Eleven Media Group ၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားတွင် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်၏ ပြောကြားချက်

Eleven Media Group ၏ ရုံးသစ်ဖွင့်ပွဲ အခမ်းအနားတွင် မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာသိန်းမြင့်၏ ပြောကြားချက်
Published 3 January 2019

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

ကျွန်တော်တို့ အခုလုပ်တဲ့ ဧည့်ခံပွဲကတော့ Eleven Media Group ရဲ့ ရုံးခန်းသစ် အဆောက်အအုံ ဖွင့်လှစ်ပွဲနဲ့ Eleven Media Group ကို ဆက်လက်ဦးဆောင်မယ့် မျိုးဆက်သစ်တွေကို မိတ်ဆက်ပေးမယ့်ပွဲပဲ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာ First Eleven အားကစားဂျာနယ်နဲ့ စတင်ခဲ့တဲ့ Eleven Media Group ဟာ သက်တမ်း ၁၉ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ မီဒီယာသက်တမ်းတစ်လျှောက် အခက်အခဲပေါင်းစုံ ကြုံတွေ့ခဲ့ရပြီး ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ သုံးနှစ်တာ ကာလကတော့ အခက်အခဲဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

Eleven Media Group ဟာ မီဒီယာလုပ်ငန်းကရရှိတဲ့ ငွေကြေးနဲ့ သီးသန့်ရပ်တည်ခဲ့တာဖြစ်ပြီး မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းရဲ့ ထောက်ပံ့မှု မရှိဘူးဆိုတာ ပြောလိုပါတယ်။ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း အခွန်မှန်မှန်ဆောင်ခဲ့သလို နိုင်ငံတော်အတွင်း သဘာဝဘေး အန္တရာယ်တွေ ကြုံတွေ့တဲ့ အခါမှာလည်း အားတက်သရော ပါဝင်ကူညီ လုပ်ဆောင်ပေးခဲ့တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အခုလို ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံ တည်ဆောက်တဲ့ အခါမှာလည်း ကိုယ်ပိုင်ငွေကြေးနဲ့သာ ရပ်တည်ခဲ့သာဖြစ်ပြီး အကြွေးနဲ့ ချေးငွေမရှိကြောင်း ပြောလိုပါတယ်။ Eleven Media Group ရဲ့ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်ဟာ မီဒီယာ လုပ်ငန်းကို Chairman အဖြစ်နဲ့သာ ဆက်ရှိနေမှာဖြစ်ပြီး CEO ရာထူးမှာ မရှိတော့ပါဘူး။ အဲဒီလစ်လပ်နေတဲ့ CEO ရာထူးကို ဒေါက်တာသန်းထွဋ်အောင်ရဲ့သားဖြစ်တဲ့ ကိုမင်းသော်ထွဋ်က ၂၀၂၀ ခုနှစ်အလွန်မှာ တာဝန်ယူပြီး Eleven Media Group ကိုဆက်လက် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ အခုတော့သူဟာ Eleven Media Group မှာ အလုပ်သင်အဖြစ် ရှိနေပါတယ်။

ဆက်လက်ပြီး ကျွန်တော်စောစောက ပြောပြထားတဲ့အတိုင်း Eleven Media Group ကို ရှေ့ဆက်ဦးဆောင်မယ့် မျိုးဆက်သစ်တွေကို တစ်ဦးချင်း မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး မိတ်ဆက်ပေးမှာကတော့

(၁) မစိမ့်လဲ့လဲ့နွယ် ဖြစ်ပါတယ်။ သူမ Eleven Media Group ကို စတင်ရောက်ရှိစဉ်က အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးပြီး အခုဆိုရင် လုပ်သက် ၁၃ နှစ်ကျော်ရှိပြီဖြစ်ပါတယ်။ HR Admin ဌာနတစ်ခုလုံးကို Senior Manager တစ်ဦးအဖြစ် ကိုင်တွယ်နေသူ ဖြစ်ပါတယ်။ Eleven Media Group တစ်ခုလုံးရဲ့ ရုံးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုများကိုလည်း အဓိက ကိုင်တွယ်နေသူဖြစ်ပါတယ်။

(၂) နောက်ထပ်ထပ်မံ မိတ်ဆက်ပေးမှာကတော့ မပြည့်ပြည့်ဖြိုး ဖြစ်ပါတယ်။ သူမက Eleven Media Group ကိုရောက်ရှိတဲ့ အချိန်မှာ ၁၈ နှစ်အရွယ်သာ ရှိသေးပြီး ယခုချိန်မှာဆိုရင် တာဝန်ထမ်းဆောင်သည့် လုပ်သက် ၁၂ နှစ်ရှိနေပါပြီ။ သူမက Eleven Media Group မှာရှိတဲ့ Procurement & Logistics ဌာနရဲ့ DGM တစ်ဦးဖြစ်ပါတယ်။

(၃) နောက်ထပ်မိတ်ဆက်ပေးမယ့်သူကတော့ ဦးအောင်မျိုးသူ ဖြစ်ပါတယ်။ သူက Eleven Media Group ကို စတင်ရောက်ရှိစဉ်ကစပြီး International သတင်းတွေကို မြန်မာပြန်ပြီးတော့ International ဌာနမှာ လုပ်ဆောင်နေသူဖြစ်ပါတယ်။ ယခုဆိုရင် Digital အွန်လိုင်းမီဒိယာရဲ့ Editor Incharge တစ်ဦးဖြစ်ပါတယ်။

