ယုံကြည်ချက်အမှားနှင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်

ယုံကြည်ချက်အမှားနှင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်
Published 4 January 2019

လူသားတို့သည် လူမှုရေးအင်အားစုများထံမှ ဖိအားများကြောင့် မှားယွင်းသည့် စံတန်ဖိုးများကို လက်ခံအတည်ပြုထားပြီး မိမိတို့၏ မွေးရာပါလွတ်လပ်ခွင့်ကို အဆုံးရှုံးခံလိုက်သည့် အနေအထားတစ်ရပ်၌ ရှိတတ်ကြသည်။ ယင်းကို ဖြစ်တည်မှုပဓာနဝါဒီ တွေးခေါ်ရှင်များဖြစ်ကြသော ယန်းပေါဆတ်နှင့် စီမွန်ဒီဘူးဗွားတို့က ယုံကြည်ချက်အမှား (Bad Faith) ဟု ခေါ်ဆိုသည်။ ယင်းကဲ့သို့သော လူသားများသည် မိမိအစစ်အမှန်မဟုတ်ဘဲ လူအတုများကဲ့သို့ ပြုမူကြလေသည်။ ယင်းသည် မိမိကိုယ်ကိုယ်လိမ်လည်လှည့်ဖြားခြင်း သဘောတရား၊ ဘဝကို အလိုမကျခြင်းသဘောတရားတို့နှင့် ဆက်နွှယ်နေသည်။

ဖြစ်တည်မှုပဓာနဝါဒ၏ အရေးကြီးသော အဆိုတစ်ရပ်မှာ တစ်သီးပုဂ္ဂလလူသားများ၌ ရွေးချယ်မှုများပြုလုပ်ရန်နှင့် မိမိတို့ကိုယ်တိုင် ရွေးချယ်ထားသော ရည်မှန်းချက်ပန်းတိုင် သို့မဟုတ် စီမံချက်အတိုင်း မိမိတို့၏ဘဝကို လမ်းညွှန်ရန် အမြဲတမ်း လွတ်လပ်ခွင့်ရှိသည်ဟူ၍ ဖြစ်သည်။ လွှမ်းမိုးကြီးစိုးထားသော အခြေအနေရပ်များအောက်၌ပင်လျှင် တစ်သီးပုဂ္ဂလလူသားများသည် ယင်းကဲ့သို့သော လွတ်လပ်ခွင့်မှနေ၍ လွတ်မြောက်နိုင်ခြင်းမရှိဟု ဆိုသည်။ ဥပမာအားဖြင့် ဘုရင်တစ်ဦး၏ ကိုလိုနီပြုခြင်းခံရသော သားကောင်များ၌ပင်လျှင် အုပ်စိုးမှုကို နာခံရန်၊ စေ့စပ်ညှိနှိုင်းရန်၊ မိမိကိုယ်ကိုယ် သတ်သေရန်၊ အကြမ်းမဖက်သောနည်းဖြင့် အာခံရန် သို့မဟုတ် တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ရန် အစရှိသော ရွေးချယ်စရာများ ပိုင်ဆိုင်သည်ဟု ဆိုသည်။

