ရပ်တည်နေတယ်။ နယူးကာဆယ်က ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပြီး အိမ်ကွင်းရလဒ်လည်း ကောင်းပါတယ်။ နယူးကာဆယ်ကို ကြိုက်တယ်။

ခရစ္စတယ်ပဲလေ့စ် နှင့် ဂရင်းစဘီ (စနေည ၁၂းဝ၀ နာရီ)

ဂရင်းစဘီအသင်းက မန်းစ်ဖီးလ်ကိုမရှုံးခင်အထိ ရလဒ်တွေ ဆက်တိုက်ကောင်းနေတဲ့အသင်းဖြစ်ပြီး League Two ရဲ့ တန်းဆင်းဇုန်နားက ရုန်းထွက်လာတဲ့အသင်းပါ။ ပဲလေ့စ်အသင်း ရဲ့ကွင်းမှာ ရလဒ်ကောင်းယူဖို့ မျှော်လင့်ချက်မရှိပါဘူး။ ပဲလေ့စ် ဂိုးပြတ်သွင်းလိမ့်မယ်။

ဘရစ္စတိုးလ်စီးတီး နှင့် ဟတ်ဒါဖီးလ် (စနေည ၁၂းဝ၀ နာရီ)

ဟတ်ဒါဖီးလ်က ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အောက်ခြေရောက်နေပြီး တန်းမဆင်းရဖို့အတွက် အသည်းအသန် ရုန်းကန်ရမယ့်အသင်းပါ။ ဘရစ္စတိုးလ်က လိဂ်ချန်ပီယံရှစ် ဇယားအလယ်မှာရပ်တည်နေပြီး ဖိအားကင်းပါတယ်။ ဘရစ္စတိုးလ်ပဲကြိုက်တယ်။

 

ဘလက်ပူးလ် နှင့် အာဆင်နယ် (စနေည ၁၂းဝ၀ နာရီ)

ဘလက်ပူးလ်က League One မှာ အဆင့် (၈)နေရာ ရောက်နေတယ်။ အမှတ်ပေးဇယားထိပ်ပိုင်းကနေ ရလဒ်ဆိုးတွေ ကြောင့် အဆင့်ကျလာတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာတောင် ရှုံးပွဲဆက်နေတာ တွေ့ရတယ်။ အသင်းငယ်တွေနဲ့ပွဲတွေမှာ နိုင်ပွဲပုံမှန်ယူနိုင်တဲ့ အာဆင်နယ်အတွက် အခက်အခဲမရှိပါဘူး။

အခြားပွဲစဉ်များ

ရှက်ဖီးဝင်းစ်ဒေး    -    လူတန်

ဘော်လ်တန်    -    ဝဲဆောလ်

ဖလိဝုဒ်    -    ဝင်ဘယ်လ်ဒန်

မစ်ဒယ်ဘရော့    -    ပီတာဘရော့

အက်ကရင်တန်    -    အစ်ဝစ်ချ်

နောဝစ်ချ်    -    ပို့စ်မောက်

Most Read

Most Recent