(၄) ယခုမိတ်ဆက်ပေးမှာကတော့ Project ဒါရိုက်တာ ဒေါ်အေးကျော့မွန် ဖြစ်ပါတယ်။ သူမဟာ Eleven Media Group ကိုရောက်ရှိတာ နှစ်နှစ်ရှိပြီး ကြော်ငြာဌာနကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ သူမဟာ Marketing နဲ့ပတ်သက်လို့ နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိပြီးတော့ နယ်ပယ်ပေါင်းစုံနဲ့ ကြော်ငြာဌာနနဲ့ ပတ်သတ်လို့ အလွန်အားကိုးရသူတစ်ဦးဖြစ်ပါတယ်။

(၅) အခုတစ်ခါ မိတ်ဆက်ပေးမယ့်သူကတော့ မကြည်ဖြိုးဖြိုးမြင့်ချို ဖြစ်ပါတယ်။ သူမက ကျွန်တော်ရဲ့ အငယ်ဆုံးသမီးဖြစ်ပြီး Eleven Media Group ရဲ့ အမှုဆောင် ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ Thailand Campus မှာရှိတဲ့ WEB-STER Campus တက္ကသိုလ်မှ Media Communication တက်ရောက်ခဲ့သူ ဖြစ်ပါပြီး အမေရိကန်နိုင်ငံ SAINT LEWIS မှာရှိတဲ့ WEBSTER University မှာလည်း Seminar တချို့ကို သွားရောက်တက်ခဲ့ပါတယ်။ သူမကတော့ အခု အသက် ၂၅ နှစ်ရှိပါပြီ။

(၆) ယခုဆက်လက် မိတ်ဆက်ပေးမယ့် သူကတော့ ဦးမြတ်ထွဋ်ဝင်း ဖြစ်ပါတယ်။ သူဟာ ၂၀၀၁ ခုနှစ်မှာ အားကစားဌာနမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ အခု First Eleven Sports Journal နဲ့ Premier Eleven Sports Journal နှစ်စောင်စလုံးမှာ အယ်ဒီတာချုပ် တာဝန်တွေကို နိုင်နင်းပိုင်နိုင်စွာ ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

(၇) ယခုတစ်ခါ မိတ်ဆက်ပေးမယ့်သူကတော့ ဦးကျော်ဇောလင်း ဖြစ်ပါတယ်။ ဦးကျော်ဇောလင်းက Eleven Media Group မှာ စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုဆိုရင် လုပ်သက် ၁၆ နှစ်ရှိပြီ ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ Weekly Eleven ဂျာနယ်နဲ့ Daily Eleven နေ့စဉ်ထုတ် သတင်းစာတို့မှာ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

(၈) အခုမိတ်ဆက်ပေးမယ့်သူကတော့ ဦးဝေဖြိုး ဖြစ်ပါတယ်။ သူဟာ Eleven Media Group ကို စတင် တည်ထောင်စဉ်က ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး သူက Eleven Media Group ကို touf ၁၇ နှစ်မှာ စတင်ရောက်ရှိပါတယ်။ အခုဆိုရင် Eleven Media Group ရဲ့ Policy ဒါရိုက်တာတစ်ဦး ဖြစ်သလို Eleven Broadcasting ဌာန အယ်ဒီတာချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။

(၉) နောက်ဆုံးအနေနဲ့ မိတ်ဆက်မယ့် သူကတော့ ကိုမင်းသော်ထွဋ် ဖြစ်ပါတယ်။ ကိုမင်းသော်ထွဋ်ဟာ Chairman ဒေါက်တာသန်းထွဋ်အောင်၏ သားဖြစ်ပြီး Eleven Media Group စတင်တည်ထောင်စဉ်က အသက်သုံးနှစ်အရွယ်ပဲ ရှိပါသေးတယ်။ အခုတော့သူဟာ ၂၁ နှစ်ရှိပြီး အမေရိကန်နိုင်ငံမှာရှိတဲ့ University of Pennsylvania (U PEN) မှာ Political Science ဘာသာရပ်နဲ့ ပညာသင်ကြားနေပါတယ်။ ၂၀၁၉ ခုနှစ်မှာ အဲဒီတက္ကသိုလ်က နိုင်ငံရေးသိပ္ပံဘွဲ့ကို Honours နဲ့ဘွဲ့ရယူနိုင်မှာ ဖြစ်ပါတယ်။  University of Pennsylvania ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တွေဖြစ်တဲ့ Ivy League ထဲမှာပါဝင်ပြီး ပညာထူးချွန်သူတွေသာ တက်ရောက်ခွင့်ရတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် ထင်ရှားသူများဟာ အဲဒီတက္ကသိုလ် ကျောင်းဆင်းတွေလည်း ဖြစ်ပါတယ်။

ကျွန်တော်အခု မိတ်ဆက်ပေးခဲ့တဲ့ သူတွေကတော့ Eleven Media Group ရဲ့ New Generation တွေဖြစ်ပြီး ၂၀၂၀ အလွန်မှာ EMG ကိုဆက်လက် စီမံအုပ်ချုပ် သွားမှာဖြစ်ပြီး ဒေါက်တာသန်းထွဋ်အောင်နဲ့ ကျွန်တော်ကတော့ BOD မှာပဲရှိနေမှာ ဖြစ်ပါတယ်။

Most Read

Most Recent