ပြင်ပအခြေအနေရပ်များက တစ်သီးပုဂ္ဂလလူသားကို ကန့်သတ်မှု ပြုလုပ်နိုင်သော်လည်း ယင်းတို့သည် လူတစ်ဦးအား အခြားသူများ ချမှတ်ခဲ့သည့် လမ်းကြောင်းများအတိုင်း လိုက်နာရန် အတင်းအကျပ်မပြုနိုင်ဟု ဆိုသည်။ ၎င်းအမြင်အရဆိုလျှင် တစ်သီးပုဂ္ဂလ လူသားသည် ရွေးချယ်ပိုင်ခွင့်အချို့ရှိနေဆဲ ဖြစ်သည်။ ယင်းအကြောင်းတရားအရ တစ်သီးပုဂ္ဂလလူသားသည် မချိတင်ကဲဝေဒနာဖြင့် ရွေးချယ်မှု ပြုရခြင်းဖြစ်သည်။ ယင်း၌ လူသားသည် မိမိအနေဖြင့် ရွေးချယ်မှုတစ်ခု ပြုလုပ်ရမည်ကိုလည်းကောင်း၊ ယင်းရွေးချယ်မှု၏ အကျိုးဆက်များကို လက်ခံရမည်ကိုလည်းကောင်း သိရှိပြီးဖြစ်သည်။ သိမှုဆိုင်ရာဖြစ်နိုင်ခြေအများအပြားထဲမှ တစ်ခုမှာ ငြင်းပယ်၍မရသော ကြိုတင်ပြဋ္ဌာန်းထားမှု (ဥပမာ - ငါ့မိသားစုကို ထောက်ပံ့ရဦးမှာမို့ ငါအသက်မစွန့်နိုင်ဘူး) ကို လက်ခံခြင်းသည် ကမ္ဘာလောက၌ လွတ်လပ်သော လူသားတစ်ဦးမဟုတ်ဘဲ အပြုခံတစ်ဦး၏ အခန်းကဏ္ဍဟု ယူဆကြောင်း၊ သနားဖွယ်ရာ အနေအထားနှင့် ကြုံတွေ့ရမှုသာဖြစ်ကြောင်း ယန်းပေါဆတ်က ဆိုသည်။ ယင်းကဲ့သို့ သဘောထားသည် မိမိကိုယ်မိမိ လှည့်စားခြင်းသာဖြစ်သည်ဟု ယန်းပေါဆတ်က ယူဆသည်။

လူသား၏ ဖြစ်တည်မှုသည် အနှစ်သာရထက် အရင်ကျသည်ဟု ဖြစ်တည်မှုပဓာန ၀ါဒီများက ခံယူသည်။ ကုလားထိုင်တစ်လုံးသည် ဖြစ်တည်မလာမီကတည်းက လက်သမားဆရာ၏ စိတ်ထဲ၌ ကုလားထိုင်တစ်လုံး၏ လက္ခဏာရပ်များ ရှိထားနှင့်ပြီးဖြစ်သည်။ ကုလားထိုင်တစ်လုံးအတွက် ကြိုတင်သတ်မှတ် ပြဋ္ဌာန်းထားချက်များ ရှိနှင့်ပြီးဖြစ်သည်။ သို့သော် လူသည်ကား ထိုကဲ့သို့မဟုတ်။ မည်သူမျှ ဆရာဝန်တစ်ဦး သို့မဟုတ် ကျောင်းဆရာတစ်ဦးဟူ၍ မွေးဖွားလာသည်မဟုတ်ပေ။ မိမိတို့ကိုယ်တိုင်၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အရ ဆရာဝန် သို့မဟုတ် ကျောင်းဆရာဟူ၍ ဖြစ်လာခြင်းဖြစ်သည်။ မည်သည့် အနေအထားကမျှ တစ်မျိုးတည်းသော တုံ့ပြန်မှုကို ပြုရမည်ဟူ၍ ပုံသေသတ်မှတ်ပြဋ္ဌာန်းနိုင်ခြင်းမရှိသောကြောင့် လူသားတို့သည် အနေအထားတစ်ရပ်ကို ရွေးချယ်ပိုင်ခွင့်အရ တုံ့ပြန်စရာနည်းလမ်းပေါင်းများစွာရှိကြောင်း သိရှိရမည်ဟု ဆိုသည်။ ယင်းသဘော သဘာဝ၏ ပြင်ပ၌ရှိသော လူမှုရေးဆိုင်ရာ အခန်းကဏ္ဍများနှင့် စံတန်ဖိုးစနစ်များအား လက်ခံလိုက်ခြင်းအားဖြင့် မိမိတို့အနေဖြင့် ယင်းရွေးချယ်ခွင့်များကို ငြင်းပယ်လိုက်ရပြီဟု လူတို့က ဟန်ဆောင်တတ်ကြသည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ လူသားတိုင်း၌ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပြီး ယင်းနှင့်အတူ တာဝန်ယူရမှုက ကပ်လျက်သား လိုက်ပါလာမည်ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent